backup og meta

အီလက်ထရောနစ်ပစ္စည်းတွေကြောင့် အသက်တိုစေမှာလား


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အီလက်ထရောနစ်ပစ္စည်းတွေကြောင့် အသက်တိုစေမှာလား

    အခုခေတ်မှာ အိုင်တီခေတ်ဖြစ်တာကြောင့် ကြီးငယ်မရွေး လူတိုင်းနီးပါးမှာ စမတ်ဖုန်းရှိနေကြပါပြီ။ လူငယ်အတော်များများမှာလည်း အလုပ်သဘောအရ၊ကျောင်းပညာရေးအရ လပ်တော့ကွန်ပျူတာတွေလည်း အသုံးများနေကြပြီ၊ သွားရင်းလာရင်း တက်ဘလက်ကွန်ပျူတာ၊ iPad စတာတွေနဲ့ စာဖတ်၊ ရုပ်ရှင်ကြည့်နေကြပြီဖြစ်ပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာ နှစ်မျိုးရှိနေပြီဆိုရင်ပဲ သင်ဟာ အိပ်ချိန်ထက် ဒါတွေသုံးတဲ့အချိန်ပိုများနေမယ်ဆိုတာသေချာသလောက်ရှိနေပါတယ်။ တီဗီ ကြည့်ချိန်တောင် ထည့်တွက်စရာမလိုပါဘူး။

    အထူးသဖြင့်လူငယ်တွေကြားမှာ ကွန်ပျူတာနဲ့တခြားအီလက်ထရောနစ်တွေ အသုံးများလာတာနဲ့အမျှ သူတို့ကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေအကြောင်းကို ထည့်စဉ်းစားမိတာ နည်းလာပါတယ်။

    မကြာသေးခင်ကOfcom ရဲ့ လေ့လာမှုစစ်တမ်းတစ်ခုအရ အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့တာ ၂၄ နာရီအတွင်းမှာ ပျမ်းမျှတွက်ချက်ထားတဲ့ အိပ်ချိန် ၈ နာရီ ၂၁ မိနစ်နဲ့ယှဉ်ရင် မီဒီယာ သို့မဟုတ် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးတစ်ခုခုကို အသုံးပြုနေတဲ့အချိန်က ပျမ်းမျှအားဖြင့် စုစုပေါင်း ၈နာရီ ၄၁ မိနစ် ရှိနေတယ်လို့ဖော်ပြခဲ့ပါတယ်။ ဒီတော့ လူတွေရဲ့ လှုပ်ရှားသွားလာနေတဲ့အချိန်ကာလတဝက်ကျော်ကို အီလက်ထရောနစ်ပစ္စည်းတစ်ခုခုကို ကြည့်နေရင်းနဲ့ အချိန်ကုန်နေတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။

    ဒါပေမယ့် ကိုယ့်အချိန်တွေကို ဖဲ့ယူနေတာအပြင် ကိုယ့်ကျန်းမာရေးကိုပါ ဘယ်လိုထိခိုက်နေစေသလဲဆိုတာ သိထားသင့်ပါတယ် ။

    အီလက်ထရောနစ်ပစ္စည်းတွေကပေးတဲ့ ကျန်းမာရေးဆိုးကျိုးများ

    မျက်စိကို ဆိုးကျိုးပေးခြင်း– အီလက်ထရောနစ်ပစ္စည်းတချို့ကြောင့်ဖြစ်လာစေတဲ့ အဖြစ်များဆုံးဆိုးကျိုးတစ်ခုပါ။ တီဗီဖန်သားပြင် သို့မဟုတ် လပ်တော့ နဲ့ မျက်နှာပြင်ကျယ်တဲ့ မိုဘိုင်းဖုန်းတွေကို တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင်ကြည့်နေရင်ပဲ မျက်သားခြောက်လာတာ၊ မျက်စိယားယံတာ၊ မျက်ကွင်းညိုတာ၊ စတာတွေအများကြီးဖြစ်လာနိုင်ပါတယ်။ မျက်စိထဲမှာအစက်အပြောက်တွေဖြစ်ပြီး အမြင်ထိခိုက်စေနိုင်တဲ့ eye melanomaရောဂါက ဒီပစ္စည်းတွေ ထိတွေ့အသုံးပြုမှုလွန်ကဲမှုနဲ့ဆက်နွှယ်တဲ့ရောဂါပြင်းတစ်ခုဖြစ်ပါတယ်။

    လူ့မျက်လုံးဆိုတာ တစ်နေရာတည်းကို နာရီပေါင်းများစွာတောက်လျှောက်ကြည့်နေဖို့ ကျင့်သားမရနိုင်ပါဘူး။ ကွန်ပျူတာရှေ့မှာ အချိန်အတိုင်းအတာတစ်ခုအထိကျောက်ချနေရပြီဆိုရင်တော့ သင့်မှာ ကွန်ပျူတာမျက်စိရောဂါ(မျက်စိညောင်းခြင်း၊ မျက်စိနီရဲခြင်း၊စပ်ခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း)ရှိနေလောက်ပါတယ်။

    မျက်စိကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် ကွန်ပျူတာအသုံးများရင် မျက်မှန်တပ်ပါ။ မျက်မှန်နဲ့မျက်ကပ်မှန်တွေကို မျက်စိပါဝါနဲ့အမြဲစစ်ဆေးကိုက်ညှိပါ။

    ခန္ဓါကိုယ်မှာ ဒဏ်ဖြစ်ခြင်း

    တချို့မှာ ဖုန်းနဲ့စာရိုက်တာများလွန်းရင်၊ တက်ဘလက်နဲ့ ဖုန်းပွတ်တာများလွန်းရင် အရွတ်ပြားတွေရောင်တာ၊ လက်မနဲ့လက်ညှိုးအဆစ်တွေရောင်တာဖြစ်လာတတ်ပါတယ်။ ယနေ့ခေတ်ကွန်ပျူတာနည်းပညာက တိုးတက်လာတာနဲ့အမျှ ကွန်ပျူတာအတွက် စာရိုက်ရင်း လက်ချောင်းလေးတွေအသုံးပြုရများလာပါတယ်။ စာရိုက်တဲ့အခါ လက်ချောင်းကို ဘယ်လောက်ပဲခပ်ဖွဖွသုံးတယ်ပြောပြော ထပ်ကာတလဲလဲသုံးပါများလာရင် ဒဏ်ဖြစ်လာစေနိုင်ပါတယ်။နောက်တော့ လက်ကောက်ဝတ်နာလာတာ၊ ဆုပ်ကိုင်အားမကောင်းတော့ဘဲ လက်မမြဲတာ၊ လက်ချောင်းတွေလှုပ်ရှားတဲ့အခါ အသံမြည်တာတွေဖြစ်လာစေတတ်ပါတယ်။

    အအိပ်မမှန်တော့ခြင်း

    အိပ်ရာမဝင်ခင် အနည်းဆုံး ၂နာရီလောက်အတွင်း လက်ကိုင်ဖုန်းနဲ့ကွန်ပျူတာ အသုံးပြုခြင်းကို ကန့်သတ်ပါ။ မိုဘိုင်းဖုန်းနဲ့ တက်ဘလက်ဆီက ထွက်လာတဲ့ အလင်းတုတွေကpineal gland ရဲ့ melatonin ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေပါတယ်။melatonin ဆိုတာ လူ့ခန္ဓါကိုယ်ရဲ့ဇီဝနာရီကို အခြေတကျတည်ငြိမ်စေတဲ့ဟော်မုန်းဖြစ်ပါတယ်။ ဦးနှောက်က အလင်းရောင်နဲ့ထိတွေ့ရင် နိုးထတတ်တာကြောင့် ဇီဝနာရီကိုထိခိုက်စေနိုင်ပြီး အိပ်ရမယ့်အချိန်ကျော်နေတာတောင် နိုးကြားနေဖို့ ဦးနှောက်ကသင့်ကို သတိပေးနေမှာဖြစ်ပါတယ်။

    အိပ်စက်ခြင်းပြဿနာရှိလာတာက တစ်နေကုန် ကွန်ပျူတာမသုံးမဖြစ်သုံးနေရပြီး ဖုန်းနဲ့ပဲဆက်သွယ် အလုပ်လုပ်နေရတဲ့ နည်းပညာလုပ်သားတွေမှာအဖြစ်များပါတယ်။

    ညဘက်မှာ ထိတ်လန့်သည်းဖိုရုပ်ရှင်တွေ၊ အက်ရှင်ကားတွေလို နိုးနိုးကြားကြားဖြစ်စေမယ့် ရုပ်ရှင်တွေ၊ တီဗီအစီအစဉ်တွေကို မကြည့်ပါနဲ့။ ကြည့်မိပြီးရင်နောက်နာရီအတော်ကြာတဲ့အထိ အာရုံကိုနိုးကြားစေနိင်လို့ပါ။

    အဝလွန်ခြင်း

    အဝလွန်ခြင်းနဲ့ ဒစ်ဂျစ်တယ်ခေတ်နေထိုင်မှုပုံစံက ဆက်နွှယ်မှုကိုပိုကြီးမားပါတယ်။ အထိုင်များလွန်းရင် ဝလာတတ်တာကြောင့် တီဗီကြည့်တာများလေ၊ ဖုန်းထိုင်ပွတ်တာများလေ ပိုပိုဝလာလေပဲဖြစ်ပါတယ်။ လှုပ်ရှားမှုနည်းတဲ့နေထိုင်မှုပုံစံမှာ ဝစေမယ့်အစားအစာလည်း ပိုစားမိစေတယ်လို့ ဆိုကြပါတယ်။

    အကြားအာရုံထိခိုက်ခြင်း

    အပြင်သွားတဲ့အခါမှာတောင်မှ iPods ၊ ဖုန်း စတဲ့ သီချင်းနားထောင်ဖို့ အီလက်ထရောနစ်ပစ္စည်းတွေကကိုယ်နဲ့မကွာပါလာတတ်ကြပါတယ်။ပြင်ပကဆူညံသံတွေကကင်းလွတ်အောင်လို့ နားကိုကာကွယ်ထားတာကောင်းပါတယ်။ ဒါပေမယ့် နားကြပ်နဲ့သီချင်းနားထောင်တာက အကြားအာရုံဆုံးရှုံးမှုကိုဖြစ်စေနိုင်တဲ့ အန္တရာယ်ပိုများပါတယ်။

    ရုံးခန်းကြောင့်ဖြစ်ရတဲ့ပန်းနာရင်ကျပ်

    အဆင့်မြင့်ပြီး သပ်ရပ်နေတဲ့ သင့်ရဲ့ရုံးခန်းက အတွင်းပိုင်းလေထုညစ်ညမ်းမှုအရင်းအမြစ်တစ်ခုဖြစ်နေနိုင်ပါတယ်။လေဆာပရင့်တာမော်ဒယ်တချို့က အလုပ်လုပ်တဲ့အခါ မမြင်ရတဲ့အမှုန်တွေလေထုထဲကိုထွက်လာစေနိုင်ပါတယ်။သေးငယ်လွန်းတဲ့ဒီအမှုန်တွေက အဆုတ်ထဲကိုရောက်ရှိသွားတတ်ပါတယ်။ ပရင့်တာတိုင်းတော့ အန္တရာယ်ရှိတာမဟုတ်ပါဘူး။လေ့လာမှုတစ်ခုအရ ပရင့်တာ ၆၂ မျိုးမှာ ၄၀% က အမှုန်ထွက်ရှိကြောင်းတွေ့ရပါတယ်။ အဲဒီထဲမှာ ၁၇ မျိုးကတော့ အမှုန်ထွက်ရှိမှုများနေတယ်လို့ ဆိုပါတယ်။

    E-mentia( အီလက်ထရောနစ်ပစ္စည်းတွေကြောင့်မေ့တတ်လာခြင်း)

    အခုခေတ်မှာနောက်ဆုံးပေါ်နည်းပညာတွေအပေါ်မှီခိုအားထားတာများလာတာကြောင့်မြေပုံဖတ်ရှုနိုင်စွမ်း၊၊ ဖုန်းနံပါတ်တွေမှတ်မိနိုင်စွမ်းတွေတောင်ကျဆင်းလာကြပါတယ်။ ဒါပေမယ့်သုတေသီတွေက GPS စနစ်အသုံးပြုတဲ့သူတွေနဲ့မြေပုံဖတ်ပြီးသွားလာသူတွေရဲ့ ဦးနှောက်ကို စစ်ဆေးလေ့လာတဲ့အခါမြေပုံအသုံးပြုသူတွေက မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ ဦးနှောက်အပိုင်းhippocampus မှာgrey matter ပိုကြီးတာကိုတွေ့ရပြီးဦးနှောက်လှုပ်ရှားမှုပိုများတာတွေ့ရပါတယ်။

    ကွန်ပျူတာစနစ်တွေအပေါ်အားထားလွန်းတာက လှုပ်ရှားအားကောင်းနေဖို့လိုအပ်တဲ့ ဦးနှောက်ရဲ့အာရုံနှိုးဆွမှုကို ပျက်ယွင်းစေနိုင်ပါတယ်။ ကိုယ့်ဦးနှောက်ကိုယ်ပုံမှန်အလုပ်မခိုင်းရင်၊သင်ယူလေ့လာမှုမရှိရင်နောက်ပိုင်းအသက်အရွယ်တွေမှာdementiaဖြစ်လာနိုင်ခြေပိုများတယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။

    ဖုန်းတွေကြောင့် ဝက်ခြံထွက်

    အိပ်ရာမဝင်ခင်ဖုန်းပွတ်နေတာကြောင့်ပဲ အိပ်ရေးပျက်လို့ဝက်ခြံထွက်ရတာမဟုတ်ပါဘူး။ လက်ကိုင်ဖုန်းတွေမှာဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်တာကြောင့် ဖုန်းတဲ့ထိတွေ့မိတဲ့ ပါးနဲ့မေးစေ့မှာ ဝက်ခြံထွက်တတ်ပါတယ်။ ဝက်ခြံထွက်လွယ်တဲ့သူတွေမှာ ဖုန်းပြောတဲ့အခါ နားကြပ် ၊ hand freeတွေ၊ Headsetတွေ မကြာမကြာသုံးပေးသင့်ပါတယ်။

    အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း

    လပ်တော့ကွန်ပျူတာကို ပေါင်ပေါ်မှာတင်သုံးတဲ့အခါပေါင်ခြံအတွင်းက အပူချိန်က ပုံမှန်ခန္ဓါကိုယ်အပူချိန်ဖြစ်တဲ့98.6 ဒီဂရီထက် 35 ဒီဂရီပိုများလာနိုင်ပါတယ်။ ဒီအပူချိန်က သုက်ပိုးထုတ်လွှတ်မှုကိုထိခိုက်စေပြီး မျိုးအောင်နိုင်စွမ်းကိုတောင် ထိခိုက်စေပါတယ်။ မိုဘိုင်းဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ထားတာကလည်း အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေတယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။

    ကင်ဆာအန္တရာယ်

    အီလက်ထရောနစ်ပစ္စည်းတွေက ဓါတ်ရောင်ခြည်ထွက်ရှိနိုင်သလားဆိုရင် ဟုတ်ပါတယ်။ Google မှာတချက်ရှာကြည့်ရင်တော့ ဒီရောင်ခြည်တွေက ကင်ဆာအန္တရာယ်ပိုများစေနိုင်ခြင်းရှိမရှိကို ပညာရှင်တွေရဲ့အမြင်ကကွဲလွဲနေကြတာတွေ့ရပါတယ်။ ဒီရောင်ခြည်လှိုင်းတွေက ကင်ဆာဖြစ်စေနိုင်တယ်၊အာရုံကြောဆဲလ်တွေကိုသေစေနိုင်တယ်၊ကိုယ်ခံအားစနစ်ကိုအားနည်းစေတယ်လို့တချို့ကပြောကြသလို တချို့ကလည်း ဖုန်းတွေ၊အီလက်ထရောနစ်တွေဆီကထွက်ရှိတဲ့အတိုင်းအတာက အနည်းငယ်သာဖြစ်ပြီး တကယ်တော့ ဒီလိုရောင်ခြည်လှိုင်းအနည်းငယ်လောက်က ကျန်းမာရေးနဲ့တွေးခေါ်နိုင်စွမ်းကိုတောင် ပိုကောင်းစေသေးတယ်လို့ ဆိုကြပါတယ်။ တကယ်သုံးသပ်ကြည့်ရင်တော့ ဒီပစ္စည်းတစ်ခုနှစ်ခုလောက်ကပြဿနာမရှိပေမယ့် အီလက်ထရောနစ်ပစ္စည်းတွေချည်းနေရာတကာမှာအသုံးများလာလေ ထုတ်လွှတ်မှုကများလေဖြစ်ပြီး ကျန်းမာရေးအတွက်ဆိုးကျိုးတွေ သက်ရောက်နိုင်မှာသေချာပါတယ်။

    ဓါတ်ရောင်ခြည်သင့်ခြင်းမခံစားရစေဖို့အောက်ပါအချက်တွေနဲ့ဆင်ခြင်နေထိုင်နိုင်ပါတယ် –

    • ဖုန်းဘက်ထရီကုန်ခါနီးအချိန်မှာ ဖုန်းမပြောပါနဲ့။ အဲဒီအချိန်မှာ ဖုန်းအားပိုကုန်ပြီးရောင်ခြည်လှိုင်းပိုထွက်စေပါတယ်။ ဒါ့ကြောင့် ဖုန်းအားကုန်ခါနီးဆို ဖုန်းကို ကိုယ်နဲ့ဝေးဝေးမှာထားတာအကောင်းဆုံးပါပဲ။
    • ထိုနည်းတူပဲ ဖုန်းလိုင်းကျနေချိန်မှာ ဖုန်းကို မက်ဆေ့ပို့ဖို့၊ ဖုန်းခေါ်ဖို့ အတင်းကြိုးစားတာကရောင်ခြည်လှိုင်းထွက်ရှိမှုနှစ်ဆတိုးစေပါလို့ မလုပ်သင့်ပါဘူး။
    • wireless router ကိုလည်း လူအသွားအလာနည်းတဲ့ဧရိယာမှာတပ်ဆင်သင့်ပါတယ်။ တတ်နိုင်သလောက်ရောင်ခြည်လှိုင်းနဲ့ ခပ်ဝေးဝေးနေပါ။wireless router ကို အိပ်ခန်းထဲ၊ ဧည့်ခန်းထဲ၊ သို့မဟုတ် မိသားစုလူစုတတ်တဲ့နေရာတွေမျာ မထားပါနဲ့။
    • ဖုန်းရဲ့ Bluetooth နဲ့ ကွန်ပျူတာတွေရဲ့ကြိုးမဲ့ချိတ်ဆက်မှုကို အသုံးမလိုရင် ပိတ်ထားပေးပါ။ တခြားအီလက်ထရောနစ်ပစ္စည်းတွေနဲ့ ချိတ်ဆက်ပြီး လျှပ်စစ်သံလိုက်လှိုင်းတွေ ထိတွေ့ရစေနိုင်ပါတယ်။
    • ဖြစ်နိုင်ရင် ကြိုးမဲ့စနစ်အစား အင်တာနက်တပ်ရင် ကေဘယ်နဲ့သာချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement