အိပ်ရာနိုးနိုးချင်း ရေတစ်ခွက်သောက်ပါ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ခန္ဓါကိုယ်မှာ အများဆုံးပါဝင်ဖွဲ့စည်းထားတာကရေပါ။ ဒါကြောင့် ကျန်းကျန်းမာမာနေချင်တယ်ဆိုရင်ရေသောက်ပါ။ ကားတွေ၊ စက်ယန္တရားတွေလည်ပတ်ဖို့လောင်စာဆီလိုအပ်သလို ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကာင်းမွန်ဖို့အတွက်သောက်သုံးရေလိုအပ်ပါတယ်။ ခန္ဓါကိုယ်မှာ လုံလောက်တဲ့ရေပမာဏ မပြည့်ဝဘူးဆိုရင်ရေတိုမှာပဲဖြစ်ဖြစ်ရေရှည်မှာပဲဖြစ်ဖြစ် ကျန်းမာရေးထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။

ရေရှည် ခန္ဓါကိုယ်မှာ ရေဓါတ်မလုံလောက်ရင် ဘာဖြစ်မလဲ

ခန္ဓါကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ရေဓါတ်ကိုပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ချို့ယွင်းမှုလေးတွေဖြစ်လာမှာပါ။

ဒီဝေဒနာတွေကို မခံစားရစေဖို့အတွက် လုပ်လို့ရမယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ခုကတော့ မနက်အိပ်ရာက နိုးနိုးချင်းရေတစ်ခွက်ပြည့်ပြည့်ဝဝသောက်ပေးဖို့ပါ။

မနက်ခင်းရေတစ်ခွက်သောက်ပေးရင် ရလာမှာတွေက

မနက်ခင်းမှာရေတစ်ခွက်သောက်သုံးမယ်ဆိုရင် အရင်ဆုံးရလာမယ့် အကျိုးကျေးဇူးက တစ်နေ့တာမှာကောင်းကောင်းလှုပ်ရှားနိုင်မှာပဲဖြစ်ပါတယ်။ရေဓါတ်ပြည့်ဝတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်စေမှာတော့ အသေအချာပါပဲ။

အသားအရေကို ကြည်လင်စေတယ်

တကယ်လို့ သင့်အနေနဲ့ ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ရေသောက်ပေးပါ။ မနက်နိုးနိုးချင်းမှာရေသောက်လိုက်တဲ့အခါ အူလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို အညစ်အကြေးကနေတဆင့် ခန္ဓါကိုယ်ပြင်ပကိုရောက်ရှိသွားစေပါတယ်။ ခန္ဓါကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်လေလေ အသားအရေက ပိုကြည်လင်ကျန်းမာလေလေပါ။ အစာအိမ်ထဲမှာ အစာမရှိခင်ရေသောက်ချပေးတာ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို အထောက်အကူပြုပေးပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

ခန္ဓါကိုယ် ကျန်းမာသန်စွမ်းဖို့ရေကမရှိမဖြစ်အရေးပါတဲ့ အရာပါ။ မနက်ခင်း အိပ်ရာကနေ ထထချင်း ဘာမှမလုပ်သေးခင်ရေတစ်ခွက်လောက်သောက်ပေးလိုက်တာက ကိုယ်ခံအားကိုကောင်းမွန်စေနိုင်သလို မကြာခဏဖျားနာတာနဲ့ရောဂါတွေ ကူးစက်ခံရတဲ့အန္တရာယ် ကနေကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

မနက်ခင်းရေသောက်တာကရောဂါတော်တော်များများကို ကာကွယ် ကုသရာရောက်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ခန္ဓါကိုယ်မှာဖြစ်ရတဲ့ရောဂါအများစုက အစာအိမ်ကနေ အစပြုလာကြတာပါ။ ဒါကြောင့် အစာအိမ်နဲ့အစာခြေစနစ်ကို ကျန်းမာနေအောင် ဂရုစိုက်လိုက်မယ်ဆိုရင်ရောဂါအများစုကနေ ကာကွယ်ပြီးသားဖြစ်သွားမှာပါ။ ဒါကြောင့် မနက်နိုးနိုးချင်းရေတစ်ခွက်သောက်ပြီး ကျန်းမာတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်လိုက်ပါ။

အစားနည်းနည်းပဲ စားမိစေနိုင်တယ်

ရေက အနံ့အရသာမရှိပေမယ့်သောက်ရတာလွယ်ပါတယ်။ ဘာမှမစားသေးခင်ရေကိုပြည့်ပြည့်ဝဝသောက်ထားမယ်ဆိုရင် မလိုအပ်ဘဲ အစားတွေ အများကြီးမစားမိအောင် အန္တရာယ်ကင်းကင်းနဲ့ကာကွယ်နိုင်မှာပါ။ဘော်ဒီလှလှလေးပိုင်ချင်သူတွေအတွက်လည်း နည်းလမ်းကောင်းပေါ့။ အစားနည်းနည်းပဲ စားမိအောင် ရေများများသောက်ပေးပါ။

အူမကြီးကို သန့်စင်စေနိုင်တယ်

ရေသောက်တာက အူမကြီးကို သန့်စင်စေနိုင်ပါတယ်။ မနက်အိပ်ရာထထချင်းမှာ အရင်ဆုံးရေတစ်ခွက်သောက်လိုက်မယ်ဆိုရင် အစာအိမ်၊အူလမ်းကြောင်း နဲ့ အူမကြီးနံရံတွေမှာ ရှိနေတဲ့ အညစ်အကြေးတွေကိုဆေးကြောလိုက်သလိုဖြစ်သွားပြီး အူနံရံက အစာအာဟာရတွေ စုပ်ယူမှုကို ပိုမိုကောင်းမွန်အောင် အထောက်အကူပြုနိုင်မှာပါ။

အားရှိစေနိုင်တယ်

ခြေကုန်လက်ပန်းကျသလိုဖြစ်နေရင်ရေတစ်ခွက်သောက်လိုက်ပါ။ မနက်ခင်းမှာ ဘာမှမစားခင်ရေတစ်ခွက်သောက်လိုက်တာကသွေးနီဥဆဲလ်တွေ ကြီးထွားလာအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။သွေးနီဥဆဲလ်တွေ များလာတာကသွေးတွင်းအောက်ဆီဂျင် ပမာဏကိုတိုးလာစေနိုင်ပါတယ်။နောက်ဆုံးရလာမယ့် အကျိုးကျေးဇူးက ခန္ဓါကိုယ်မှာ အင်အားပြည့်ဝလာစေမှာဖြစ်ပါတယ်။

ခန္ဓါကိုယ်က အဆိပ်တွေကို ဖယ်ရှားပေးနိုင်တယ်

ရေသောက်လိုက်တဲ့အခါ ဆီးသွားတယ်ေလ။ ဒီလိုဆီးသွားတဲ့အခါ ခန္ဓါကိုယ်က အဆိပ်အတောက်တွေက ထွက်သွားပြီး ကိုယ်တွင်းအင်္ဂါတွေမှာရှိနေတဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပြီးသားဖြစ်သွားပါတယ်။ မနက်ခင်းရေသောက်တာက သဘာဝအတိုင်း အဆိပ်အတောက်ဖယ်ရှားတဲ့ နည်းတစ်ခုပါ။

ခေါင်းကိုက်တာ ကင်းဝေးစေနိုင်တယ်

လူတွေခေါင်းကိုက်ရတဲ့ အကြောင်းအရင်းကရေအလုံအလောက် မသောက်မိတာကြောင့်ပါ။ ခန္ဓါကိုယ်မှာရေဓါတ်နည်းလာတာကလည်းခေါင်းကိုက်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့် တစ်နေ့တာလုံးခေါင်ကိုက်တဲ့ပြဿနာနဲ့ ခပ်ကင်းကင်းနေဖို့ဆိုရင်ရေကိုလုံလောက်အောင်သောက်မိဖို့ ဂရုစိုက်ပါ။ရေသောက်ပေးတာကခေါင်းကိုက်တာတင် သက်သာစေတာမဟုတ်ဘဲ ခံတွင်းအနံ့ဆိုးထွက် တာကိုပါသက်သာစေနိုင်တာပါ။

ဒီလောက်ကျန်းမာရေး အကျိုးကျေးဇူးတွေများနေမှတော့ အပန်းလည်းမကြီးဘဲ အလွယ်တကူလုပ်လို့ရမယ့် မနက်နိုးတိုင်း ရေတစ်ခွက်သောက်တာကို လုပ်သင့်တယ်မထင်ဘူလား……

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇွန် 13, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 16, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။