backup og meta

ဒေါသ​ကြောင့် ထိခိုက်လာနိုင်တဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒေါသ​ကြောင့် ထိခိုက်လာနိုင်တဲ့ ကျန်းမာရေး

    ဒေါသတွေထွက်လာတိုင်း ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ။ အကြောင်းကတော့ ဒေါသအလျောက်လုပ်မိတဲ့ အပြုအမူက လူမှုဆက်ဆံရေးမှာ ထိခိုက်စေနိုင်တာကြောင့်ပါ။ ဖြစ်နိုင်ရင်တော့ ဒေါမဖြစ်တာက အကောင်းဆုံးပေါ့။ အကြောင်းကတော့ ဒေါသအလျောက်ပြုမူတာကြောင့် လူမှုဆက်ဆံရေးမှာတင် ထိခိုက်တာမဟုတ်ဘဲ ခန္ဓာကိုယ်မှာပါ ထိခိုက်တာတွေရှိလာနိုင်တာကြောင့်ပါ။

    ဒေါသကြောင့် ထိခိုက်လာနိုင်တဲ့ ကျန်းမာရေး……………..

    ဒေါထွက်တယ်ဆိုတာက စကားအနေနဲ့ပြောတာပဲကောင်းပါတယ်။ တကယ်ကိုဒေါသထွက်လာတဲ့အခါဆက်ဆံရေးတင်ထိခိုက်တာမဟုတ်ဘဲ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

    ဒေါသထွက်တာက နှလုံးထိခိုက်စေနိုင်တယ် 

    ဒေါသထွက်လာတဲ့အခါ နှလုံးခုန်မြန်လာတာကို သတိထားမိရဲ့လား။ ဒေါသထွက်တာက နှလုံးခုန်နှုန်းကိုတင် မြန်စေတာမဟုတ်ပါဘူး။ ဒေါသထွက်တာက နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တာပါ။ မြောက်ကယ်လ်ရိုလိုင်းနားတက္ကသိုလ်တစ်ခုကပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ၂ နာရီကြာဒေါသထွက်တာက ရုတ်တရက်နှလုံးရပ်တန့်နိုင်ခြေကို ပုံမှန်ထက် ၂ ဆ တိုးစေနိုင်တယ်၊ လို့ဆိုပါတယ်။ ဒေါသထွက်တာက တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒေါသထွက်တဲ့အခါ ချက်ချင်းဖြေရှင်းဖို့လုပ်ပါ။ တနုံ့နုံ့တွေးပြီးဒေါသမထွက်ပါနဲ့။ တနုံ့နုံ့တွေးနေတာက နှလုံးထိခိုက်နိုင်ခြေပိုများစေနိုင်တာကြောင့်ပါ။

    ဒေါသထွက်တာက လေဖြတ်စေနိုင်တယ်

    ဒေါသထွက်တာက ဦးနှောက်တွင်းမှာ သွေးခဲနိုင်ခြေမြင့်စေသလို ဦးနှောက်သွေးယိုစီးနိုင်ခြေကို ပုံမှန်ထက်ပိုများစေနိုင်ပါတယ်။ ဒေါသထွက်တာက ပုံမှန်ထက် လေဖြတ်နိုင်ခြေကို ၃ ဆပိုများစေနိုင်ပါတယ်။ ဒါကြောင့် ဒေါသထွက်လာတဲ့အခါ အသက်ကိုမှန်မှန်ရှုပေးပြီး စိတ်ကိုပြေလျော့အောင်လုပ်ပေးပါ။ ဒေါသထွက်စေတဲ့ ပတ်ဝန်းကျင်နဲ့ နည်းနည်းဝေးဝေးကို ထထွက်သွားတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက စိတ်တို ဒေါသဖြစ်တာကြောင့် လေဖြတ်နိုင်ခြေကို လျော့ကျအောင်လုပ်ပေးမယ့်နည်းလမ်းပါ။

    ဒေါသထွက်တာက ကိုယ်ခံအားနည်းစေနိုင်တယ်

    ဒေါသကြီးသူတွေက မကြာခဏဆိုသလို ဖျားနာတတ်ကြပါတယ်။ လေ့လာမှုအရ ဒေါသထွက်တာက ဒေါသဖြစ်ပြီး ၆ နာရီအကြာမှာ ကိုယ်တွင်းက ရောဂါတွေကိုတိုက်ထုတ်ပေးတဲ့ ပဋိပစ္စည်းတွေကို ကျဆင်းစေပြိး ခန္ဓာကိုယ်ရဲ့ ရောဂါခုခံနိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းမှာ ကျန်းမာနေစေဖို့ဆိုရင် ဒေါသကိုထိန်းပေးပါ။

    ဒေါသထွက်တာက စိတ်ဖိစီးမှုကို ပိုဆိုးစေတယ်

    ဒေါသထွက်တာနဲ့ စိတ်ဖိစီးတာက ခွဲလို့မရအောင် ဆက်စပ်နေတာပါ။ ဒေါသထွက်လာတဲ့ခါ လူက အလိုလိုစိတ်ဖိစီးလာပါတယ်။ ဒီအခြေအနေကပဲ အိပ်ရေးပျက်တာ၊ စိုးရိမ်စိတ်မြင့်တက်စေတာ၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့ခက်တာတွေဖြစ်လာစေပါတယ်။ ဒါကြောင့် ဆီးချိုဖြစ်တာ၊ နှလုံးထိခိုက်တာတွေ မဖြစ်စေဖို့ ဒေါသမထွက်အောင် တတ်နိုင်သမျှဂရုစိုက်စေချင်ပါတယ်။

    ဒေါသထွက်တာက စိတ်ဓာတ်ကျစေနိုင်တယ်

    ဒေါသထွက်တာက စိတ်ဓာတ်ကျစေနိုင်ပါတယ်။ ဒေါသထွက်လာတဲ့အခါ အတွေးတွေကို မရပ်မနားနိုင်အောင်တွေးရင်းက စိတ်ဖိစီးမှုတွေဖြစ်လာပြီး နောက်ဆုံးမှာတော့ စိတ်ဓာတ်ကျတဲ့ ပြဿနာက ဆက်လိုက်လာပါတယ်။ စိတ်ဓာတ်ကျတဲ့အခါ တီထွင်ဖန်တီးနိုင်စွမ်းကျဆင်းသွားသလို လူမှုဆက်ဆံရေးပိုင်း မှာပါအားနည်းမှုတွေဖြစ်လာရပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းတွေပါကျဆင်းလာမှုက ရေရှည်မှာ ထိခိုက်လာနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးပါ။

    ဒေါသထွက်တာက အဆုတ်ကိုထိခိုက်စေနိုင်တယ်

    ဆေးလိပ်မသောက်ပါဘဲနဲ့ အဆုတ်ထိခိုက်နေတယ်ဆိုရင်တော့ တဆင့်ခံဆေးလိပ်ငွေ့ကြောင့်ဖြစ်နိုင်သလို နောက်ထပ်ဖြစ်နိုင်တဲ့အချက်တစ်ခုက ဒေါသကြီးတတ်လို့ပါ။ ၈ နှစ်ကြာပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ဒေါသထွက်တာက အဆုတ်ရဲ့ ပုံမှန်လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တယ်လို့ဆိုပါတယ်။ ဒေါသကြီးတဲ့သူတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာခံစားရတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒေါသထွက်တဲ့အခါ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေထွက်ရှိလာပါတယ်။ ဒီဟော်မုန်းတွေက လေပြွန်တွေကိုရောင်ရမ်းစေပြီး အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ဒေါသထွက်တာက အသက်တိုစေနိုင်တယ်

    အသက်ရှည်ရှည်နေချင်ရင် ဒေါသကိုလျှော့ပါလို့ ပြောပါရစေ။ အကြောင်းကတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေက အခြားသူတွေထက် အသက်ပိုရှည်တာကြောင့်ပါ။ ဒေါသထွက်ပိုင်ခွင့်က လူတိုင်းမှာရှိတဲ့ အခွင့်အရေးဆိုပေမယ့် ချစ်ရတဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သက်ဆုံးတိုင်နေချင်ရင်တော့ ဒေါသကို မဖြစ်မနေလျှော့ဖို့လိုမှာပါ။

    သက်ရှည်ကျန်းမာဖို့ အခုကစပြီး ဒေါသကိုလျှော့ကြဖို့ တိုက်တွန်းပါရစေနော်………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement