backup og meta

အမြဲတမ်း လက်ဆေးဖို့ မမေ့ပါနဲ့၊ မပျင်းပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမြဲတမ်း လက်ဆေးဖို့ မမေ့ပါနဲ့၊ မပျင်းပါနဲ့

    ကဲ ဘာလိုလိုနဲ့ ၂၀၂၀ ကိုရောက်လာပြီနော်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကိုယ်သိပ်ချစ်ရတဲ့ မိသားစု ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီတော့ နှစ်သစ်မင်္ဂလာမှာ ကျန်းမာရေးအတွက် ဘယ်တော့မှ မမေ့လျော့သင့်တဲ့ လက်ဆေးခြင်းအလေ့အကျင့်ကို မွေးမြူဖို့ ထပ်ပြီးတော့ အကြံပေးလိုက်ချင်ပါတယ်။

    ကျွန်တော်တို့ နေအိမ်မှာပဲဖြစ်ဖြစ်၊ ရုံး၊ ကျောင်း၊ ပြင်ပနေရာတွေ၊ အရာဝတ္ထုတွေမှာ ဖုန်မှုန့်တွေ၊ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေက အမြဲကပ်ငြိနေတတ်ပါတယ်။ တချို့သောရောဂါပိုးတွေက လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို ဆင့်ပွားကူးစက်ဖို့လည်း အရမ်းမြန်ပါတယ်။ ဥပမာ – အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုံ့တာ၊ ပါးစပ်မအုပ်ဘဲ ချောင်းဆိုးတာ၊ နှာချေတာ၊ မေမေတွေ လက်မဆေးဘဲ ကိုယ့်သားသမီးကို ထမင်းဟင်း ခွံ့ကျွေးတာတွေပေါ့။

    အလွယ်တကူ ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဓိကပါဝင်ပါတယ်။ ဒီရောဂါတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ နေရာပေါင်းစုံမှာ ရှိနေနိုင်တဲ့အတွက် ကိုယ့်လက်မှာလည်း ကပ်ငြိနေတတ်ပါတယ်။ ကိုယ့်မှာ လက်မဆေးတဲ့အကျင့် ရှိနေရင်တော့ ဒီရောဂါပိုးတွေက ဗိုက်ထဲက တိုက်ရိုက်ပဲ ဝင်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တာပေါ့။ အထူးသဖြင့် ကိုယ်ခံအားနည်းသေးတဲ့ ကလေးတွေ၊ လူကြီးမိဘ၊ ဘိုးဘွားအရွယ်တွေမှာဆိုရင် ရောဂါဖြစ်ဖို့ အရမ်းလွယ်နိုင်ပါတယ်။

    ဘယ်လိုအချိန်မှာ လက်ဆေးကြမလဲ။

    အဓိက မဖြစ်မနေလက်ဆေးဖို့ လိုအပ်တဲ့အချိန်တွေကို ပြောရမယ်ဆိုရင်

    • အိမ်သာတက်ပြီး ပြန်ထွက်လာချိန်

    • အစားအသောက်တွေ မပြင်ဆင်ခင်နဲ့ ပြင်ဆင်ပြီးချိန်

    • အသားစိမ်း၊ ငါးစိမ်းတွေကို ကိုင်တွယ်ပြီးချိန်

    • အစာမစားခင်

    • အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးချိန်

    • နေမကောင်းဖြစ်နေတဲ့ ကလေးတွေနဲ့ မိသားစုဝင်တွေကို မပြုစုခင်၊ ပြုစုပြီးချိန်

    ဆေးလိပ်သောက်ပြီးချိန်

    • အိမ်သန့်ရှင်းရေး၊ အမှိုက်ရှင်းပြီးချိန်

    • တိရစ္ဆာန်တွေနဲ့ ပွတ်သပ်ဆော့ကစားပြီးချိန်တွေပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်တွေကိုတော့ လက်ဆေးဖို့ မဖြစ်မနေ သတိထားရမှာဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာလည်း အမြဲတမ်းလိုလို လက်ဆေးပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

    လက်ကို စနစ်တကျ ဆေးကြောကြမယ်။

    လက်ဆေးတယ်ဆိုတဲ့နေရာမှာ ရေနဲ့လောင်းရုံ၊ စွတ်ရုံလုပ်တာလောက်ကို မဆိုလိုပါဘူး။ စနစ်တကျလက်ဆေးမှသာ ကိုယ့်လက်ပေါ်မှာ ရှိနေတဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးတွေကို သန့်စင်ပေးနိုင်မှာပါ။ စနစ်တကျ လက်ဆေးဖို့ နည်းလမ်းတွေကတော့

    ၁။ ရေဘုံပိုင်ခေါင်းကို ဖွင့်ပြီး ကျလာတဲ့ ရေနဲ့ လက်ကို စိုစွတ်အောင် အရင်လုပ်ပါ။ ပြီးရင် ဘုံပိုင်ခေါင်းကို ပြန်ပိတ်ပါ။ ရေမဖြုန်းတီးပါနဲ့။

    ၂။ လက်ဆေးဆပ်ပြာကို လက်ပေါ်မှာ လိုသလောက်ထည့်ပြီး စက္ကန့် ၂၀ ခန့် ပွတ်ပေးပါ။ လက်သည်းကြား၊ လက်ချောင်းကြား၊ လက်ဖဝါး၊ လက်ဖမိုး၊ လက်ကောက်ဝတ်အထိ အကုန်ပွတ်ပြီး ဆပ်ပြာတိုက်ပါ။ ကြေးညှော်တွေ၊ ညစ်ပေနေတဲ့နေရာတွေကို ဖြည်းဖြည်းချင်းကုတ်ပြီး ကြေးချွတ်ပေးပါ။

    ၃။ ဆပ်ပြာခဲ၊ ဆပ်ပြာတုံးအစား ဘက်တီးရီးယားပိုး သန့်စင်ပေးတဲ့ (Anti-bacterial) လက်ဆေးဆပ်ပြာရည်တွေ အသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။

    ၄။ လက်ဆေးတဲ့အခါ လက်စွပ်တွေ၊ လက်ကောက်နဲ့ နာရီတွေ ချွတ်ထားပေးပါ။

    ၅။ ရေဘုံပိုင်ခေါင်းကို ပြန်ဖွင့်ပြီး ကျလာတဲ့ရေအောက်မှာ လက်ပေါ်က အမြှုပ်ထနေတဲ့ ဆပ်ပြာတွေကို သေချာဆေးကြောပါ။ လက်မှာ ဆပ်ပြာမကျန်စေဖို့ ဂရုစိုက်ပြီး ပွတ်ဆေးပါ။

    ၆။ ပြီးသွားရင် သန့်ရှင်းပြီး ခြောက်နေတဲ့ လက်သုတ်ဝတ်နဲ့ လက်ကို ခြောက်သွေ့နေအောင် သုတ်ပါ။ လက်စိုစိုကြီးအတိုင်း ထားထားရင် တခြားပိုးမွှားတွေ ပြန်ပြီး ကပ်နိုင်ပါတယ်။

    သတိပြုရန်အချက်များ

    လက်ဆေးတာနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်းမေ့လို့ မဖြစ်သလို နောက်မှဆေးမယ်ဆိုပြီး အချိန်ဆွဲနေတာလည်း ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဘာပဲ ကိုင်ပြီးပြီး လက်ကို အမြဲတမ်းဆေးနေပါ။ လက်ဆေးလို့ရတဲ့ နေရာမှာ ရောက်မနေဘူးဆိုရင် ရေမလို လက်သန့်စင်ဆေးရည်နဲ့ လက်ကို ပွတ်ဆေးပြီး နောက်ကျမှ လက်ပြန်ဆေးပါ။

    ကလေးတွေကို လက်ဆေးဖို့ သေချာအကျင့်လုပ်ထားပေးဖို့ လိုပါတယ်။ ငယ်သေးတဲ့အရွယ်ဖြစ်တာကြောင့် အမြဲတမ်း ဆော့ကစားနေပြီး မျက်စိထဲ မြင်ရာအရာဝတ္ထုအကုန်လုံးကို လက်နဲ့ ကိုင်တတ်တာကြောင့် တစ်ခုခုဆို ရောဂါပိုးက ဗိုက်ထဲရော နှာခေါင်းထဲရော အလွယ်တကူဝင်သွားတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေအနေနဲ့လည်း အလွယ်တကူ ထသွားထလာ မလုပ်နိုင်တဲ့အခါမျိုးမှာ မိသားစုဝင်တွေက ဆပ်ပြာနဲ့ ရေကို အနားယူလာပြီး သေချာဆေးကြောပေးတာမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

    ဘယ်သူမဆို ကျန်းကျန်းမာမာနဲ့ပဲ နေချင်ကြမှာပါ။ ဒါဆို ၂၀၂၀ နှစ်သစ်မင်္ဂလာမှာ လက်ဆေးတဲ့အကျင့်လေး မွေးပြီး ကိုယ်ရော ကိုယ့်မိသားစုဝင်တွေကိုပါ ရောဂါဘယကင်းရှင်းစွာနဲ့ ဖြတ်သန်းနိုင်စေဖို့ ခုကတည်းက စလိုက်ကြစို့နော်။

    Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement