backup og meta

အမှတ်တမဲ့လုပ်မိနေတဲ့ ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အမူအကျင့်များ


Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမှတ်တမဲ့လုပ်မိနေတဲ့ ကျောက်ကပ်ထိခိုက်စေနိုင်တဲ့ အမူအကျင့်များ

    ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုစီက သူ့နေရာနဲ့သူ အရေးပါကြတာချည်းပါပဲ။ ခန္ဓါကိုယ်တစ်ခုလုံးကကောင်းမွန်စွာလည်ပတ်လုပ်ဆောင်နေမှ ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာပါ။ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်စေတဲ့ အပြုအမူတွေရှိနေသလို တစ်ခါတလေမှာ အစားအသောက်တွေကြာင့် လည်းခန္ဓါကိုယ်မှာထိခိုက်တာတွေရှိနေပါတယ်။ အခုတစ်ခေါက်တော့ ဘာရယ်မဟုတ်ဘဲထင်ပြီး လုပ်မိနေတဲ့ အပြုအမူတွေကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်ဖို့အတွက်ရာမှာ အရေးပါတဲ့ကျောက်ကပ်ကို ထိခိုက်မိစေတဲ့ အပြုအမူလေးတွေအကြောင်းပြောပြပေးမယ်နော်။

    ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အမှတ်တမဲ့အပြုအမူတွေက

    ဆီးသွားချင်တာကိုအောင့်ထားတာ – ဆီးသွားချင်တဲ့အခါ အလုပ်မအားလို့။ လုပ်လက်စလေးပြီးပြတ်သွားအောင်လုပ်ချင်လို့၊ ပျင်းလို့၊ အပြင်ရောက်နေလို့ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆီးအောင့်ထားတတ်ကြမယ်ထင်ပါတယ်။ ဒီလိုအပြုအမူရှိတယ်ဆိုရင်ပြင်ဆင်လိုက်ပါ။ ဒီအပြုအမူက ဘာမှမဟုတ်ဘူးထင်ရပေမယ့် ဆီးအိမ်ထဲမှာ ဆီးတွေအကြာကြီးရှိနေတာက ဘက်တီးရီးယားတွေကို အလွယ်တကူပေါက်ဖွားစေနိုင်ပြီးကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။

    ဆားအများကြီးစားမိတာ -မြန်မာလူမျိုးတွေဆိုရင်တော့ ဆားတင်မဟုတ်ပါဘူး။ ငံပြာရည်၊ငါးပိ၊ငါးခြောက်တွေကိုပါရှောင်ဖို့လိုပါမယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အငန်ဓါတ် ၅.၈ ဂရမ်ပဲစားသုံးပေးသင့်တာပါ။ အစားအစာတွေထဲမှာ အငန်ဓါတ်ဓါတ်အရမ်းများတာကကျောက်ကပ်ကို ထိခိုက်စေနိုင်တာကြောင့် အငန်လျှော့စားပါ။

    အသားတွေအများကြီးမစားပါနဲ့အသားတွေအရမ်းစားတဲ့အခါ ခန္ဓါကိုယ်မှာ ပရိုတင်းတွေများလာတာကြောင့်ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနီရောင်အသားတွေလျော့စားပါ။ ပရိုတင်းအရမ်းများတာတွေမစားပါနဲ့။

    ကဖင်းဓါတ်အလွန်အကျွံစားသုံးတာ –တစ်ခါတလေအိပ်ရေးပျက်လို့ဖြစ်ဖြစ်၊ အာရုံမလန်းလို့ဖြစ်ဖြစ်ကော်ဖီသောက်တာ၊ လက်ဖက်ရည်သောက်တာနဲ့ ကဖင်းပါဝင်နေတဲ့ အားဖြည့်အချိုရည်တွေသာက်သုံးတာမျိုးရှိနိုင်ပါတယ်။ တစ်ခွက်လောက်ကပြဿနာမဖြစ်ပေမယ့် ၃ ခွက်ထက်ကျော်ပြီးသောက်မယ်ဆိုရင်တော့ ကဖင်းဓါတ်ကအလွန်အကျွံပမာဏဖြစ်နေပါပြီ။

    ရေသောက်နည်းတာ – ကျောက်ကပ်က လုပ်ငန်းဆောင်တာတွေကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ဆိုရင်ရေဓါတ်ြပည့်ဝနေဖို့က မဖြစ်မနေလိုအပ်မှာပါ။ တကယ်လို့ရေသောက်ပျင်းမယ်။ ရေသောက်နည်းမယ်ဆိုရင်သွေးထဲမှာ အဆိပ်တွေစုလာပြီးကျောက်ကပ်က စွန့်ထုတ်စစ်ထုတ်နိုင်မှုကျဆင်းသွားမှာပါ။ ဒါကြောင့် တစ်နေ့ကိုရေ ၁၂ ခွက်လောက်သောက်ပေးပါ။ရေလုံလောက်အောင်သောက်၊မသောက်ကိုသေသေချာချာသိရှိနိုင်မှာက ဆီးရဲ့ အရောင်ပါ။ ဆီးသွားတဲ့အခါ ဆီးက ဝါနေမယ်ဆိုရင်တော့ရေသောက်နည်းနေပါပြီ။ကျောက်ကပ်က မနိုင်ဝန်ထမ်းနေရပြီဆိုတာကိုလည်း သတိပြုပါ။

    ကူးစက်ရောဂါကိုသေချာကုသမှုမခံယူတာဖျားနာတာ၊ တုပ်ကွေးဖြစ်တာလိုမျိုး ကူးစက်ရောဂါတွေခံစားရရင်သေချာကုသမှုခံယူပါ။ ဒီရောဂါတွေကိုသေချာမကုသရင် ရလာမယ့်နောက်ဆက်တွဲပြဿနာကကျောက်ကပ်ကို ထိခိုက်စေပါလိမ့်မယ်။ ဖျားနာတာ၊တုပ်ကွေးဖြစ်တာတွေခံစားရချိန်မှာပြည့်ပြည့်ဝဝအနားယူဖို့ကိုလည်း မမေ့ပါသင့်ပါဘူး။ လုံလောက်တဲ့အနားယူမှုက ခန္ဓါကိုယ်ကိုပြန်လည်ကျန်းမာလာအောင် အားဖြည့်ပေးပါလိမ့်မယ်။

    အကိုက်အခဲပျောက်ဆေးတွေကို မလိုအပ်ပဲသောက်တာ –ဆေးက လိုအပ်ချိန်မှာသောက်ရင်ကောင်းပေမယ့် မလိုအပ်ဘဲသောက်ရင်တော့ကောင်းတာထက် ဆိုးတာပဲဖြစ်လာမှာပါ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို တကယ်လိုအပ်မှသောက်ပါ။ မလိုအပ်ဘဲသောက်သုံးမိရင် ခန္ဓါကိုယ်မှာထိခိုက်မှုတွေဖြစ်လာပါလိမ့်မယ်။

    အရက်အလွန်အကျွံသောက်သုံးတာ – အရက်မှာပါတဲ့ အဆိပ်အတောက်က အသည်းကိုတင်ပျက်စီးစေတာမဟုတ်ပါဘူး။ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စိးစေနိုင်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံသောက်သုံးမှုမလုပ်ပါနဲ့။

    ဆေးလိပ်သောက်သုံးခြင်းဆေးလိပ်သောက်သုံးမှုက အချိန်ကြာလာနဲ့အမျှသွေးကြောတွေကိုတောင့်တင်း ကျဉ်းမြောင်းလာစေပြီး ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကို နည်းသွားစေပါတယ်။ ဒီလိုမျိုးသွေးပို့လွှတ်ရောက်ရှိမှုနည်းသွားတဲ့ အစိတ်အပိုင်းထဲမှာကျောက်ကပ်လည်းပါပါတယ်။သွေးစီးဆင်းရောက်ရှိမှုနည်းသွားတဲ့အခါကျောက်ကပ်ကအလုပ်ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။

    ကိုယ်လက်လှုပ်ရှားမှုနည်းတာ –ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တာကကျောက်ကပ်တွေကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ရပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေပုံမှန်လုပ်ဆောင်ပေးတာကကျောက်ကပ်မှာ ကျောက်တည်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တာကကျောက်ကပ်ကျန်းမာစေဖို့ အထောက်အကူဖြစ်စေမှာပါ။

    အိပ်ရေးပျက်ခံတာများတာ – လူတော်တော်များများက အိပ်ရေးဝဝအိပ်ဖို့လိုတယ်ဆိုတာကိုမေ့ထားတတ်ကြပါတယ်။ အခုလိုမျိုးတိုးတက်လာတဲ့ ခေတ်မှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာတွေလုပ်ဆောင်ရင်း အိပ်ချိန်တွေက တဖြည်းဖြည်းနောက်ကျလာခဲ့ပါပြီ။ ဒါကြောင့်တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၆ နာရီကနေ ၈ နာရီထားပေးပါ။ လူတစ်ယောက်က လုံလောက်စွာအိပ်စက်မှုမရတဲ့အခါ ဇီဝတွင်းဖြစ်စဉ်က ထိခိုက်လာပြီး ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးလာပါလိမ့်မယ်။

    လိုအပ်တဲ့ဆေးဝါးကုသမှုခံယူခြင်းမရှိတာ –သွေးတိုးရောဂါခံစားနေရတာ၊ အမျိုးအစား -၂ ဆီးချိုရောဂါခံစားနေရတာတွေရှိမယ်ဆိုရင် လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို ခံယူပါလို့ပြောပါရစေ။ ဒီဝေဒနာတွေခံစားနေရပြီး လိုအပ်တဲ့ဆေးဝါးကုသမှုကို ခံယူတာမျိုးမလုပ်ဘဲနေမယ်ဆိုရင်နောက်ဆက်တွဲအနေနဲ့ ခံစားရမယ့်ပြဿနာကကျောက်ကပ်ထိခိုက်တာပါ။

    သွေးပေါင်ချိန်ကို ထိန်းညှိတာမျိုးမရှိတာသွေးတိုးတာကကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့်နေ့စဉ်သွေးပေါင်ချိန်ကိုတိုင်းတာပြီး အရမ်းများနေရင် အစားအသောက်ဆင်ခြင်ပြီးသွေးပေါင်ချိန်ကျအောင်လုပ်ဆောင်တာမျိုးလုပ်ဆောင်ဖို့လိုပါမယ်။သွေးပေါင်ချိန်ကို ပုံမှန် အပေါ်သွေး ၁၄၀အောက်သွေး ၉၀ဖြစ်အောင်ထိန်းထားပေးပါ။

    ခုပြောပြခဲ့တဲ့ အပြုအမူလေးတွေရှိရင် ဒီနေ့ကစပြီးပြင်ဆင်လိုက်ပါနော်။ ဒါမှကျန်းမာတဲ့ကျောက်ကပ်လေးပိုင်ဆိုင်နိုင်မှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement