backup og meta

ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး

    နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်မှာ ချွေးနံ့ထွက်လို့ စိတ်ညစ်ရတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု များတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း၊ ဒါမှမဟုတ် စားသုံးနေတဲ့ အစားအစာ တချို့ကြောင့် ချွေးထွက်များတတ်တဲ့အတွက်လည်း ခန္ဓာကိုယ် အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။

    အများစုက ခန္ဓာကိုယ်ချွေးနံ့ကို ဖုံးအုပ်နိုင်ဖို့ ချွေးနံ့ပျောက်ဆေးတွေ၊ ရေမွှေးတွေ သုံးကြပါတယ်။ ချွေးနံ့ပြင်းသူ အများစုဟာ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပါးတာ ဒါမှမဟုတ် ကြက်သွန်ဖြူနဲ့ တခြားအနံ့ပြင်းတဲ့ အမွှေးအကြိုင်တွေလို အစားအစာတွေ စားသုံးမှုကြောင့်လည်း ဖြစ်ပါတယ်။

    ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။

    ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး

    လူတစ်ယောက်ဆီကနေ ထွက်ရှိလာတဲ့ ချွေးနံ့ဟာ ရောဂါတချို့အတွက် အဓိက သဲလွန်စတွေ ဖြစ်နေနိုင်တယ်ဆိုတာ သင်သိပါသလား။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ဆေးပညာလောကမှာ ရောဂါရှာဖွေရေးအဖြစ် အနံ့ခံအာရုံကို အသုံးပြုခဲ့ဖူးပါတယ်။ ဘီစီ၂၀၀၀လောက်က ရှေးခေတ်ဂရိ လူမျိုးနဲ့ တရုတ်လူမျိုးတွေက တီဘီရောဂါလိုမျိုး ကူးစက်နိုင်တဲ့ရောဂါတွေကို စစ်ဆေးသိရှိနိုင်ဖို့ အနံ့ခံအာရုံကို အသုံးပြုခဲ့ကြပါတယ်။

    လူတစ်ယောက်ရဲ့ ကိုယ်နံ့ဟာ (အရေပြားကထွက်တဲ့ ချွေးတင်မကဘဲ ခံတွင်းနံ့၊ သွေး၊ ဆီးနဲ့ တခြားခန္ဓာကိုယ်အရည်တွေဆီက အနံ့အပါအဝင်) အဲဒီလူရဲ့ကျန်းမာရေးအခြေအနေကို ဖော်ပြနိုင်တာကြောင့် ရောဂါအကြောင်းအရာကို အတိုင်းအတာ တစ်ခုအထိ ရှာဖွေပေးနိုင်ပါတယ်။

    ချွေးနံ့က ရောဂါအခြေအနေတွေနဲ့ ဘယ်လိုဆက်နွယ်နေသလဲ

    ရောဂါတစ်ခု ဖြစ်ပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ဓာတုပြောင်းလဲမှုတွေ၊ ဇီဝဖြစ်စဉ်အတွင်း ပြောင်းလဲမှုတွေ ဖြစ်စေတဲ့အပြင် metabolic compounds အမျိုးမျိုးထွက်ရှိလာစေပါတယ်။ ခန္ဓာကိုယ်ရဲ့ ဓာတ်သဘောတွေ ပြောင်းလဲလာခြင်းက နောက်ဆုံးမှာ ကိုယ်နံ့အမျိုးမျိုး ထွက်ပေါ်လာစေတာဖြစ်ပါတယ်။ အနံ့နဲ့ ကိုယ်ခံအား လှုပ်ရှားမှုကြား ဆက်နွယ်မှုဟာ cytokine ပမာဏများနေတာနဲ့ အတိုင်းအတာ တစ်ခုလောက်အထိ ဆက်နွယ်နေတယ်လို့ ဆွီဒင်သုတေသနတစ်ခုက ပြောပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်မှာ ကိုယ်ခံအားတုံ့ပြန်မှုက ပိုများလေ ခန္ဓာကိုယ်အနံ့က ပြင်းလေ ဖြစ်ပါတယ်။

    ဘာရောဂါတွေရှိနေနိုင်သလဲ

    ချွေးနံ့က ရောဂါအခံတွေရဲ့ လက္ခဏာရပ်တစ်ခု ဖြစ်နေနိုင်သလို တချို့သော ရောဂါတွေမှာဆို သိသာထင်ရှားတဲ့ ကိုယ်နံ့တစ်မျိုးစီတောင် ရှိနေတတ်ပါတယ်။ ဥပမာ -Scrofula ဆိုတဲ့ ရောဂါတစ်မျိုးက အောက်သိုးသိုး ဘီယာနံ့လို ချွေးနံ့ရှိတတ်ပါတယ်။ Yellow fever ရောဂါကြောင့်ဆိုရင် အသားဆိုင်မှာလိုမျိုး အသားညှီနံ့ဆန်ဆန် ကိုယ်နံ့ထွက်စေပါတယ်။

    ချွေးနံ့ဆိုးထွက်ရတဲ့နောက်ခံအကြောင်းရင်းတချို့ကတော့ –

    စိတ်ဖိစီးမှုများနေခြင်း

    စိတ်ဖိစီးမှုက ချွေးပိုထွက်စေပြီး ခန္ဓာကိုယ် အနံ့ပိုထွက်စေနိုင်တာ ဘာကြောင့်လဲ ဆိုတာ Mayo Clinic ကရှင်းပြထားပါတယ်။ ချွေးဂလင်းက ecrrine နဲ့ apocrine ဆိုပြီး နှစ်မျိုးရှိပါတယ်။ Eccrine ဂလင်းက ခန္ဓာကိုယ်ကို အေးစေဖို့ ချွေးထွက်စေတဲ့ဂလင်းဖြစ်ပြီး Apocrine ကတော့ စိတ်ဖိစီးတဲ့အခါ၊ စိတ်ညစ်ညူးတဲ့အခါ ချွေးထွက်စေတာဖြစ်ပါတယ်။ ဒီလိုချွေးထွက်လာရင် ဘက်တီးရီးယားတွေ ကပ်တွယ်ဖို့ လည်းအရမ်းလွယ်ပါတယ်။ ကိုယ့်မှာ ချွေးနံ့က ပုံမှန်နဲ့မတူ ထူးဆန်းနေပြီဆိုရင် သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုဒဏ်ကို တုံ့ပြန်နေရပြီလို့ သိထားပါ။

    ကျောက်ကပ်နဲ့ အသည်းလုပ်ဆောင်ချက်ပျက်ယွင်းခြင်း

    သင့်မှာ ကျောက်ကပ်နဲ့အသည်း လုပ်ဆောင်ချက်မကောင်းတော့ရင်လည်း ချွေးနံ့ပြင်းစေနိုင်ပါတယ်။ ကျောက်ကပ်နဲ့ အသည်းဟာ ခန္ဓာကိုယ်စနစ်ထဲကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့တာဝန်ကို ယူထားတာဖြစ်ပါတယ်။ သူတို့ကသာ ဒီတာဝန်ကို မလုပ်ဆောင်တော့ရင် အစာချေလမ်းကြောင်းနဲ့ သွေးထဲမှာ အဆိပ်ဓာတ်တွေများလာပြီး အနံ့ဆိုးတွေထွက်စေနိုင်ပါတယ်။ ချွေးနံ့ဆိုးက အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါကို ဖော်ပြနေတာဖြစ်နိုင်ပါတယ်။

    သိုင်းရွိုက်ရောဂါ

    သိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက် လွန်ကဲခြင်းကလည်း ကိုယ်နံ့ဆိုးခြင်းရဲ့ အကြောင်းရင်း တစ်ခုဖြစ်နေနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းက ချွေးထွက်စေပါတယ်။ ဒီလုပ်ဆောင်ချက်က လွန်ကဲလာရင် ခန္ဓာကိုယ်က ချွေးပိုထုတ်ပေးရပါတယ်။ သိုင်းရွိုက်အခြေအနေကို တစ်နှစ်တစ်ကြိမ် သို့မဟုတ် နှစ်နှစ်တစ်ကြိမ် လုပ်ဆောင်ချက် ပုံမှန်ဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။ Hyperthyroidism ကို ကုသလို့ရပါတယ်။ ကိုယ့်မှာ ပုံမှန်မဟုတ်ဘဲ ချွေးထွက်များနေပြီး ကိုယ်နံ့ပြင်းလာတာ သတိထားမိရင် ဆရာဝန်ပြသင့်ပါတယ်။

    သိုင်းရွိုက်ကြောင့် ချွေးထွက်ခြင်းက ညဘက်မှာဖြစ်လေ့ရှိတာကြောင့် နှလုံးအဆို့ ဒါမှမဟုတ် အရိုးမှာဖြစ်တတ်တဲ့ ပြင်းထန်တဲ့ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။

    ဆီးချိုရောဂါ

    ဆီးချိုရောဂါဟာ ချွေးနံ့ပြင်းခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတစ်ယောက်က သွေးတွင်းသကြားဓာတ်ကို ဂရုတစိုက်မထိန်းသိမ်းဘူးဆိုရင် ketoacidosis လို့ခေါ်တဲ့ အခြေအနေ ဖြစ်လာစေနိုင်ပါတယ်။ Ketoacidosis ဖြစ်လာသူဟာ ချဉ်စူးစူးအနံ့မျိုး ကိုယ်နံ့ရှိလာနိုင်ပါတယ်။Ketoacidosis ဟာဆိုးရွားတဲ့ ဆီးချိုအဆိပ်တက်ရောဂါ တစ်မျိုးဖြစ်ပြီး ချက်ချင်းဆရာဝန်နဲ့ပြသင့်ပါတယ်။

    ချွေးနံ့မထွက်အောင် ဘယ်လိုလုပ်ရမလဲ

    ခန္ဓာကိုယ်မှာဟော်မုန်းပြောင်းလဲတတ်တဲ့အချိန်ဖြစ်တဲ့ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်မှာချွေးနံ့က အဆိုးဆုံးဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ချွေးနံ့ဆိုးလာတဲ့အခါ အနံ့အုပ်အောင် ချွေးနံ့ပျောက်ဆေး၊ ဘော်ဒီစပရေးနဲ့ ရေမွှေးတွေ သုံးကြပါတယ်။

    သန့်ရှင်းအောင်နေပါ

    ချွေးထွက်များပြီး ဘက်တီးရီးယားတွေရှိနေနိုင်တဲ့သူတွေမှာ တစ်နေ့နှစ်ကြိမ်ရေချိုးသင့်ပါတယ်။ သန့်ရှင်းတဲ့ ချည်သားအဝတ်အစားနဲ့ အတွင်းခံတွေကိုဝတ်ရင်ပိုကောင်းပါတယ်။

    မုန့်ဖုတ်ဆိုဒါ

    အလွန်အကျွံ ချွေးထွက်များခြင်းကို လျော့စေဖို့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို သံပရာရည်နဲ့ရောပြီး တစ်နေ့နှစ်ကြိမ် ချိုင်းမှာ သုတ်လိမ်းပေးပါ။ အနံ့ပျောက်စေတဲ့ အာနိသင်ရှိတဲ့ မုန့်ဖုတ်ဆိုဒါကိုချွေးနံ့ပျောက်ဆေးလိုအသုံးပြုနိုင်ပါတယ်။ ဘက်တီးရီးယားကိုသေစေပါတယ်။

    ဗီနီဂါ

    ဗီနီဂါက အရေပြားရဲ့ PH အဆင့်ကိုလျော့စေပြီး ကိုယ်နံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။ ဗီနီဂါ အနည်းငယ်ကို ရေရောပြီး ချိုင်းမှာ သုတ်လိမ်းပါ။

    ကျောက်ချဉ်

    ကျောက်ချဉ်ကို သွေးပြီး ချိုင်းမှာ လိမ်းပေးပါ။ ချွေးနံ့ပျောက်စေပါတယ်။

    ပန်းသီးရှာလကာရည်

    Apple cider vinegar က အရေပြား PH အဆင့်ကို  လျော့စေတာကြောင့် ချွေးနံ့ပျောက်ဆေးလိုပဲ သုံးလို့ရတဲ့ ဆေးဖက်ဝင်ပစ္စည်း ဖြစ်ပါတယ်။

    ကလေးပေါင်ဒါ

    ချွေးထွက်များတဲ့နေရာတဝိုက်ကို ကလေးပေါင်ဒါ လိမ်းထားတာလည်း သက်သာစေနိုင်ပါတယ်။

    ရေနဲ့သံပရာရည်

    ရေများများသောက်ပါ။ သံပရာက ခန္ဓာကိုယ်မှာ အဆိပ်အတောက်ဓာတ်တွေ ဖယ်ရှားပေးတာကြောင့် သံပရာရည်သောက်ပေးပါ။

    အသီးအနှံနဲ့ အရွက်

    ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့လို အစိမ်းရင့်ရောင် အသီးအရွက်တွေကို စားပေးပါ။ သစ်သီးတွေနဲ့ အသီးအရွက်တွေကို ဖျော်ရည် လုပ်သောက်တာလည်း ကောင်းပါတယ်။

    ရှောင်ရှားသင့်တဲ့အရာများ

    အသား၊ အဆီ၊ နို့ထွက်ပစ္စည်း၊ ချောကလက်၊ သကြားတို့အပြင် အရက်၊ ကော်ဖီနဲ့ လက်ဖက်ရည်ခါးခါး တို့ကို ရှောင်သင့်ပါတယ်။

    ချိုင်းကြားဆိုတာက ချွေးထွက်တဲ့နေရာဖြစ်ပေမယ့်လည်း လူတွေက အဆိပ်ဓာတုတွေ ပါဝင်နေတဲ့ ချွေးနံ့ပျောက်ဆေးတွေကို သုံးပြီး အနံ့ဆိုးကာကွယ်နေကြပါတယ်။ ချိုင်းကြားဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးတာကြောင့် ချွေးပေါက်တွေ ပိတ်ဆို့မနေသင့်ပါဘူး။ ထိုက်သင့်သလောက် ချွေးထွက်တာကပဲ ကျန်းမာရေးအတွက်ကောင်းပါတယ်။

    အထက်ပါ နည်းလမ်းတွေကို စဉ်းစားပြီး ခန္ဓာကိုယ်ရဲ့ အတွင်းရောအပြင်မှာပါ သန့်စင်အောင်လုပ်ပါ။ ဆိုရရင် သင့်ချွေးနံ့က ဆိုးရွားလှတဲ့ အခြေအနေဖြစ်နေပြီဆို ကိုယ်စားတဲ့အစားအသောက် အနေအထိုင်ကို ပြန်ထိန်းညှိဖို့လိုနေပြီဆိုတာပြနေတဲ့သဘောဖြစ်ပါတယ်။

    ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး ကို သေချာလေး ဂရုစိုက် ကြည့်ရှုလိုက်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement