backup og meta

အဲယားကွန်းခန်းထိတွေ့နေသူတိုင်း သိထားသင့်တဲ့ အချက်တွေ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဲယားကွန်းခန်းထိတွေ့နေသူတိုင်း သိထားသင့်တဲ့ အချက်တွေ။

    အဲယားကွန်းဆိုတာ ယနေ့ခေတ်လူနေမှုဘဝမှာ မရှိမဖြစ် အသုံးပြုနေရတဲ့ အရာတစ်ခုဖြစ်တယ်။ အဲယားကွန်းကို ဇိမ်ခံပစ္စည်း အဖြစ် သတ်မှတ်ထားကြပြီး အိမ်၊ကုန်တိုက်၊ ဆေးရုံဆေးခန်း ၊ အလုပ်၊ ကား အားလုံးအားလုံး နီးပါးတွင် အဲယားကွန်း သည် မရှိမဖြစ်ပေ။ အဲယားကွန်းနဲ့ ထိတွေရတာ နေ့တိုင်းအချိန်တိုင်း နီးပါးဖြစ်လာတော့ ကြာလာရင် ကျန်းမာရေး အတွက် ဘာတွေဖြစ်လာနိုင်သလဲ။ အတွင်းပိုင်းကျန်းမာရေးကို မထိခိုက်စေပေမယ့် အပြင်ပိုင်း အသားရေ က အဲယားကွန်းနဲ့ တိုက်ရိုက်ထိတွေ့ရတာဆိုတော့ အပြင်ပိုင်း အသားရေ ထိခိုက်နိုင်ဖို့က ပိုများတာပေါ့နော့်။ လူ့ပတ်ဝန်းကျင် အတွက် အဲကွန်းက ကောင်းတာရော ဆိုးတာကိုရော ဖြစ်စေတယ်ဆိုတော့ ဘာတွေဖြစ်နိုင်လဲ ဆိုတာ ကြည့်ရအောင်။

    အဲယားကွန်းရဲ့ ကောင်းကျိုးတွေ။

    အကောင်းဆုံး အားသာချက်တစ်ခုကတော့ နွေရာသီဆို အဲ့ယားကွန်းက မရှိမဖြစ်ပဲလေ။ ရာသီဥတု ပူတဲ့ အချိန်ဆို ပူနေတာနဲ့တင် အလုပ်လုပ်ရတာ အဆင်မပြေဖြစ်။ အလုပ်ထဲလည်း စိတ်မဝင်စား။ အလိုလိုနေရင်း ချွေးထွက် မောပန်းနေတယ်။ အဲ့ အချိန် အဲယားကွန်းခန်းထဲ ရောက်သွားပြီဆို ဘာပြောကောင်းမလဲ နတ်ပြည်တက်လိုက်ရသလိုပဲလေ။ အပူဒုက္ခတွေ အားလုံးချုပ်ငြိမ်းသွားတယ် မဟုတ်လား။ အလုပ်လုပ်ရတာလည်း စတိုင် လေးနဲ့ အလုပ်လုပ်ရတော့အလုပ်လုပ်ချင်စိတ်ပိုရှိ အလုပ်တွေ မြန်မြန်ပြီး စိတ်လည်းရှည်တယ်။ ချွေးလည်းသိပ်မထွက် ဘူးဆိုတော့ ရေဓါတ်ဆုံးရှုံးတာလည်း နည်းသွားတာပေါ့။

    ဒါဆို မကောင်းတဲ့ အချက်တွေကရော ဘာတွေလဲ။

    အဲယားကွန်းက အပူတွေကို လျော့ပေးငြ်္ပီး သက်တောင့်သက်သာ ရှိအောင်လုပ်ပေးတယ်ဆိုပေမယ့် နောက်ပိုင်း ကြာလာရင် အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် မျက်နှာ အသားအရေ ခြောက်ပြီး ဝက်ခြံတွေပေါက် နီရဲလာတာတွေဖြစ်နိုင်ပါတယ်။ အဲယားကွန်းက အခန်းထဲက ရေငွေ့တွေကို စုပ်ယူလိုက်တဲ့အတွက်ကြောင့် အသားရေ အပြင်ဆုံးအလွှာဘက်မှာရှိတဲ့ ရေဓါတ်ကိုပါ စုပ်ယူလိုက်ပါတယ်။ ကြာတော အသားအရေ က ရေဓါတ်ခမ်းခြောက် ပြီး တင်းရင်းမှုတွေ ပျောက်ဆုံး၊ ကြမ်းကြမ်းတမ်းတမ်းဖြစ်လာပါတယ်။ ဒါတွေက မိန်းကလေးတွေအတွက်တော့ အိပ်မက်ဆိုးကြီးတစ်ခုပါ။ ဒါကြောင့် အဲယားကွန်းခန်းထဲမှာနေရင် လုပ်ရမယ့် ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။

    ရေများများသောက်ပါ။

    လူတစ်ယောက်အတွက် ရေက မရှိမဖြစ်လိုအပ်ပြီး ကိုယ်ခန္ဓါတွင်း ရေဓါတ်ပြည့်ဝဖို့ ဆိုတာ အလွန် အရေးကြီးတဲ့ အရာတစ်ခုပါ။ အဲယားကွန်းကြောင့် ရေဓါတ်ဆုံးရှုံ့းပြီး အသားခြောက် နိုင်တယ်ဆိုတော့ တစ်နေ့ကို ရေ ၈ ဖန်ခွက်သောက်ပြီး အမြဲ ရေဓါတ်ဖြည့်ပေးနိုင်မှသာ တော်ရုံကျမှာပါ။ ရေသောက် ဖို့ မေ့မေ့နေတယ်ဆိုရင် သတိပေးတဲ့ application တွေ ဖုန်းထဲ သွင်းထားတာ၊ alarm ပေးထားတာ၊ သောက်ရမယ့်ရေဘူးကို စားပွဲပေါ်တင်ထားတာတွေ လုပ်ပေးနိုင်ပါတယ်။ ဒါမှလည်း ရေသောက်ဖြစ်မှာကိုး။

    သင့်တော်သော အစိုဓါတ်ထိန်းခရင် တစ်မျိုးမျိုးလိမ်းပါ။

    အစိုဓါတ်လိမ်းခရင်ဆိုပေမယ့် အနံ့မပါတဲ့ ခရင်ဆိုပိုကောင်းပါလိမ့်မယ်။ အစိုဓါတ်ထိန်းခရင်ကို လိမ်းထားခြင်းဖြင့် သင့် အသားအရေကို ရေဓါတ်အမြဲဖြည့်ပေးနေမှာဖြစ်ပြီး အသားခြောက်တဲ့ ပြဿနာတွေ ကင်းဝေးသွားပါလိမ့်မယ်။ ဖြစ်နိုင်ရင် အစိုဓါတ်ထိန်း စပရေး တစ်မျိုးမျိုးကို သင့်စားပွဲခုံပေါ် တင်ထားလိုက်ပါ။ အသားခြောက်လာပြီလို့ ခံစားရတာနဲ့ စပရေးလေးကို အသားပေါ်ကို ဖြန်းလိုက်၊ ရေဓါတ်ပြန်ရသွားမှာပါ။

    ရေဓါတ်များတဲ့ အသီးအနှံများများစားပါ။

    အသီးအနှံ တွေက အသားအရေ နဲ့ ကျန်းမာရေး အတွက်ကောင်းတယ်ဆိုတာ လူတိုင်းသိနေတဲ့ အရာတစ်ခုပါ။ အသင့်စားအမြန်ရတဲ့အစားအသောက်တွေ ၊ ဆီကြော်မုန့်တွေကိ ုအလုပ်မှာ စားမယ့်အစား အသီးတစ်ခုခု စားလိုက်ရင် သင့်အသားအရေအတွက်ရော ကျန်းမားရေးအတွက် ရော ကောင်းမွန်မှာဖြစ်ပါတယ်။ အသီးတွေထဲပါဝင်တဲ့ ဗီတာမင်တွေနဲ့ ရေဓါတ်တွေက အသားခြောက်သွေ့ခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

    ပြတင်းပေါက်များကို ဖွင့်ထားပါ။

    လူတွေ မှားယွင်းစွာလုပ်နေကြတဲ့ ထိပ်ဆုံးက အရာတစ်ခုက အဲယားကွန်းဖွင့်ထားတော့ အအေးလေးတွေ အပြင်ထွက်သွားမှာစိုးပြီး အခန်းကို အလုံပိတ်ထားတတ်ကြပါတယ်။ အဲ့လိုနဲ့ ပဲလေကောင်းလေသန့် မရတော့ဘဲ ကြာလာရင် ကျန်းမာရေးတောင် ထိခိုက်နိုင်ပါတယ်။ ပြတင်းပေါက်တွေကို အမြဲဖွင့်ထားရမယ်လို့ မဆိုလိုပါ။ တစ်နေ့ ကို ၃ကြိမ်လောက် ဖွင့်ပေးပြီ းတစ်ခါဖွင့်ရင် မိနစ် ၂၀ လောက်ဖွင့်ထားပေးပါ။ ဒါမှလေတွေ ဖလှယ်ပြီးသားဖြစ်ပြီး လေကောင်းလေသန့်ရမှာပါ။

    အဲယားကွန်းခန်းထဲမှာ တစ်ချိန်လုံး မနေပါနဲ့။

    အလုပ်လုပ်နေတဲ့ အခန်းက ပြတင်းပေါက်မရှိတာပဲဖြစ်ဖြစ် အဲယားကွန်းကလည်း ပိတ်လို့မရတာပဲဖြစ်ဖြစ် ဖြစ်နေရင် ခဏလောက် လေကောင်းလေသန့်ရမယ့်နေရာကို ထွက်သွားတာ အကောင်းဆုံးပါ။ အဲကွန်းထဲမှာပဲ တစ်ချိန်လုံးနေခြင်းက သင့် အသားအရေကို ခြောက်စေပြီး တစ်ခြား ကျန်းမာရေးပြဿနာများကို လည်းဖြစ်စေမှာပါ။.အပြင်ကို ခဏလောက်ထွက်သွားလိုက်တာနဲ့ အသားလေးလည်း ပြင်ပလေနဲ့ထိတွေ့ခွင့်ရ၊ သင်ကိုယ်တိုင်လည်း စိတ်အပန်းပြေသွားမှာပါ။

    မျက်လုံးကိုလည်းခြောက်စေပါတယ်။

    အသားအရေကိုတောင်ခြောက်မှတော့ မျက်လုံးထဲက ရေဓါတ်လေးဟာလည်း အဲယားကွန်းကြောင့် ခြောက်သွေ့ သွားပါတယ်။ အဲ့အခါမှာ မျက်လုံးစပ်တာ၊ အလင်းရောင်ကို မကြည့်နိုင်တော့တာ၊ မျက်ရိုးကိုက်တာတွေဖြစ်လာနိုင်ပါတယ်။ အဲယားကွန်းထဲ ကြာကြာ အလုပ်လုပ်သူဖြစ်တယ်ဆိုရင် မျက်စဉ်းဆေးလေး တစ်ဘူးတော့ ဆောင်ထားဖို့ လိုလိမ့်မယ်နော်။

    အပူချိန်အပြောင်းအလဲကို သိပ်မမြန်ပါစေနဲ့။

    ပူတဲ့အပြင်ကနေ ချက်ချင်း အေးနေတဲ့အခန်းထဲကို ဝင်လိုက်မယ်ဆိုရင် သင့်ကိုယ်တွင်း အပူချိန် ကမောက်ကမ ဖြစ်သွားတတ်ပါတယ်။ အေးနေတဲ့ နေရာကနေလည်း ချက်ချင်းအပူထဲကို မထွက်သင့်ပါ။ ပူတဲ့ အပြင်က လာတယ်ဆိုရင်လည်း အရိပ်ရတဲ့နေရာတစ်ခုမှာ ခဏဖြစ်ဖြစ်နားပြီးမှ ဝင်တာမျိုး ၊ အေးတဲ့ နေရာကနေ အပြင်ကိုထွက်တော့မယ်ဆိုလည်း အဲယားကွန်းကို ခဏ ပိတ်ထားပြီး မှ အပြင် ထွက်တာမျိုးလုပ်သင့်ပါတယ်။

    အရာရာတိုင်းမှာ ကောင်းတဲ့အချက်တွေ ရှိသလို ဆိုးတဲ့အချက်တွေကလည် းရှိစမြဲပါ။ အဲယားကွန်းကနေရတဲ့ရှောင်ရန် ဆောင်ရန်အချက်တွေ သိထားမယ် လိုက်နာမယ်လည်းဆိုရင် အသားအရေလေးလည်းလှ အလုပ်လုပ်ရတာလည်း စမတ်ကျ ဘယ်လောက်ကောင်းလဲနော်။ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကျန်းမာလှပစွာ နေနိုင်ဖို့အတွက်ကလည်း အရေးကြီးသေးတယ်လေ။ ခုပြောပြခဲ့တဲ့ အကြောင်းအရာ တွေကို ဖတ်ပြီး တစ်နေ့တာ အတွက် အကျိုးရှိတဲ့ ဗဟုသုတ တစ်ခုခု ရစေမှာပါ။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement