backup og meta

အကြောဆေး သွင်းကြဦးမလား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကြောဆေး သွင်းကြဦးမလား

    အကြောဆေး သွင်းကြဦးမလား

    ရပ်ကွက်ထဲက၊ရွာထဲက၊လမ်းထဲက ဆေးခန်းတွေမှာ ခေတ်စားတဲ့ အသုံးအနှုန်းတခု ရှိပါတယ်။ ကျွန်တော့်ကို/ကျွန်မကို အကြောဆေးလေးသွင်းပေးပါ၊ပုလင်းချိတ်ပေးပါ၊ဆေးရောင်စုံလေး လွှတ်ပေးပါတဲ့။ ဒါတွေဟာ လူနာပဲဖြစ်ဖြစ်၊ဆရာဝန်ပဲဖြစ်ဖြစ် ရင်းနှီးပြီးသား စကားတွေပါ။ တချို့ဆိုရင် အကြောဆေးလေးများ တလတခါလောက်မှ မ’လွှတ်’လိုက်ရရင် (မသွင်းလိုက်ရရင်) နေမထိထိုင်မသာဖြစ်ပြီး လက်က ကပ်သလိုလို၊ဇက်ကြောက တက်သလိုလို ဖြစ်လာတတ်တယ်လို့လည်း ဆိုပါသေးတယ်။ ဒီအကြောဆေးဆိုတာ ဘာလဲ၊ဘာတွေ ကောင်းကျိုးဆိုးပြစ်ရှိသလဲ၊ဘာလို့ ထိုးကြတာလဲ၊တကယ်ရော ထိုးဖို့ လိုအပ်ရဲ့လား အစရှိတဲ့ မေးခွန်းတွေရဲ့အဖြေကို ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ကြပါစို့။

    အကြောဆေးဆိုတာ ဘာလဲ။

    ဆေးခန်းတွေမှာ ဆေးထိုးတဲ့အခါ အသားဆေးနဲ့ အကြောဆေးဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးရှိပါတယ်(ယေဘုယျလို့ ထည့်ပြောရတာဟာ အကြောလည်းမဟုတ်၊အသားလည်းမဟုတ်တဲ့ နေရာတွေကို ထိုးရတဲ့ ဆေးတွေရှိနေသေးလို့ပါပဲ။ ဒါပေမယ့် ဆေးပညာရှင်မဟုတ်တဲ့ သာမန်ပြည်သူအတွက်တော့ နှစ်မျိုးပဲသိရင် ရပါပြီ)။ လက်မောင်း (ဥပမာ သုံးလခံဆေး)၊ပေါင် (ဥပမာ ကလေးတွေမှာ ထိုးတဲ့ ကာကွယ်ဆေး)၊တင်ပါး(ဥပမာ အကိုက်အခဲပျောက်ဆေး) စတဲ့ ကြွက်သားနေရာတွေကို ထိုးတဲ့ဆေးတွေကို အသားဆေးလို့ အလွယ်ခေါ်ပြီး သွေးပြန်ကြောထဲ (သွေးကြောထဲ) ထိုးထည့်တဲ့ ဆေးတွေကိုတော့ အကြောဆေးလို့ ခေါ်ပါတယ်။ အခုပြောမယ့် အကြောဆေးဆိုတာကတော့ အားဖြစ်တဲ့ အားဆေးလို့ လူနာတွေအထင်ရှိပြီး တမြတ်တနိုး အားကိုးတကြီး ထိုးတတ်တဲ့ ဆေးမျိုးတွေကို ဆိုလိုပါတယ်။

    အကြောဆေးထဲမှာ ဘာတွေပါလဲ။

    ကျွန်တော်တို့ဆရာဝန်တွေကတော့ အကြောဆေးကို ကော့တေးဒရစ် (cocktail drip) လို့ ခေါ်လေ့ရှိပါတယ်။ သိကြတဲ့အတိုင်း cocktail ဆိုတဲ့ အဖျော်ယမကာ သောက်စရာဟာ အရည်အမျိုးမျိုးကို ရောစပ်ပြီး အရောင်အသွေးလှလှပပ ရှိသလို ဒီအကြောဆေးဟာလည်း ဗီတာမင် B1,B6,B12 လို့ခေါ်တဲ့ ဗီတာမင်ဘီဆေးတွေနဲ့ ဂလူးကို့စ်(သကြားရည်)တို့ကို အချိုးကျကျပေါင်းစပ်ပြီး သင့်သွေးကြောထဲ ထိုးသွင်းတာပဲ ဖြစ်ပါတယ်။

    အကြောဆေးမှာ ဘာတွေကောင်းကျိုး၊ဆိုးပြစ်တွေ ရှိသလဲ။

    ကောင်းကျိုး။ ။ ဗီတာမင်ဘီဟာ အာရုံကြောအတွက် အဓိကအကျိုးပြုတဲ့ ဗီတာမင်ဓါတ်ဖြစ်တာမို့ သင့်ရဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေကို အတိုင်းအတာ တခုအထိ ပြေလည်စေပါလိမ့်မယ်။ ဒါ့အပြင် ဂလူးကို့စ်သကြားဓါတ်ဟာလည်း နေထိုင်မကောင်း၊ခံတွင်းပျက်လို့ အစာမစားချင်သူတွေ၊မစားနိုင်သူတွေအတွက် အာဟာရဓါတ်ကို တထောင့်တနေရာကနေ ဖြည့်တင်းပေးနိုင်ပါလိမ့်မယ်။

    ဆိုးပြစ်။ ။ ဗီတာမင်ဘီဟာ အချို့အချို့သူတွေမှာ ဓါတ်မတည့်ခြင်းပြဿနာ ဖြစ်ပေါ်လာတတ်ပါတယ်(အထူးသဖြင့် ဗီတာမင် B1ပါ)။ ဒီလို ဓါတ်မတည့်ခြင်းဖြစ်ပေါ်လာရင် သောက်ဆေးတွေ၊အသားထိုးဆေးတွေထက် အကြောဆေးဟာ အန္တရာယ်ပိုများပါတယ်။ ဘာလို့လဲဆိုတော့ သူက သွေးကြောထဲကို တိုက်ရိုက်ထိုးထည့်ရလို့ ဖြစ်ပါတယ်။ အကြောဆေးမှာပါတဲ့ ဂလူးကို့စ်သကြားဓါတ်ဟာ ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓါတ် ဆောင့်တက်တာမျိုးကို ဖြစ်စေပြီး အသက်အန္တရာယ်ထိ ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် တချို့နယ်ဖက်တွေမှာ ဆရာဝန်မဟုတ်သူတွေ၊ရမ်းကုတွေဟာ အကြောဆေးကို အားပါးတရ ဖောဖောသီသီ ထိုးပေးနေတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေကို ဖိတ်ခေါ်နေသလိုပါပဲ။ ဆေးထိုးတဲ့အခါ တခါသုံးဆေးထိုးအပ်ကို အသုံးမပြုဘူးဆိုရင်လည်း ကူးစက်ရောဂါတွေကိုပါ အဆစ်ရမယ့် အခြေအနေမျိုးတွေ ရှိနေပါတယ်။

    အကြောဆေးကို ဘာလို့ ထိုးကြတာလဲ။ တကယ်ရောထိုးသင့်ပါသလား။

    ဆေးလိပ်၊အရက်စွဲသလို အကြောဆေးစွဲသူတွေ ရှိတယ်လို့ ပြောရင် မအံ့ဩလိုက်ပါနဲ့။ ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ တလတခါလောက်မှ အကြောဆေးလေးမသွင်းလိုက်ရရင် နေမကောင်းသလိုလို၊ဟိုနေရာက ထိုးနေသလိုလို၊ဒီနေရာက ကိုက်နေသလိုလိုနဲ့ အကြောဆေးစွဲလမ်းနေသူတွေ ဒုနဲ့ဒေးပါ။ ဒီဆေးကို ပုံမှန်ထိုးလို့ အကျိုးယုတ်မယ်လို့ မပြောနိုင်ပေမယ့် အကျိုးထူးမယ်လို့လည်း ကံသေကံမ မဆိုနိုင်ပါဘူး။ လူနာတွေအနေနဲ့ သိထားသင့်တဲ့အချက်ကတော့ အကြောဆေးထိုးတာထက် အာဟာရပြည့်ဝစွာ စားသောက်မယ်၊သင့်တင့်လျောက်ပတ်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးမယ်ဆိုရင် ပုလင်းကြီးဆယ်ပုလင်းချိတ်တာထက် ပိုထူးတဲ့ အကျိုးကို သေချာပေါက်ရမယ်ဆိုတာပါပဲ။ ဘာအန္တရာယ်မှလည်း မရှိပါဘူး။ ဒါပေမယ့် ဆရာဝန်တွေရဲ့ ကျန်းမာရေးအသိပညာပေးမှု အားနည်းနေသေးတာကြောင့် လူနာအများအပြားဟာလည်း အကြောဆေးမှ အကြောဆေး ဖြစ်နေတုန်းပါပဲ။ ဆရာဝန်တွေဖက်ကလည်း လူနာနဲ့ မိတ်မပျက်ချင်တာကြောင့် အရမ်းကြီးပြဿနာမရှိလောက်တဲ့ အခြေအနေမျိုးဆိုရင် ထိုးပေးလိုက်ရတာ များပါတယ်။ ဆေးခန်းက ကိုယ်တယောက်တည်း ဖွင့်ထားတာမဟုတ်တော့ ကိုယ်မထိုးပေးလည်းပဲ တခြားဆေးခန်းက ထိုးပေးမှာပဲလေ။ နယ်ဖက်တွေမှာဆိုရင် ပိုဆိုးပါတယ်။ ဆရာဝန်က မထိုးပေးရင် ရမ်းကုဆီရောက်သွားမှာပါ။ ဒါ့ကြောင့် ရှေ့တိုးထမ်းပိုး၊နောက်ဆုတ်လှည်းတုတ် ဆိုသလို မလူးသာမလွန့်သာတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒါပေမယ့် အကြောဆေးထိုးခြင်းဟာ နေ့စဉ်သွားတိုက်၊အိမ်သာတက်သလို မလုပ်မဖြစ် လုပ်ရမယ့် အလုပ်မဟုတ်ဘူး။ တပတ်တခါ၊တလတခါ အကြောဆေးထိုးခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ ကိစ္စဆိုတာကိုတော့ အများပြည်သူအနေနဲ့ ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်။

    ဒီလောက်ဆိုရင် ရောင်စုံဆေးရည်လေးတွေကို ဆေးထိုးအပ်ကြီးကြီးနဲ့ ထိုးပေးတဲ့ အကြောဆေးတွေအကြောင်းကို ထိုက်သင့်သလောက် သိသွားပြီလို့ မျှော်လင့်ပါတယ်။ ဒီဆေးမှ မဟုတ်ပါဘူး၊ဘယ်ဆေးမဆို မလိုအပ်ဘဲ လုံးဝမထိုးသင့်တာပါ။ ဘာရောဂါမှမရှိဘဲ အားနည်းချင်သလိုလို ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ အကြောဆေး မထိုးတာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ နေထိုင်သွားလာလှုပ်ရှားစားသောက်မှုတို့ကိုသာ ပြုပြင်ခြင်းအားဖြင့် အကြောဆေးအပျော်ထိုးခြင်းမှ ရှောင်ရှားကြပါစို့လို့ အကြံပေးလိုက်ပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement