backup og meta

ရေဓါတ်ခမ်းခြောက်နေပြီလားဆိုတာ သင် ဘယ်လိုသိနိုင်မလဲ


Ye Myo Myat မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေဓါတ်ခမ်းခြောက်နေပြီလားဆိုတာ သင် ဘယ်လိုသိနိုင်မလဲ

    တစ်နေ့တာ ရေကိုလုံလောက်စွာ မရတဲ့အခါ ကိုယ်ခန္ဓါက ရေဓါတ်ဆုံးရှုံးတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ အသက်ရှူစနစ်၊ အစာခြေစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ တစ်နေ့တာလိုအပ်တဲ့ ရေပမာဏကို ရရှိဖို့လိုအပ်ပါတယ်။ ပူလွန်းတဲ့နေ့မှာ၊ အားကစား၊ လေ့ကျင့်ခန်းလုပ်လွန်းတဲ့အခါ ချွေးထွက်ပြီး ကိုယ်ခန္ဓါက ရေဓါတ်ဆုံးရှုံးပါတယ်။ ဖျားနာေနတဲ့အချိန်၊ အန်နေတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့အချိန်မှာလည်း ရေဓါတ်နည်းသွားပါတယ်။ ဒါကြောင့် ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို အမြဲကိုယ့်ဘက်က ပြန်လည်ဖြည့်တင်ပေးနေဖို့ လိုအပ်တယ်နော်။

    လူတစ်ယောက်က ရေဘယ်လောက်အများဆုံး သောက်သင့်လဲ။

    ပုံမှန်အားဖြင့် လူတစ်ယောက်ကို ရေ ၈ဖန်ခွက် (၂လီတာခန့်) သောက်သင့်တယ်လို့ ဆိုထားပေမယ့် တကယ်က လူတစ်ယောက်ရဲ့ အသက်အရွယ်၊ စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်၊ လိင်၊ ကျန်းမာရေးအပြင် ရာသီဥတု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသက်

    ၁နှစ်မှ ၃နှစ်အတွင်း ကလေးတွေ = ၁.၃ လီတာ

    ၄နှစ်မှ ၈နှစ်အတွင်း ကလေးတွေ = ၁.၇ လီတာ

    ၉ နှစ်မှ ၁၃နှစ်အတွင်း အမျိုးသားများ = ၂.၄ လီတာ ၊ အမျိုးသမီးများ = ၂.၁ လီတာ

    ၁၄နှစ်မှ ၁၈နှစ်အတွင်း အမျိုးသားများ = ၃.၃ လီတာ ၊ အမျိုးသမီးများ = ၂.၃ လီတာ

    ၁၉နှစ်အထက် အမျိုးသားများ = ၃.၇ လီတာ ၊ အမျိုးသမီးများ = ၂.၇ လီတာ ဆိုပြီး ကွဲသွားပါတယ်။

    ဒီပမာဏဟာ ရေအပြင် တခြားသော ရေအစားထိုးအစားအစာတွေ (အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အရည်မျိုးစုံ) ကနေ ရနိုင်တဲ့ ရေပမာဏကို ဆိုလိုတာဖြစ်ပါတယ်။

    ရေဓါတ်နည်းနေပြီဆိုတာ သိနိုင်မယ့် လက္ခဏာတွေ

    • အသားအရေက မွဲခြောက်ခြောက်ဖြစ်လာမယ်။ အရေပြားကြမ်းလာပြီး အကြေးခွံထကာ နီမြန်းနေမယ်။ အသားပပ်ပြီး အက်ကွဲနေမယ်။ အရေပြားက ရှုံ့တွနေမယ်။
    • ပါးစပ်ထဲမှာ ခြောက်ပြီး ကပ်စေးစေးဖြစ်နေမယ်။ တံတွေး အထွက်နည်းသွားပြီး ခံတွင်းအနံ့ဆိုးတွေ ထွက်လာသလို ဘက်တီးရီးယားပိုးတွေလည်း ပေါက်ဖွားဖို့ ပိုလွယ်ကူစေပါတယ်။
    • ဆီးအရောင်က အဝါရောင်အနောက်ကို ပြောင်းလာမယ်။ ရေသောက်အရမ်းနည်းသွားတဲ့အခါ ဆီးအရောင်က လိမ္မော်ရောင်ညစ်ညစ်ကြီး ဖြစ်လာပြီး အနံ့ပိုပြင်းလာမှာပါ။ ဆီးသွားလည်း အရမ်းနည်းသွားပါတယ်။
    • ဝမ်းချုပ်ေစတယ်။ ဝမ်းအမာ၊ ဝမ်းအခြောက်တွေ သွားပြီး ညှစ်ရတာလည်း ပိုခက်လာပါတယ်။ ဝမ်းချုပ်နေတဲ့အချိန် ရေသောက်နည်းသွားရင် ဝမ်းသွားရတာ ပိုဆိုးနိင်ပါတယ်။
    • လည်ချောင်းထဲမှာ ခြောက်ကပ်နေပြီး ရေအရမ်းဆာမယ်။ ခံတွင်းခြောက်နေတဲ့အတွက် ဗိုက်လည်း ပိုဆာလာမယ်။
    • သွေးပေါင်ကျလာမယ်။
    • လူက မောပန်းလွယ်ပြီး ထိုင်းမှိုင်းလေးလံေနမယ်။ အနားယူပြီးသွားချိန်မှာတောင် ကိုယ်ခန္ဓါက အားပြတ်နေသလို ခံစားရမယ်။
    • ခေါင်းမူခေါင်းကိုက်တာတွေ ဖြစ်မယ်။
    • မူးဝေအော့အန်ချင်စိတ် ဖြစ်မယ်။
    • မူးပြီး လဲချင်သလိုလို ဖြစ်နေမယ်။ အသိစိတ်တွေ လွတ်ပြီး ကမ္ဘာကြီးက ချာချာလည်နေသလို ဖြစ်နေမယ်။
    • နှလုံးခုန်နှုန်း မြန်ပြီး အသက်ရှူတာလည်း ပိုမြန်လာမယ်။
    • ဦးနှောက်က အလုပ်လုပ်တာနှေးကွေးလာပြီး အာရုံစူးစိုက်မရဖြစ်မယ်။ သတိမေ့လွယ်မယ်။ ဦးနှောက်က လေးလံထိုင်းမှိုင်းပြီး ဉာဏ်ရည်ကိုလည်း ထိခိုက်လာနိုင်ပါတယ်။
    • ဒဏ်ရာကျက်နှေးမယ်။ ကြွက်သားအရိုးအဆစ်တွေ ကိုက်ခဲပြီး တင်းနေမယ်။
    • စိတ်ဆိုးဒေါသဖြစ်လွယ်မယ်။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်တာ၊ စိတ်ခံစားချက်အပြောင်းအလဲ မြန်တာတွေ ပိုအဖြစ်များပါတယ်။

    ၆လပြည့်ပြီးနောက်ပိုင်း ကလေးတွေ ရေဓါတ်နည်းသွားတဲ့အခါ

    • ၃နာရီနဲ့အထက် ကလေးက ဆီးသွားထားခြင်းမရှိဘဲ သေးခံအဝတ်ကခြောက်သွေ့နေမယ်
    • ငိုနေပေမယ့် မျက်ရည်မထွက်ဘဲနေတာ
    • ပုံမှန်အိပ်နေကျအချိန် မဟုတ်ဘဲ အိပ်ချင်နေတာ၊ သမ်းဝေနေတာ
    • အစားရွေးမယ်
    • ခံတွင်းခြောက်နေမယ်
    • အဖျားတက်မယ်

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ရေလုံလောက်စွာ သောက်ပေးဖို့ အရေးကြီးပါတယ်။ ထသွားထလာ လှုပ်ရှားရခက်တာရော၊ ဟော်မုန်းအပြောင်းအလဲကြောင့် ရေဓါတ်ကို ပိုပြီးလိုအပ်နေချိန်မှာ ရေသောက်တာနည်းသွားမယ်ဆိုရင် မိခင်ရော ကလေးပါ ထိခိုက်စေနိုင်သလို ကိုယ်ဝန်အစောပိုင်းကာလမှာ ကြုံတွေ့ရတတ်တဲ့ မူးဝေတာ၊ ပျို့အန်တဲ့ဝေဒနာတွေ ပိုဆိုးနိုင်ပါတယ်။ ပြင်းထန်လွန်းတဲ့အခြေအနေမှာ သတ်မှတ်ရက်ထက် ကလေးစောမွေးသည်အထိ ဖြစ်လာနိုင်ပါတယ်။

    ဒီပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ တစ်နေ့တာလိုအပ်တဲ့ ရေပမာဏကို လုံလောက်စွာ သောက်သုံးဖို့ပါပဲ။ ရေသောက်တဲ့အခါမှာ အကြာကြီးနေမှ တစ်ဘူးလုံးမော့သောက်တာမျိုးမလုပ်ဘဲ ပုံမှန်အတိုင်း သောက်သွားတာပိုအဆင်ပြေပါတယ်။ တခြားအရည်ရွှမ်းတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးနိုင်ရင်လည်း ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ဖြည့်တင်းပေးရာရောက်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement