backup og meta

ကိုယ့်ကိုမှ ခြင်ပိုကိုက်ရတဲ့ အကြောင်းရင်း (၇) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကိုမှ ခြင်ပိုကိုက်ရတဲ့ အကြောင်းရင်း (၇) ခု

    ကိုယ့်အနားမှာ ခြင်တွေ တဝီဝီဖြစ် နေသလား။ ဒါက အထူးအဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် သူများနဲ့ ယှဉ်ထိုင်နေရင်း ကိုယ့်ကိုမှ ခြင်ပိုကိုက်ရတဲ့ အကြောင်းရင်း တွေကိုရော သိပြီးပြီလား။

    ခြင်ဆိုတာ ရောဂါပိုးသယ်ဆောင်လာတတ်တဲ့ သွေးစုပ်အင်းဆက်တစ်မျိုးမို့ ခြင်များများကိုက်ခံရတာ မကောင်းပါဘူး။ သူတို့ကြောင့် ဇီကာဗိုင်းရပ်စ်၊ Yellow fever၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားစတဲ့ ရောဂါတွေအပြင် ခုနောက်ပိုင်းခေတ်စားလာတဲ့ ဆင်တုပ်ကွေးရန်လည်း ကြောက်ရပါသေးတယ်။

    ကိုယ့်ကိုမှ ခြင်ပိုကိုက်ရတဲ့ အကြောင်းရင်း (၇) ခု

    အတူတူထိုင်နေကြတဲ့အထဲ ကိုယ့်တစ်ယောက်တည်းကိုမှ ဝိုင်းဝိုင်းလည်နေတာ စိတ်တိုစရာပါပဲ။ ရေမချိုးထားလို့နေမှာပေါ့ ဆိုတဲ့ သူငယ်ချင်းတွေရဲ့ စနောက်မှုတွေကလည်း တမှောင့်။ ဒီဆောင်းပါးဖတ်ပြီးရင်တော့ ကိုယ့်ကိုမှ ခြင်ပိုကိုက်ရတဲ့ အကြောင်းရင်း တွေကို ရဲရဲသာ ရှင်းပြလိုက်ပါတော့။

    ၁) ချွေးထွက်ခြင်း

    ဒီသတ္တဝါအသေးစားလေးတွေက သင့်ရဲ့ ချွေးထဲမှာရှိတဲ့ လက်တစ်အက်စစ်၊ အမိုးနီးယားနဲ့ ယူရစ်အက်စစ်တို့ကို အရမ်းကြိုက်ပါတယ်။ ဒါ့ကြောင့် ကိုယ်က လေ့ကျင့်ခန်းလုပ်ထားတယ်ဆိုရင် ကြွက်သားတွေကြားမှာ လက်တစ်အက်စစ်က ဖြစ်ပေါ်လာနိုင်ပါတယ်။

    ခြင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကိုလည်း ကြိုက်တာကြောင့် အသက်ပြင်းပြင်းရှူထုတ်သူတွေနားကို ဝိုင်းနေတတ်ပါတယ်။ ဒါ့ကြောင့်ပဲ လူကောင်ကြီးတဲ့သူတွေကို ခြင်တွေ ပိုကိုက်ပါတယ် (CO2 ထုတ်လုပ်မှုများလို့ပါ)။

    ၂) အရောင်ရင့်တဲ့ အဝတ်အစား

    ခြင်တွေက အရောင်ရင့်တဲ့ အဝတ်အစားကို ကြိုက်နှစ်သက်ပါတယ်။ အနက်ရောင်ဝတ်တဲ့သူကို အကိုက်ဆုံးပါပဲ။ ခြင်တွေက အဝေးကနေ ပစ်မှတ်ကို လှမ်းရှာတတ်တာကြောင့် အရောင်ရင့်ရင် ပိုမြင်လွယ်ပါတယ်တဲ့။

    ၃) ဘီယာနဲ့ အရက်သောက်သုံးခြင်း

    ဘီယာသောက်ထားတဲ့ ညနေခင်းတွေမှာ ခြင်ကိုက်ပိုခံရတာ သတိထားမိပါသလား။ သူတို့ ကြိုက်တာက ဘီယာကိုတော့ ဟုတ်ပုံမရပါဘူး။ အရက်ကြောင့်ဖြစ်လာတဲ့ ခန္ဓာကိုယ်အပူချိန် မြင့်တက်မှုကို သိကြတာဖြစ်နိုင်ပါတယ်လို့ ဂျပန်သုတေသနတစ်ခုက ၂၀၀၂ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။

    ၄) အငန်နဲ့ အချိုများတဲ့ အစားအစာများ

    ကိုယ်စားတဲ့ အစားအစာတွေကြောင့်လည်း ခြင်တွေကို ပိုဆွဲဆောင်နေတာဖြစ်နိုင်ပါတယ်။ သူတို့က လူ့အရေပြားပေါ်မှာ အငန်များတဲ့ အစားအစာတွေ၊ အချိုတွေကို အနံ့ခံသိရှိနိုင်ပါတယ်။

    အငန်များတဲ့ အစာကိုစားရင် လက်တစ်အက်စစ် ပိုထွက်စေလို့ အာလူးကြော်၊ ငါးခြောက်ဖုတ် စတာတွေကို စားထားရင် ခြင်တွေ ဝိုင်းနေမှာပါ။ ကိတ်မုန့်၊ ကွတ်ကီးစတဲ့ အချိုများတာတွေကို စားထားရင်လည်း အလားတူပဲ ခြင်တွေ ပိုမျက်စိကျစေပါလိမ့်မယ်။

    ဆန့်ကျင်ဘက်အနေနဲ့ တစ်ခုစားလို့ရတာက ကြက်သွန်ဖြူပါ။ သွေးစုပ်တတ်တဲ့ သည်ခြင်တွေက ကြက်သွန်ဖြူနံ့ကိုတော့ မုန်းပါတယ်တဲ့။ ဒါ့ကြောင့် အပေါ်မှာပြောခဲ့တဲ့ အစာတွေကို စားတော့မယ်ဆိုရင် ကြက်သွန်ဖြူကို ကြိုစားထားလို့ ရပါတယ်။

    ၅) ရေမွှေးနဲ့ တခြားအမွှေးနံ့များ

    ရေမွှေးအပါအဝင် အမွှေးနံ့အမျိုးမျိုးက ခြင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ အမွှေးနံ့ရတဲ့သူဆီ ပိုကိုက်ကြမှာဖြစ်ပါတယ်။

    ၆) ဘက်တီးရီးယား

    ခြင်တွေက ဘက်တီးရီးယားကို နှစ်သက်ကြပြီး အရေပြားပေါ်မှာလည်း ဘက်တီးရီးယားက အများကြီး ရှိနေတတ်ပါတယ်။ ဒါ့ကြောင့် ကာကွယ်နိုင်မယ့် နည်းလမ်းက တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး တတ်နိုင်သလောက် သန့်ရှင်းစွာ နေထိုင်ပါ။

    ၇) ကိုယ်ဝန်ဆောင်များ

    ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေကို ခြင်နှစ်ဆ ပိုကိုက်တယ်လို့ သုတေသနက ဖော်ပြပါတယ်။ ကိုယ်ဝန်ဆောင်တွေက ကိုယ်အပူချိန် ပိုများပြီး ကာဗွန်ဒိုင်အောက်ဆိုက် ရှူထုတ်မှု ပိုများတာကြောင့် လို့ ဆိုပါတယ်။

    ဘာကြောင့်ပဲ ကိုက်ကိုက် ခြင်ကိုက်ခံရရင် ရောဂါပိုးကူးစက်နိုင်ခြေ ရှိတာကြောင့် တတ်နိုင်သမျှခြင်ရန်ကနေ ကာကွယ်ဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement