backup og meta

ခြေသည်းလက်သည်းလေးတွေကျန်းမာစေဖို့အတွက် လိုက်နာသင့်တဲ့ အလေ့အထလေးတွေ


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေသည်းလက်သည်းလေးတွေကျန်းမာစေဖို့အတွက် လိုက်နာသင့်တဲ့ အလေ့အထလေးတွေ

    လက်သည်းခြေသည်းလေးတွေကလည်း အလှအပအတွက်လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒီတော့ လှပတဲ့သူလေးဖြစ်ချင်တယ်ဆိုရင် လက်သည်းခြေသည်းလေးတွေကိုသေချာဂရုစိုက်ဖို့လိုမှာပါ။ ဒီတော့ လှပကျန်းမာတဲ့ခြေသည်းလက်သည်းလေးတွေပိုင်ဆိုင်ဖို့ဆိုရင် လိုက်နာရမယ့် အခြေခံအချက်လေးတွေရှိပါတယ်။

    ခြေသည်းလက်သည်းလေးတွေ ခံစားရနိုင်တဲ့ရောဂါတွေ……

    ခြေသည်းလက်သည်းလေးတွေမှာလည်းရောဂါပိုးတွေ ကူးစက်မှုကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။

    • ခြေသည်းလက်သည်းတွေအရောင်ပြောင်းတာ
    • ခြေသည်းလက်သည်းတွေကြွပ်ဆတ်တာ
    • ထိခိုက်ကျိုးပဲ့လွယ်တာ
    • ခြေသည်းလက်သည်းမှိုပိုးဝင်တာ
    • လက်သည်းမှာ အဖြူစက်လေးတွေဖြစ်တာ (လက်သည်းပွင့်တယ်လို့ ခေါ်တတ်ကြပါတယ်)
    • လက်သည်းမှာ အစင်းကြောင်းတွေဖြစ်တာ
    • လက်သည်းတွေခြောက်နေတာ
    • လက်သည်း အဖက်လေးတွေလန်နေတာ
    • လက်သည်းခြေသည်းတဝိုက်က အရေပြားလေးတွေ နီမြန်းရောင်ရမ်းနေတာစတဲ့ပြဿနာတွေခံစားရနိုင်ပါတယ်။

    ကျန်းမာတဲ့ခြေသည်းလက်သည်းလေးတွေရဲ့ အင်္ဂါရပ်တွေ

    ခြေသည်းလက်သည်လေးတွေကျန်းမာလားဆိုတာကို မျက်စိနဲ့ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

    • ခြေသည်းလက်သည်းလေးတွေက ပန်းရောင်သွေးကြွယ်နေမယ်
    • ခြေသည်းပန်းကုံးလေးတွေ၊ လက်သည်းပန်းကုံးလေးတွေရှိမယ်
    • လက်သည်းလေးတွေက ပုံမှန်ရှည်တယ်
    • လက်သည်းလေးတွေအောင်ခြေမှာ အဖြူရောင်လခြမ်းပုံလေးတွေရှိနေမယ်ဆိုရင်တော့ခြေသည်းလက်သည်းလေးတွေ ကျန်းမာတယ်ဆိုတဲ့ လက္ခဏာတွေပါ။

    လက်သည်းလေးတွေ ကျန်းမာစေဖို့ ဘာတွေဆောင်လို့ ဘာတွေရှောင်ရမလဲ………

    လက်သည်းလေးတွေကျန်းမာစေဖို့ ဒီအချက်လေးတွေကို သတိထားပေးတာက အကောင်းဆုံးဖြစ်မှာပါ။ လက်သည်းက ပိုးဝင်နိုင်သလို လက်သန့်ရှင်းမှုမရှိရင် ခန္ဓါကိုယ်ကိုလည် ထိခိုက်လာနိုင်တာတွေက အများကြီးပါ။ ဒါကြောင့် အခုပြောပြမယ့် အချက်လေးတွေကိုလိုက်နာလို့ ခြေသည်းလက်သည်းလေးတွေကိုသေချာစောင့်ရှောက်ပေးလိုက်ပါ။

    ဒါတွေဆောင်ပါ…..

    လက်သည်းတွေကိုခြောက်သွေ့သန့်ရှင်းအောင်ထားပါ – လက်သည်းအောက်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားရှင်သန်မှုကို ကာကွယ်ဖို့အတွက်ပါ။ ရေတွေနဲ့စိုစွတ်နေမှုကလည်း လက်သည်းတွေကို ဖွာထွက်စေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းတွေကို အမြဲတမ်းလိုလိုသတိထားပြီးခြောက်သွေ့သန့်ရှင်းအောင် ထားပေးပါ။

    လက်သည်းသန့်ရှင်းရေးဂရုစိုက်ပါ – လက်သည်းတွေကို ပုံမှန်ညှပ်ပေးပါ။ လက်သည်းခြေသည်းတွေကို တိပေးပါ။

    အစိုဓါတ်ထိန်းပါ – လက်သည်းခြေသည်းလေးတွေကျန်းမာစေဖို့အတွက်လည်း အစိုဓါတ်ထိန်းဖို့လိုပါမယ်။ ဒါကြောင့် လက်သည်းခြေသည်းလေးတွေကို အုန်းဆီသံလွင်ဆီစတဲ့ အစိုဓါတ်ထိန်းပေးတဲ့ အဆီလေးတွေ လူးပေးပါ။

    လက်သည်းနီကို သတိထားပေးပါ -တော်တော်များများက အသားအရေကို ဂရုစိုက်ကြပေမယ့် လက်သည်းခြေသည်းလေးတွေကိုတော့ဂရုစိုက်ခဲကြပါတယ်။ အမှန်ကတော့ အသားအရေလိမ်းတဲ့ ပစ္စည်းတွေကိုတင် ပါဝင်ပစ္စည်းစစ်ရတာမဟုတ်ပါဘူး။ခြေသည်းလက်သည်းသုံးပစ္စည်းတွေဝယ်တဲ့အခါမှာလည်း ဓါတုပစ္စည်းတွေ ပါနေလားဆိုတာကိုသတိပြုပေးပါ။
    လက်အိတ်စွပ်ပါ – ပန်းကန်ဆေးတဲ့အခါမှာဖြစ်ဖြစ် အဝတ်လျှော်တဲ့မှာဖြစ်ဖြစ် လက်ကို ရာဘာလက်အိတ်စွပ်ပေးပါ။

    ဒါတွေရှောင်ပါ…….

    လက်သည်းခြေသည်းလေးတွေကျန်းမာစေချင်တယ်ဆိုရင် ဒါတွေကိုတော့ မလုပ်ဖြစ်အောင်ရှောင်ပါ။
    လက်သည်းမကိုက်ပါနဲ့ – ဒီအလေ့အကျင့်က လက်သည်းတွေကို ထိခိုက်ပျက်စီးစေတဲ့ အကျင့်ဆိုးတစ်ခုပါ။ ဘက်တီးရီးယား၊ မှိုပိုးနဲ့ အခြားသောရောဂါပိုးတွေ ဝင်ရောက်ဖို့ လမ်းဖွင့်ပေးသလိုဖြစ်နေပါတယ်။ ဒါကြောင့် လက်သည်းတွေကိုမကိုက်ပါနဲ့။
    အတွင်းနှိုက်ပြီးမညှပ်ပါနဲ့ – လက်သည်းခြေသည်းတွေကို အတွင်းနှိုက်ပြီးညှပ်တာကခြေစွယ်လက်စွယ်ငုတ်စေနိုင်သလို ပိုးဝင်ကူးစက်နိုင်ခြေလည်းများစေပါတယ်။ ဒါကြောင့်ခြေသည်းလက်သညးတွေကို အတွင်းထိနှိုက်ပြီးညှပ်တာမျိုးမလုပ်ပါနဲ့။
    လက်သည်းတွေကို ဆွဲမခွာပါနဲ့ – လက်သည်းညှပ်တဲ့အခါ လုံးဝပြီးဆုံးတဲ့အထိညှပ်လိုက်ပါ။ ဒီလိုမဟုတ်ဘဲ လက်သည်းထောင့်တစ်ဖက်ကိုချန်ထားပြီး ဆွဲခွာတာမျိုးမလုပ်ပါနဲ့။ လက်သည်းကို ထိခိုက်စေနိုင်တာကြောင့်ပါ။
    စိတ်ဖိစီးမှုကို သိမ်းမထားပါနဲ့ – စိတ်ဖိစီးမှုကြောင့် လက်သည်းမှာ အစင်းကြောင်းတွေဖြစ်လာနိုင်ပါတယ်။ လက်သည်းကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ် ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှဖြေလျှော့ပါ။
    ဒီအချက်တွေအပြင် လက်သည်းတွေကို ပုံမှန်စစ်ဆေးလို့ လိုအပ်မယ်ဆိုရင် ကုသမှုခံယူပြီးခြေသည်းလက်သည်းလေးတွေကို ကျန်းမာလှပနေအောင် ဂရုစိုက်လိုက်ပါ……….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement