backup og meta

ဆီးကနေ ကော်ဖီနံ့ ထွက်တာ ဘာကြောင့်လဲ


Ye Myo Myat မှ ရေးသားသည်။ · 20/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးကနေ ကော်ဖီနံ့ ထွက်တာ ဘာကြောင့်လဲ

    ပုံမှန်အားဖြင့် ကျွန်တော်တို့ တစ်နေ့တစ်နေ့ စားသုံးလိုက်တဲ့ အစာအာဟာရပေါ် မူတည်ပြီး ခန္ဓာကိုယ်ကနေ ထွက်တဲ့အရာတွေက အနံ့၊ အရောင် ပြောင်းသွားတတ်ပါတယ်။ ဥပမာ – ဝမ်း၊ ဆီး၊ တံတွေး၊ သုက်ရည် အစရှိသဖြင့်ပေါ့။ ဆီးဟာဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာတွေက စွန့်ထုတ်လိုက်တဲ့ အညစ်အကြေး၊ အနည်တွေကို ကျောက်ကပ်ကနေ စွန့်ထုတ်ပေးတာ ဖြစ်တဲ့အတွက် အရောင် ပြောင်းလဲခြင်း သိပ်မရှိတဲ့တိုင်အောင် အနံ့ကတော့ ပြောင်းသွားတတ်ပါတယ်။

    ကော်ဖီနံ့ ထွက်တဲ့ ဆီးအကြောင်း

    အဓိကပြဿနာက ကော်ဖီကို တစ်နေ့ တစ်ခွက်ထက် ပိုသောက်တဲ့သူတွေမှာ ဒီလိုဖြစ်ရပ်မျိုး ကြုံတတ်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ Hydroxycinnamic acid လို့ခေါ်တဲ့ ဓာတ်သတ္တုတစ်မျိုးက ကျန်းမာရေး အကျိုးကျေးဇူး တချို့ ပေးစွမ်းနိုင်သလို ကော်ဖီလို အနံ့ပြင်းပြင်းတွေ ထွက်လာရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ကော်ဖီသောက်လိုက်တဲ့အခါ ဒီ ဓာတ်သတ္တုတွေကို ခန္ဓာကိုယ်က ဖြိုခွဲပြီး Metabolite လို့ ခေါ်တဲ့ စွန့်ပစ်ပစ္စည်းအနေနဲ့ ကျောက်ကပ်မှာ သွားပြီး သိမ်းဆည်းထားပါတယ်။ ဆီးသွားစဉ်မှာ ဆီးအရည်နဲ့အတူ ကျောက်ကပ်ထဲမှာ ကျန်နေတဲ့ အနည်အနှစ်တွေပါ ကပ်ပါသွားတဲ့အတွက် ကော်ဖီနံ့ကဲ့သို့ ခပ်ပြင်းပြင်း အနံ့မျိုး ထွက်လာရခြင်း ဖြစ်ပါတယ်။

    နောက်တစ်ချက်ကတော့ ကဖင်းဓာတ်ပါ။ အသင့်ဖျော် ကော်ဖီမှုန့်ထုတ်ပဲ ဖြစ်စေ၊ ကော်ဖီစေ့ပဲ ဖြစ်စေ ကဖင်းဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ကဖင်းဓာတ်ဟာ ဆီးသွားချင်စိတ်ကို ဖြစ်စေလို့ ကော်ဖီ မကြာခဏ သောက်တဲ့သူတွေဟာ ဆီးပိုသွားတတ်ပါတယ်။ ရေသောက်နည်းသွားတဲ့အချိန်မှာ ဆီးကြောင့် ခန္ဓာကိုယ်က ကုန်သွားတဲ့ ရေဓာတ်ကို ပြန်မဖြည့်မိဘဲ အချိန်ကြာသွားတတ်ပါတယ်။ ဒီအခါ ဆီးအရောင်က ဝါကျင့်ကျင့် အရောင်ဘက်ကို ပြောင်းလဲသွားပြီး ကော်ဖီနံ့အပြင် တခြား စားလိုက်တဲ့ အညစ်အကြေးတွေပါ ရောပေါင်းပြီး အနံ့က ပိုပြင်းလာနိုင်ပါတယ်။

    ကော်ဖီနံ့ထွက်နေတဲ့ ဆီးဟာ စိုးရိမ်စရာ ကျန်းမာရေးပြဿနာလား။

    ကျန်းမာရေးပြဿနာ ဆိုတာထက် ကော်ဖီသောက်တဲ့ ပမာဏ များလွန်းနေတယ်ဆိုတာကို ခန္ဓာကိုယ်က ပြနေတဲ့ လက္ခဏာလို့ ယူဆတာ ပိုမှန်ပါလိမ့်မယ်။ ကဖင်းဓာတ် များများသောက်လေ၊ ဆီးက ပိုသွားလေ၊ ရေဓာတ် ခမ်းခြောက်မှုဖြစ်ပြီး ဆီးအနံ့ ပြင်းလေ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ တစ်နေ့တာ ကော်ဖီသောက်တဲ့ ပမာဏကို ထိန်းချုပ်ဖို့တော့ လိုအပ်ပါတယ်။

    ကော်ဖီမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိသလို တန်ဆေး၊ လွန်ဘေး၊ လိုတာထက် ပိုသောက်မိရင် ကျန်းမာရေး ပြဿနာတွေလည်း ကြုံရနိုင်ပါတယ်။ ဥပမာပြောရရင်

    • ဦးနှောက်က တက်ကြွလွန်းတဲ့အတွက် ညအိပ်မပျော်တော့ခြင်း

    • အိပ်ချင်နေတဲ့တိုင်အောင် ဦးနှောက်အာရုံက နိုးကြားနေခြင်း

    နှလုံးခုန်နှုန်း မြန်နေခြင်း

    • ရင်တုန်ခြင်း

    • စိုးရိမ်ပူပန်လာခြင်း

    ခေါင်းကိုက်ခြင်း

    • မူးဝေ အော့အန်ခြင်း

    • ရင်ဘတ်အောင့်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။

    ဒါဆို ဘယ်လို ဖြေရှင်းလို့ ရမလဲ။

    ကော်ဖီအရမ်း ကြိုက်တဲ့သူတွေအတွက် ကော်ဖီကို လုံးဝ မသောက်တာထက် တစ်နေ့ တစ်ခွက်လောက်ပဲ ပုံမှန်သောက်ပေးပါ။ ရေကိုလည်း နာရီဝက်ခြား တစ်ငုံလောက်ဖြစ်ဖြစ် သောက်ပေးပါ။ ဆီးသွားချင်လာတဲ့အခါ အောင့်မထားပါနဲ့။ ထသွားပါ။ ဆီးသွားရင် သွားသလောက် ရေကို များများ သောက်ပေးဖို့ မမေ့ပါနဲ့။ ကော်ဖီကိုလည်း မနက်အစောပိုင်း၊ လေ့ကျင့်ခန်း မလုပ်ခင်မှာ သောက်ပေးတာ ပိုကောင်းပါတယ်။ အိပ်ချိန်နဲ့ အနည်းဆုံး ၂ နာရီ ၃နာရီခန့် ခွာပြီး သောက်ပေးပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 20/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement