backup og meta

တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးပြုရဲ့လား

    ခန္ဓာကိုယ် တကိုယ်လုံး အနှိပ်ခံတာကို ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိပါတယ်။ တစ်နေ့တာ ညောင်းညာမောပန်းသမျှကို ပြေလျှော့ဖို့ တော်တော်များများကတော့ အနှိပ်ခံကြပါတယ်။ အိမ်မှာရှိတဲ့သူတွေကို နှိပ်ခိုင်းတာပဲဖြစ်ဖြစ်၊ Spa မှာ နှိပ်တာပဲဖြစ်ဖြစ် နည်းမှန်လမ်းမှန် နှိပ်မယ်ဆိုရင် ကျန်းမာရေးကို အကျိုးပြုပါတယ်။ အကြော၊ အရိုးတွေ မထိခိုက်အောင်တော့ နှိပ်နယ်ပေးဖို့ လိုပါတယ်နော်။ တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေလည်း ပေးစွမ်းနိုင်ပါသေးတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

    တကိုယ်လုံးအနှိပ်ခံခြင်းက ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုသလဲ

    (၁) ခန္ဓာကိုယ် တကိုယ်လုံးကို စနစ်တကျ နှိပ်နယ်ခြင်းက ကြွက်သားတစ်ရှူးတွေ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေ ကောင်းမွန်စေဖို့၊ အောက်ဆီဂျင်နဲ့ တခြားအာဟာရတွေ ကြွက်သားတွေဆီ ရောက်ရှိစေဖို့ သွေးလည်ပတ်မှု ကောင်းအောင်လည်း အထောက်အကူပြုပါသေးတယ်။

    (၂) နှိပ်နယ်ခြင်းက ခန္ဓာကိုယ်ထဲကို ရောဂါတွေ ဝင်လာတဲ့အခါ တိုက်ထုတ်ပေးမယ့် သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်တဲ့ lymphocytes တုန့်ပြန်မှုကို တိုးတက်စေပါတယ်။

    (၃) မောပန်းနွမ်းနယ်ခြင်းတွေကို ပြေပျောက်စေပြီး ခန္ဓာကိုယ် စွမ်းအင်ကို တိုးတက်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာကိုလည်း နိုးကြားတက်ကြွစေပါတယ်။ နှိပ်နေရင်း အိပ်ပျော်သွားတယ်ဆိုရင်တောင် နိုးလာတဲ့အခါမှာ အားပြည့်လာတာကို တွေ့ရှိမှာပါ။

    (၄) နှိပ်နယ်ခြင်းက cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း ပမာဏကို လျှော့ချပေးနိုင်တာကြောင့် စိုးရိမ်စိတ်ပူခြင်းကို လျော့ကျစေပါတယ်။ နောက်ထပ် အကျိုးပြုတဲ့ အချက်ကတော့ ခန္ဓာကိုယ်ထဲမှာ ပျော်ရွှင်ခြင်းကို ဖြစ်စေတဲ့ serotonin ပမာဏကို တိုးစေပါတယ်။ ဒါကြောင့် သွေးပေါင်မတက်အောင် ထိန်းပေးနိုင်ပါတယ်။

    (၅) ချွေးထွက်ခြင်းက အရေပြားပေါ်မှာရှိတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက် လိုအပ်တဲ့ အရာပါ။ Spaတွေမှာ ချွေးထွက်အောင် ချွေးထုတ်ခြင်းက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်အောင်ပါပဲ။ နှိပ်နယ်ခြင်းဟာ ချွေးထွက်စေတာမို့ အဆိပ်အတောက်တွေကို ပြေလျော့စေပါတယ်။

    (၆) နှိပ်နယ်ခြင်းက အလှအပအတွက်ပါ အကျိုးပြုပါတယ်။ ခေါင်းအစ ခြေအဆုံး နှိပ်နယ်ပေးခြင်းက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ချွေးပေါက်တွေကို ပွင့်စေတဲ့အပြင် ဆဲလ်အသစ်ဖြစ်ပေါ်ဖို့ကို အားပေးပါတယ်။ ဒီလိုလေး ပုံမှန်သာ နှိပ်ပေးမယ်ဆိုရင် အသားအရေ ကြည်လင်တောက်ပမှာ သေချာပါတယ်။

    (၇) နှိပ်နယ်ခြင်းဟာ အရေပြားလျော့ရဲခြင်းတွေ မဖြစ်စေဖို့ တားဆီးပေးပြီး အဆီခဲတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ အသားအရေကောင်းမွန်လာစေတဲ့ အချက်တစ်ချက်ပါပဲ။ နှိပ်နယ်ခြင်းက အရေပြား တင်းတင်းရင်းရင်းဖြစ်စေမှာမို့ ငယ်ရွယ်နုပျိုနေမှာ အသေအချာပဲနော်။

    (၈) တော်တော်များများကတော့ ဇက်ကြောနဲ့ ကျောဘက် ညောင်းညာတာကြောင့် နှိပ်ကြတာပါ။ Annals of Internal Medicine အရ နှိပ်နယ်ခြင်းဟာကျောဘက် ညောင်းညာတာတွေကို ပြေစေတဲ့အပြင် အာရုံကြောကိုပါ ကောင်းစေတယ်လို့ ဆိုထားပါတယ်။

    နှိပ်နယ်ခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို သိရပြီဆိုတော့ ကျန်းမာရေးကောင်းမွန်စေဖို့ အညောင်းပြေအညာပြေ နှိပ်နယ်တာတွေ လုပ်လို့ ရပြီနော်။ နှိပ်တဲ့အခါမှာလည်း အန္တရာယ်ကင်းစေဖို့ တကယ်တတ်ကျွမ်းတဲ့ ပညာရှင်ထံမှာပဲ နှိပ်နယ်ဖို့ အကြံပြုလိုပါတယ်။ နှိပ်နယ်တယ်ဆိုတိုင်း ကောင်းတာ မဟုတ်ပါဘူး။ မကျွမ်းကျင်တဲ့သူရဲ့ လက်ထဲမှာ အနှိပ်ခံတဲ့အခါ အရိုးတွေ၊ အကြောတွေ ထိခိုက်တာ၊ ကြွက်သားတွေ ရောင်ရမ်းတာ၊ သွေးခြည်ဥတာတွေ ဖြစ်နိုင်လို့ သတိထားစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement