backup og meta

အဝတ်လျှော်စက်များကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည့် အကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဝတ်လျှော်စက်များကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည့် အကြောင်း

    လူသားတို့ရဲ့ နေထိုင်မှုအဆင့်အတန်းမြင့်မားလာတာနဲ့အမျှ စက်ပစ္စည်းကိရိယာများအကူအညီနဲ့ သက်သောင့်သက်သာ နေထိုင်နိုင်လာကြပါတယ်။ နေအိမ်တိုင်းလိုလိုမှာလည်း အဝတ်အထည်များကို လျှော်ဖွပ်ဖို့ အဝတ်လျှော်စက်များ သုံးစွဲလာကြပါတယ်။ အဝတ်လျှော်စက်များကြောင့် အချိန်ကုန်လူပမ်း မဖြစ်တော့ဘဲ အလုပ်ပြီးမြောက်လာပါတယ်။

    ဒါပေမယ့် သတိပြုရမယ့်တချက်ကတော့ အဝတ်လျှော်စက်များမှာ ဘက်တီးရီးယားများ ကပ်ငြိနေနိုင်တယ်ဆိုတာပါပဲ။ များသောအားဖြင့် အဝတ်လျှော်စက်များကို သန့်ရှင်းရေးမပြုလုပ်ဘဲ နှစ်ရှည်လများ ထားလိုက်ရင် ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာနိုင်ပါတယ်။ သိပ္ပံပညာရှင်အချို့ကတော့ အဝတ်လျှော်စက်တွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်ပေမယ့် လူကို အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ ပမာဏ မရှိဘူးလို့ ဆိုကြပါတယ်။

    အဝတ်လျှော်စက်တွေမှာ ဘက်တီးရီးယားတွေရှိကြောင်း စတင်သတိထားမိခဲ့တာက ဂျာမနီကလေးဆေးရုံတစ်ခုရဲ့ မွေးကင်းစအဆောင်က အဝတ်အထည်တွေမှာ ရောဂါပိုးတွေ့ရှိရာကနေ အစပြုပါတယ်။ ဆေးရုံအဆောင်တွေမှာ ရောဂါပိုးသတ်ခြင်းကို အစီအစဉ်တကျလုပ်ဆောင်ပေမယ့် ရောဂါပိုးတွေ တွေ့ရှိနေမြဲဖြစ်တာကြောင့် စစ်ဆေးမှုတွေတိုးမြှင့်လုပ်ဆောင်ရာကနေ နောက်ဆုံးမှာ အဝတ်လျှော်စက်တွေကနေ ပြန့်ပွားနေကြောင်း သိရှိခဲ့ရခြင်း ဖြစ်ပါတယ်။

    ဒါဆိုရင် အိမ်သုံးအဝတ်လျော်စက်တွေမှာရော ဘက်တီးရီးယားအန္တရာယ် ရှိနေပြီလား။

    ပုံမှန်အားဖြင့်တော့ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ ဒါပေမယ့် ဆေးရုံဆေးခန်း (သို့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေ မိသားစုဝင်အတွင်း ရှိနေရင် သတိပြုရပါမယ်။ ဆေးရုံဆေးခန်းသုံး အဝတ်အထည်တွေကို သီးသန့်လျှော်ဖွပ်ခြင်း၊ ရေနွေး နဲ့လျှော်ခြင်း ပြုလုပ်သင့်ပါတယ်။ နေအိမ်မှာ ကူးစက်ရောဂါတခုခု ခံစားရသူရှိနေရင်လည်း လူနာရဲ့ အဝတ်အစားတွေကို ရေနွေးနဲ့လျှော်ခြင်း၊ သီးသန့်လျှော်ဖွပ်ခြင်း ပြုလုပ်သင့်ပါတယ်။

    အဓိကအားဖြင့် ဘက်တီးရီးယားများ ကပ်ငြိကျန်တဲ့ နေရာဟာ ရာဘာကွင်းအပိတ်မှာ ဖြစ်ပါတယ်။ တစ်ကြိမ်ကပ်ငြိထားပြီး နောက်ထပ်လျှော်ဖွပ်တဲ့အခါ လျှော်ကန်အတွင်း ပျံ့နှံ့သွားတတ်ပါတယ်။

    အန္တရာယ်ရှိသလား…….

    များသောအားဖြင့်တော့ အန္တရာယ်မပေးတတ်ကြပါဘူး။

    နယူးယောက် နော့ရှိုးတက္ကသိုလ်ဆေးရုံရဲ့ ကူးစက်ရောဂါပါရဂူ ဒေါက်တာ ဘရုစ်ဟက်က ‘‘ကျွန်တော်တို့အနေနဲ့ ဘယ်လိုပဲလျှော်လျှော်၊ အဝတ်အထည်တွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိပြီး ကျန်နေနိုင်ပါတယ်။ များသောအားဖြင့်တော့ ဒုက္ခမပေးတတ်ပါဘူး။ ဘက်တီးရီးယားတွေနဲ့ ထိတွေ့နေလျက်နဲ့တောင် နေထိုင်မကောင်းမဖြစ်ဘဲ နေနိုင်ပါတယ်။ ဒါပေမယ့် မသားစုဝင်တွေထဲမှာ ဆေးရုံကို အချိန်ကြာကြာတက်ခဲ့ရသူတွေ၊ ကူးစက်ရောဂါဖြစ်ပွားသူတွေရှိရင် ရေနွေးပါသုံးပြီး လျှော်သင့်သလို ကြာကြာလည်း အခြောက်ခံသင့်ပါတယ်’’ လို့ ဆိုပါတယ်။

    ဘယ်လိုအခြေအနေမှာ ပိုဂရုပြုသင့်သလဲ….

    မိသားစုဝင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစကလေးငယ်တွေရှိရင် ပိုပြီး ဂရုပြုရပါမယ်။ သူတို့ဟာ ကိုယ်ခံအားနည်းပါးပြီး ရောဂါပိုးကူးစက်လွယ်လို့ ဖြစ်ပါတယ်။ အဆုတ်ရောင်ရောဂါ၊ အရေပြားရောဂါ၊ ဗိုက်အောင့်ဗိုက်နာခြင်း စတာတွေကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေဟာ သာမန်ကိုယ်ခံအားရှိသူတွေအတွက် သိပ်မထိရောက်ပေမယ့် ကိုယ်ခံအားနည်းပါးနေသူတွေဆိုရင် ထိုးဖောက်ဝင်ရောက်ပြီး အန္တရာယ်ပေးတတ်ပါတယ်။

    ဘာတွေလုပ်ဆောင်သင့်သလဲ….

    ကောင်းတာကတော့ အဝတ်လျှော်စက်ကို ၃လတခါလောက် ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။ သန့်ရှင်းရေးပြုလုပ်ရာမှာ ဆပ်ပြာမှုန့်/ရည်ထည့်တဲ့ အံဆွဲပါရင် ၎င်းအံဆွဲကိုပါဖြုတ်ပြီး သန့်ရှင်းရေးလုပ်ရပါမယ်။ လျှော်စက်အဖုံးတွေကိုလည်း သန့်ရှင်းရေးလုပ်ပါ။

    စက်ထဲကို အဝတ်မထည့်ဘဲ ရေနွေးပူပူထည့်ပြီး လှည့်ပေးရင် ဘက်တီးရီးယားနဲ့မှိုတွေ ပေါက်ပွားတာကို ကာကွယ်နိုင်ပါတယ်။ လျှော်ကန်အောက်ခြေက ရာဘာအဖုံးကိုပါ ဖွင့်ပြီး သန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။ မိမိရဲ့ အဝတ်လျှော်စက်အလိုက် သန့်ရှင်းရေးဘယ်လိုပြုလုပ်သင့်တယ်ဆိုတာကို လမ်းညွှန်ကတ်တလောက် စာအုပ်မှာဖြစ်စေ၊ youtube မှာဖြစ်စေ ရှာဖွေလေ့လာနိုင်ပါတယ်။ သန့်ရှင်းရေးပြုလုပ်ရာမှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ 10% အစွန်းချွတ်ဆေး စတာတွေသုံးပြီး သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။

    အဝတ်များလျှော်ဖွတ်ပြီးချိန်မှာလည်း နေရောင်အောက်မှာ အခြောက်ခံသင့်ပါတယ်။ နေရောင်ခြည်ဟာ အကောင်းဆုံးပိုးသတ်ပစ္စည်းတမျိုးလို့ ပညာရှင်များက ဆိုကြပါတယ်။ အဝတ်များလျှော်ဖွပ်ပြီးချိန်မှာ စက်ကိုအဖုံးဖွင့်ထားပေးရင် လေဝင်လေထွက်ရှိစေပြီး ဘက်တီးရီးယားနဲ့ မှိုတချို့ ပေါက်ပွားမှုကနေ ကာကွယ်ပေးပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement