backup og meta

ကိုယ့် ဆံပင် ကိုယ် အနံ့မခံနိုင်လောက်အောင် ဖြစ်ရတဲ့ အကြောင်းရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့် ဆံပင် ကိုယ် အနံ့မခံနိုင်လောက်အောင် ဖြစ်ရတဲ့ အကြောင်းရင်း

    ချွေးထွက်ထွက် မထွက်ထွက်၊ ရာသီဥတု ပူပူ မပူပူ ခေါင်းချွေး ထွက်တတ်တဲ့သူတွေရှိပါတယ်။ ခေါင်းချွေးထွက်က ကိစ္စမရှိပေမယ့် ခေါင်းချွေးနံ့က ပြင်းနေရင် ပြဿနာရှိနေပါပြီ။ လှုပ်ရှားလိုက်တိုင်း ကိုယ့် ဆံပင် က ခေါင်းချွေးနံ့ထွက်နေတာ အတော်ဆိုးပါတယ်။ လူကြားထဲ သွားလာရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့ဘူး၊ သူများတွေများ နံမလား၊ နှာခေါင်းရှုံ့ခံရမလား တထိတ်ထိတ်နဲ့ပေါ့။

    ဘာကြောင့် ဒီလောက် အနံ့ပြင်းရတာလဲ

    ခေါင်းမှန်မှန် မလျှော်လို့

    ခေါင်းမလျှော်ဘဲ နေလေ ဦးရေပြားမှာ အဆီတွေပိုပြန်လေ ဖြစ်ပါတယ်။ ခေါင်းမလျှော်ဘဲ ၃ ရက်ကျော်လာပြီဆိုရင် ဖြစ်လာတဲ့အဆီတွေကြောင့် ဦးရေပြားမှာသဘာဝအတိုင်းရှိနေတဲ့ ဘက်တီးရီးယားတွေ သေဆုံးပြီး အနံ့ဆိုးတွေ ဖြစ်လာစေပါတယ်။

    ခေါင်း ခဏခဏ လျှော်လွန်းလို့

    ခေါင်းလျှော်တယ် ဆိုလည်း ခဏခဏ လျှော်လွန်းတာက မကောင်းပါဘူး။ ဆံသားကို ပျက်စီးစေပြီး ဦးရေပြားကို ခြောက်သွေ့သွားစေပါတယ်။ ခေါင်းလျှော်လိုက်ရင် ဆံပင် မှာ အနံ့ပျောက်စေတာမှန်ပေမယ့် ခဏခဏလျှော်ရင် ဆန့်ကျင်ဘက်ရလဒ် ဖြစ်လာစေနိုင်ပါတယ်။ တစ်ပတ်အတွင်းသုံးလေးကြိမ် ခေါင်းလျှော်တဲ့အခါ ဆံပင် မှာရှိတဲ့ သဘာဝအဆီဓာတ်တွေ ခမ်းခြောက်စေတာကြောင့် ဦးရေပြားက အဆီပိုပြန်လာပါလိမ့်မယ်။ ဆံပင်မှာ အဆီတွေ ပိုပြန်လာမယ်၊ချွေးတွေ ပိုထွက်မယ်၊ အနံ့ ပိုထွက်လာပါလိမ့်မယ်။

    ဆံသား အလှကုန် တွေနဲ့ မတည့်လို့

    တချို့အလှကုန်တွေက သင့်ရဲ့သဘာဝအဆီတွေနဲ့မကောင်းတဲ့ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ ခေါင်းလျှော်ရည် သို့မဟုတ်ပေါင်းဆေး တစ်ခုခုကို သုံးလိုက်တဲ့နောက်ပိုင်း ဆံပင်ကအနံ့ဆိုးလာတာမျိုးုဖြစ်နိုင်ပါတယ်။

    ဆံသား အနံ့ပြင်း လက္ခဏာ(Smelly Hair Syndrome) ဖြစ်နေလို့

    ဦးရေပြားမှာ ချွေးနဲ့အဆီဂလင်းတွေလုပ်ဆောင်ချက်လွန်ကဲတဲ့အခါ Smelly Hair Syndrome လက္ခဏာဖြစ်လာစေပါတယ်။ ဦးရေပြားက အဆီနဲ့ချွေးတွေ ထွက်တာ များလွန်းရင် ဆံပင် မှာ အနံ့ထွက်လွယ်ပါတယ်။ ဒါ့အပြင်ဟော်မုန်းမညီမျှမှုကြောင့်လည်း ဒီပြဿနာကိုဖြစ်စေပါတယ်။

    မှိုပိုးဝင်လို့

    တစ်ခါတလေ အဆီဂလင်းတွေမှာ မှိုပိုးဝင်တတ်ပြီး ဦးရေပြားကို အနံ့ဆိုးထွက်စေနိုင်ပါတယ်။ ဒါကို tinea capitis လို့ခေါ်ပြီး ကူးစက်လွယ်တာကြောင့် တစ်အိမ်တည်းအတူနေသူချင်း ကူးစက်ပြန့်ပွားနိုင်ပါတယ်။

    ချွေးဂလင်းရဲ့ လုပ်ဆောင်ချက် မမှန်လို့

    ဦးခေါင်းမှာ ရှိတဲ့apocrine ချွေးဂလင်းတွေက အဆီပါတဲ့ချွေးတွေကို ထွက်ရှိစေတတ်ပါတယ်။ အဲဒီချွေးတွေက ဦးရေပြားပေါ်က ဘက်တီးရီးယားတွေကို သေစေတဲ့အခါ အနံ့ဆိုးထွက်စေပါတယ်။

    စိတ်ဖိစီးမှု များနေလို့

    စိတ်ဖိစီးမှုများခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါကျန်းမာရေးပြဿနာတွေအများကြီးဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆံသားနဲ့ဦးရေပြားမှာလည်းထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်လည်း ဆံပင်တွေပါးလာတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေတတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့စိတ်လှုပ်ရှားမှုတွေကြောင့် ဦးရေပြားမှာအဆီပိုဖြစ်စေပြီး အနံ့ဆိုးထွက်စေပါတယ်။ အဆီပြန်တဲ့ဦးရေပြားမှာ အနံ့အသက်ပိုစွဲပြီး အနံ့ပိုပြင်းတတ်ပါတယ်။

    အစားအသောက် တွေက သက်ရောက်မှု ရှိနေလို့

    ဦးရေပြား အနံ့အသက်ဆိုးခြင်းက သင့်ရဲ့အစားအသောက်နဲ့ တိုက်ရိုက် ပတ်သက်ဆက်နွယ်နေနိုင်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်တွေက တိုက်ဆိုင်မှုမရှိဘူး ဆိုရင်တော့ ကိုယ့်ရဲ့ စားသောက်ပုံအာဟာရကို ပြန်ဆန်းစစ်သင့်ပါတယ်။

    ကိုယ်စားသုံးတဲ့ အစာအာဟာရထဲမှာ တဆေးပါဝင်မှု လွန်ကဲနေနိုင်ပါတယ်။ တဆေးစားသုံးမိတာ များရင် သိသိသာသာချဉ်စုပ်တဲ့ အနံ့မျိုးထွက်နိုင်ပါတယ်။ တဆေးပါဝင်တဲ့ အစားအစာ ဘယ်ပမာဏလောက် စားမိသလဲ သတိထားကြည့်ပြီး လျှော့စားရင် အနံ့အသက် လျော့ပါးစေနိုင်ပါတယ်။

    ဘယ်လို ဖြေရှင်းရမလဲ

    အနံ့အသက်ထွက်နေတဲ့ ဦးရေပြားနဲ့ ဆံသားကို ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေရှိပါတယ်။

    • ခေါင်းလျှော်တဲ့ရက်ကို သတ်သတ်မှတ်မှတ်ထားပါ။လျှော်ဖို့မပျင်းပါနဲ့။ အလွန်အကျွံမလျှော်ပါနဲ့။
    • အမွှေးနံ့ကို အဓိကထုတ်လုပ်တဲ့ ခေါင်းလျှော်ရည်ကိုရွေးပါ။ဗောက်ပျောက်ခေါင်းလျှော်ရည်လည်း သုံးနိုင်ပါတယ်။
    • ပန်းကန်လုံးတစ်လုံးထဲမှာ ပန်းသီးရှာလကာရည်နဲ့ရေကို ဆတူရောပြီးဆံသားမှာဆွတ်လိမ်းပါ။ ခြောက်တဲ့အထိထားပြီးခေါင်းလျှော်ချပါ။
    • ရေတစ်ဖလားထဲကို မုန့်ဖုတ်ဆိုဒါအနည်းငယ်ထည့်ထားပါ။ ပုံမှန်အတိုင်းခေါင်းလျှော်လို့ပြီးတဲ့အခါမှ အဲဒီရေနဲ့လောင်းလျှော်ပါ။
    • ရို့စ်မေရီ သို့မဟုတ် သံလွင်ဆီ စတဲ့ အဆီတစ်မျိုးမျိုးထဲကို သံပရာရည်ညှစ်ထည့်ပြီး ဦးရေပြားမှာလိမ်းပေးပါ။ ပြီးမှ ခေါင်းလျှော်ပါ။ သံပရာသီးက အနံ့အသက်ပျောက်ပြီး ပိုးသေစေပါတယ်။
    • ဆံပင်ပျော့ဆေးကို ဦးရေပြားနဲ့ မထိပါစေနဲ့။ အနံ့အသက်ထွက်နေတဲ့ဦးရေပြားမှာ ဆံပင်ပျော့ဆေးသုံးလိုက်တာက အဏုဇီဝပိုးတွေကို အာဟာရကျွေးလိုက်သလိုဖြစ်စေနိုင်တာကြောင့် ပိုတောင်အနံ့ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်အဖျားကိုပဲ လိမ်းပေးပါ။ ဦးရေပြားမှာ မလိမ်းပါနဲ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement