backup og meta

အသက် ၁၈ နောက်ပိုင်းမှာ အရပ်ထပ်ရှည်လာနိုင်သေးလား


Ye Myo Myat မှ ရေးသားသည်။ · 08/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် ၁၈ နောက်ပိုင်းမှာ အရပ်ထပ်ရှည်လာနိုင်သေးလား

    လူငယ်တော်တော်များများ မေးတတ်ကြတဲ့ မေးခွန်းတစ်ခုပါပဲ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး လူအများစုက ထပ်မရှည်လာနိုင်တော့ဘူးလို့ ဖြေကြသလို အသက် ၂၅ နှစ်ထိ ရှည်နိုင်သေးတယ်လို့ ယူဆထားကြသူတွေလည်း ရှိပါတယ်။ အဲ့တော့ ဘယ်သူက မှန်မလဲ၊ အရပ်ရှည်နှုန်းက ဘယ်အချိန်မှာ ရပ်တန့်သွားသလဲ၊ လူတစ်ယောက်ရဲ့ အရပ်အမြင့်ကို ဘယ်လိုအရာတွေက သက်ရောက်မှုရှိစေတာလဲဆိုတာ ပြောပြပေးပါမယ်။

    အရပ်အမြင့်ကို သက်ရောက်စေနိုင်တဲ့အရာတွေက ဘာတွေလဲ။

    ၁။ မိဘမျိုးရိုး

    မိဘမျိုးရိုးက အရပ်ရှည်တယ်ဆိုရင် မွေးလာတဲ့ကလေးကလည်း ဘာမှအထွေအထူးလုပ်စရာမလိုဘဲ အရပ်ရှည်လာတတ်ပါတယ်။ ပုတဲ့မျိုးရိုးက ဆင်းသက်လာတဲ့ လူအများစုကတော့ ကြီးလာတဲ့အခါမှာလည်း အရပ်ပုတာ အဖြစ်များပါတယ်။ ကံကောင်းစွာနဲ့ပဲ တချို့လူတွေကတော့ မိဘမျိုးရိုးပုနေတဲ့တိုင်အောင် အစာအာဟာရစုံလင်စွာ စားသုံးခြင်း၊ လေ့ကျင့်ခန်း၊ အားကစား ပုံမှန်လုပ်ခြင်းကြောင့် အရပ်အနည်းငယ် ရှည်လာတာမျိုးလည်း ရှိပါတယ်။

    ၂။ အစာအာဟာရ

    လူတစ်ယောက် တစ်နေ့တာစားသုံးတဲ့ အစာအာဟာရသည် ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို အများကြီး သက်ရောက်မှုရှိစေနိုင်ပါတယ်။ ကလေးအရွယ်မှာ အာဟာရဖြစ်တာတွေ မစားဘဲ မုန့်ပဲသရေစာ၊ အချို၊ အကြော်အလှော်တွေ အများကြီးထိုင်စားရင်တော့ အာဟာရမဖြစ်၊ အရိုးကလည်း သန်မာခြင်း မရှိတဲ့အခါ အရပ်က ရှည်ထွက်ဖို့ အလွန်ခဲယဉ်းနိုင်ပါတယ်။

    ၃။ ကိုယ်လက်လှုပ်ရှားမှု

    အထူးသဖြင့် ယနေ့ခေတ် မြန်မာနိုင်ငံရဲ့ ကလေးအများစုဟာ အရင်တုန်းကလောက် အပြင်ထွက် ဘောလုံးကန်၊ ပြေးလွှားဆော့ကစားတာမျိုး သိပ်မလုပ်တော့ပါဘူး။ မိဘတွေကိုယ်တိုင်ကလည်း စာမှစာ အတန်းထဲမှာ အဆင့် ၁ ရဖို့အရေးကိုပဲ ဦးစားပေးနေတော့ ကလေးက အပြင်ထွက်ကစားချင်ရင်တောင် ပိတ်ပင်တတ်ကြတာမလား။ ကြီးထွားဖွံ့ဖြိုးဆဲအရွယ်မှာ လှုပ်လှုပ်ရှားရှားမရှိဘဲ ငြိမ်ငြိမ်လေးထိုင်နေတဲ့အခါ ကြွက်သားနဲ့ အရိုးအဆစ်တွေ ကြီးထွားမှုနှေးကွေးပြီး ကြီးလာတဲ့အခါ အရပ်ပုပုလေးတွေ ဖြစ်လာတတ်ပါတယ်။

    ဒီ ၃ ချက်ကတော့ လူတစ်ယောက်ရဲ့ အရပ်အမြင့်ကို သက်ရောက်မှုအရှိဆုံး အရာဖြစ်ပြီး မိဘမျိုးရိုးကတော့ ဒီနေရာမှာ တော်တော်လေးလေး သက်ရောက်မှုပြင်းထန်တယ်လို့ ဆိုနိုင်ပါတယ်။

    အရည်ရှည်နှုန်းက ဘယ်အရွယ်မှာ ရပ်တန့်သွားတာလဲ။

    လူအများစုအတွက်တော့ အရပ်အမြင့်သည် လူပျို၊ အပျိုဖြစ်ကာစအရွယ်မှာ တရှိန်ထိုး မြင့်တက်လာပြီး အသက် ၁၈ ကနေ ၂၀ နှစ် အတွင်းမှာ ရပ်တန့်သွားပါတယ်။ ကလေးအရွယ်မှာ အရပ်က မသိမသာလေး ရှည်ထွက်လာပြီး အသက် ၁၀ နှစ်ဝန်းကျင် တစ်နည်းအားဖြင့် လူပျို၊ အပျိုဖြစ်တဲ့အရွယ်မှာ ပျမ်းမျှအားဖြင့် တစ်နှစ်ကို တစ်လက်မကျော်ကျော် ရှည်ထွက်ပါတယ်။ အဲ့ဒီအချိန်ဟာ ကြွက်သားထုနဲ့ အရိုးအဆစ်တွေ ကြီးထွားသန်မာချိန် ဖြစ်တာကြောင့်ဆိုလည်း မမှားပါဘူး။ အသက် ၁၈ နှစ် (တချို့လူတွေမှာဆိုရင် အသက် ၂၀) မှာ လူပျို၊ အပျိုဖြစ်စဉ် ပြီးဆုံးသွားပြီး အရိုးတွေကို ကြီးထွားစေတဲ့ ဟော်မုန်းပြောင်းလဲခြင်းတွေဟာလည်း ငြိမ်လုနီးပါး ဖြစ်နေတဲ့အတွက် ထပ်ပြီးရှည်လာတော့မှာ မဟုတ်ပါဘူး။

    အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အပျိုဖော်ဝင်တာ ပိုစောတတ်ပြီး အသက် ၁၆ နှစ်ဝန်းကျင်မှာတော့ အရပ်ရှည်ထွက်နှုန်း ရပ်တန့်သွားပါတယ်။ အမျိုးသားတွေမှာတော့ အသက် ၁၄ မှ ၂၀ အတွင်း ရပ်တန့်သွားပါတယ်။ အလွန်နည်းလွန်းတဲ့ လူနည်းစုမှာတော့ အသက် ၂၀ နောက်ပိုင်းမှာ အရပ်ဆက်ပြီး ရှည်နိုင်သေးတယ်လို့ ဆိုပေမယ့် သိသိသာသာ ပြောင်းလဲသွားလောက်တဲ့အထိတော့ မရှည်နိုင်တော့ပါဘူး။

    ဒီလောက်ဆို ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ သေချာသိလောက်ပြီလို့ မျှော်လင့်မိပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို အရပ်ရှည်ရှည်၊ လူစဉ်မီတဲ့ ကိုယ်ခန္ဓာအချိုးအစားနဲ့ ကြီးပြင်းလာစေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက ကလေးတွေရဲ့ အစာအာဟာရကို သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ အထူးသဖြင့်

    • ကလေးတွေကို ရေကူးသင်ပေးပါ။ ပုံမှန်ရေကူးဖို့ အကျင့်လုပ်ပေးပါ။

    • ကျောင်းစာသည် အရေးကြီးပေမယ့် ကလေးတွေရဲ့ တစ်နေ့တာလုံးကို အခန်းအောင်းပြီး စာလုပ်ခိုင်းရလောက်တဲ့အထိ မဟုတ်ပါဘူး။

    • အပြင်ထွက်ပြီး ပြေးလွှားဆော့ကစားခိုင်းပါ။

    • နွားနို့ကို တစ်နေ့တစ်ခွက် ပုံမှန်တိုက်ပေးပါ။

    • အရိုးပါ ဝါးစားလို့ ရတဲ့ ငါးတွေ များများကျွေးပါ။

    • တစ်နေ့တာ အစာအာဟာရကို သေချာဂရုစိုက်ပြီး ပြင်ဆင်ကျွေးပါ။

    • အသက် ၁၅ နှစ်၊ ၁၆ နှစ်ဝန်းကျင်အရွယ်တွေကို Gym မှာ နည်းပြနဲ့အတူ သေချာကစားခိုင်းပါ။ ဒီလိုအရွယ်မျိုးက အလေးကောင်းကောင်းမနိုင်တဲ့ အရွယ်ရောက်နေပါပြီ။

    အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 08/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement