backup og meta

ဆေးခန်းပြရာဝယ် (၂)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးခန်းပြရာဝယ် (၂)

    ဆေးခန်းပြရာဝယ် (၂)

    ၄။ ဆေးခန်းသွားရင် ဘာတွေ ယူသွားရမလဲ။

    လူနာတယောက်ကို ကုသတဲ့အခါ ရောဂါရာဇဝင်က အရေးကြီးသလို ဓါတ်ခွဲစမ်းသပ်မှုအဖြေတွေဟာလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် ဆေးခန်းသွားတဲ့အခါ အရင်အခေါက်တွေက ပြဖူးတဲ့ ဆေးစာအုပ်တွေ၊ဓါတ်မှန်ရိုက်ထားတာ၊သွေးစစ်ထားတာ၊Ultrasound (အရပ်အခေါ် တယ်လီဗေးရှင်းဓါတ်မှန်)ရိုက်ထားတာတွေကို ပြည့်ပြည့်စုံစုံ ယူသွားဖို့ လိုပါတယ်။ ဒါမှ ဆရာဝန်တောင်းတဲ့အခါ အဆင်သင့် အလွယ်တကူ ပြနိုင်မှာဖြစ်တဲ့အပြင် ကုသပေးသူ ဆရာဝန်အနေနဲ့လည်း ရောဂါအကြောင်းကို ပိုမိုပြီး လွယ်လင့်တကူ အကဲခတ်နိုင်မှာပဲ ဖြစ်ပါတယ်။

    ၅။ ဆရာဝန်ကို ဘာတွေမေးရမလဲ၊ဘာတွေပြောပြရမလဲ။

    ဒီနေရာမှာ သိထားသင့်တဲ့အချက်က ကိုယ့်အတွက်တော့ ဆရာဝန်တယောက်တည်းနဲ့ အလုပ်လုပ်နေရတာ ဖြစ်ပေမယ့် ဆရာဝန်ကတော့ လူနာအများနဲ့ အလုပ်လုပ်နေရတာပါ။ ဒါကြောင့် မိမိ(လူနာ)အတွက်လည်း အရေးကြီး၊ဆရာဝန်အတွက်လည်း (ရောဂါဖော်ထုတ်ကုသရာမှာ) အရေးပါတဲ့ အချက်လေးတွေကိုပဲ လိုတိုရှင်း ပြောဆိုမေးမြန်းဆွေးနွေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အရေးမကြီးတဲ့အချက်တွေကို ပြောပြီး အချိန်ဖြုန်းမယ်ဆိုရင် အပြင်မှာ ကိုယ့်လိုပဲ စောင့်နေရတဲ့ လူနာတွေအတွက် စောင့်ဆိုင်းချိန်ပိုကြာပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်လည်း အကြာကြီးမစောင့်ချင်သလို တခြားလူတွေလည်း စောင့်ချင်မှာ မဟုတ်ပါဘူး။ လူတယောက်ကို တမိနစ်စီ အရေးမကြီးတဲ့ စကားတွေ ပြောမယ်ဆိုရင် တိုကင်နံပါတ်၃၁က လူနာခမျာ နာရီဝက်တိတိ အပိုစောင့်ရပါလိမ့်မယ်။

    ဒါကြောင့် ပထမဆုံးကိုယ်ချင်းစာသင့်တဲ့အချက်က မလိုအပ်တဲ့ စကားတွေကို မပြောသင့်ပါဘူး။

    ယေဘုယျအားဖြင့် မတည့်တဲ့ဆေး၊စွဲသောက်နေရတဲ့ ဆေးတွေကို အထူးတလည် မေးမြန်းဖို့ ဆေးကျောင်းမှာ သင်ကြားကတည်းက လေ့ကျင့်ပြီးသား ဖြစ်တာမို့ ဒီမေးခွန်းဟာ ဆေးခန်းသွားပြီဆိုတာနဲ့ သင်ကြားရမယ့် မေးခွန်းပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်က မမေးဖူးဆိုရင် သင့်အနေနဲ့ ပြောပြသင့်ပါတယ်။ ကိုယ်ဟာ ဘယ်လို သောက်ဆေး၊ထိုးဆေးတွေနဲ့ မတည့်ဘူး၊ဘယ်လို ဓါတ်မတည့်တာတွေဖြစ်ဖူးတယ်၊စွဲသောက်နေတဲ့ မြန်မာဆေး၊အင်္ဂလိပ်ဆေးတွေကတော့ဖြင့် ဘာတွေရှိတယ် စသဖြင့် ပြောပြပါ။ ဒါတွေ ပြောပြလို့မှ လျှာရှည်တယ်၊အရစ်ရှည်တယ်ဆိုပြီး ဆရာဝန်က သင့်ကိုဟောက်ရင်တော့ ဒီဆရာဝန်နဲ့ ဘယ်တော့မှ ထပ်မပြပါနဲ့တော့။ ဒီအချက်ဟာ အရေးတကြီး မေးကိုမေးရမယ့်အချက်ဖြစ်ပါတယ်။ ကံမကောင်းရင် အသက်ပါ ပါသွားနိုင်တဲ့ ကိစ္စမို့ပါပဲ။

    သင့်အိမ်က မိသားစုတွေထဲမှာတောင် သွက်တဲ့သူရှိတယ်၊အေးတိအေးစက်နဲ့ စကားနည်းတဲ့သူရှိတယ်၊စကားပြောရင် မှုန်ကုပ်ကုပ်နဲ့ ခပ်ပြတ်ပြတ်ပြောတတ်သူရှိတယ် စသဖြင့် လူအမျိုးမျိုး စိတ်အထွေထွေ ရှိတတ်ပါတယ်။ ဆရာဝန်တွေမှာလည်း ဒီလိုပါပဲ။ တချို့ ဆရာဝန်တွေဟာ အပြောအဆိုငြိမ့်ညောင်းသက်သာပြီး သူ့စကားလေးတွေနဲ့တင် ရောဂါတဝက် သက်သာသွားသလား ထင်ရလောက်အောင် အမေတန်အမေ၊ဦးလေးတန်ဦးလေး၊သားသားတန် သားသား စသဖြင့် ပျူပျူငှာငှာ ဆက်ဆံတတ်သူတွေရှိသလို စကားနည်းတဲ့၊အပေါက်ဆိုးတဲ့ ဆရာဝန်တွေလည်း ရှိမှာ အသေအချာပါပဲ။ ဘယ်လိုမျိုးပဲဖြစ်ဖြစ် ကိုယ့်ရောဂါနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ထောင့်စေ့စေ့ သိရှိအောင်မေးပါ။ အခု ခံစားနေရတဲ့ ရောဂါဟာ ဘာလို့ဖြစ်ရတာလဲ၊ဘာတွေများ လုပ်မိလို့လဲ၊အရှင်းရောပျောက်မှာလား၊နာတာရှည်ဆေးစွဲသောက်သွားရမှာလား၊ဒီရောဂါမျိုး နောက်ထပ်မဖြစ်အောင် ဘယ်လို စားသောက်နေထိုင်ကျင့်ကြံရမလဲ၊တခြားသူတွေကိုရော ကူးနိုင်လား၊ကူးနိုင်တယ်ဆိုရင် အဲ့ဒီလို မကူးအောင် ဘယ်လိုနေထိုင်ပြုမူရမလဲ၊ဆေးသောက်တဲ့အခါ အစာရှိမှ သောက်ရမှာလား၊အစာမစားခင် သောက်ရမှာလား၊အစာနဲ့ ဘယ်နှနာရီခြားပြီးသောက်ရမှာလဲ၊နွားနို့တို့၊ကော်ဖီတို့နဲ့ရော ဆေးသောက်လို့ရလား၊ညအိပ်ယာဝင်ခါနီးမှ သောက်ရမှာလား၊ဒီဆေးတွေသောက်နေတုန်းမှာ ဘယ်လို ဆေးတွေ၊ဖြည့်စွက်အားဆေးတွေကို မသုံးစွဲသင့်ဘူးလဲ စသဖြင့် အရေးကြီးတဲ့ အချက်တွေကို အားမနာစတမ်း မေးမြန်းပါ။ အားမနာစတမ်းဆိုပေမယ့် လူမှုဆက်ဆံရေးမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် စကားလုံး အသုံးအနှုန်းတွေ၊ဟန်ပန်အမူအရာတွေနဲ့ မေးမြန်းဖို့တော့ လိုအပ်ပါတယ်။

    အမျိုးသမီးများ – မိန်းကလေးငယ်တွေဆိုရင် အပျိုဖော်ဝင်မဝင်၊အရွယ်ရောက်ပြီးသူတွေဆိုရင် ရာသီထိန်ခြင်း၊နည်းခြင်း၊များခြင်း၊ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း ရှိမရှိ စတဲ့အချက်တွေ၊အိမ်ထောင်သည်တွေမှာဆိုရင် တားဆေးသုံးမသုံး၊သုံးရင်လည်း ဘယ်လိုအမျိုးအစားတားဆေးကို သုံးတယ် စသဖြင့် ဆရာဝန်ကို မရှက်မကြောက် ပွင့်ပွင့်လင်းလင်း ပြောပြဖို့လိုပါလိမ့်မယ်။

    ၆။ ဆေးအတင်းမထိုးခိုင်းပါနဲ့။

    ဆေးထိုးတယ်ဆိုတာ မိမိရဲ့ ခန္ဓါကိုယ်ထဲကို သွေးပြန်ကြောတွေမှတဆင့် ဒါမှမဟုတ် ကြွက်သားတွေအတွင်းမှတဆင့် ဓါတုဗေဒဆေးရည်တွေကို ထိုးထည့်တာပါ။ ဒီဆေးတွေဟာ သောက်ဆေးထက် အာနိသင် ပိုမိုလျင်မြန်စွာ ရရှိနိုင်တာမို့ အမှန်တကယ် လိုအပ်တဲ့အချိန်မှာ အသုံးပြုမယ်ဆိုရင် အထူး အကျိုးရှိသလို မလိုအပ်ဘဲ ထိုးမယ်ဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ဓါတ်မတည့်ခြင်း စသည် ဖြစ်ပေါ်မယ်ဆိုရင် အသက်အန္တရာယ်ကို ချက်ချင်း ထိခိုက်စေနိုင်ပါတယ်။ တချို့ဆိုရင် တလနှစ်ခါလောက် အကြောဆေးလေးထိုးလိုက်ရမှ လန်းသွားတယ်၊ပေါ့ပြီး နေသာထိုင်သာရှိသွားတယ် စသဖြင့် ယူဆပြီး ဆရာဝန်ကို အကြောဆေး အတင်းထိုးခိုင်းတတ်ကြပါတယ်။ ဖျားတယ်နာတယ်ဆိုရင်လည်း ဆေးထိုးမှ မြန်မြန်ပျောက်မယ်လို့ ယူဆပြီး ဆေးထိုးပေးဖို့ ဆရာဝန်ကို အပူကပ်တတ်ကြပါတယ်။ ဒါပေမယ့် အကြောဆေးပဲထိုးထိုး၊အသားဆေးပဲထိုးထိုး အန္တရာယ်က အနည်းနဲ့အများရှိတာမို့ မလိုအပ်ဘဲ ဆေးမထိုးသင့်ပါဘူး။

    အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေကတော့ စာဖတ်ပရိသတ်များ ဆေးခန်းသွားတဲ့အခါ အားလုံးအဆင်ပြေပြေ ချောချောမောမောနဲ့ အထစ်အငေါ့ကင်းစေဖို့၊ကျန်းမာပျော်ရွှင်စေဖို့အတွက် လိုက်နာကျင့်သုံးသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်တွေပဲ ဖြစ်ပါတယ်။ ဆောင်းပါးအမှတ် တစ်မှာ ပြောခဲ့တဲ့အတိုင်း ဆရာဝန်၊လူနာ ဘယ်ဖက်ကမှ မလိုက်ဘဲ အလယ်တည့်တည့်ကနေ တတ်နိုင်သမျှ ဓမ္မဓိဋ္ဌာန်ကျအောင် ကြိုးစားပြီး ရေးသားမျှဝေပေးထားတဲ့အတွက် ဒီဆောင်းပါးလေးကနေ မိတ်ဆွေစာဖတ်ပရိသတ်တွေအတွက် တစုံတရာသော ကောင်းကျိုးကို ရရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement