backup og meta

အပူဒဏ် နဲ့ ဦးနှောက်သွေးကြော ပြတ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 24/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပူဒဏ် နဲ့ ဦးနှောက်သွေးကြော ပြတ်ခြင်း

    မိုးမှာ ရေကြီးအောင် မိုးရွာပြီး ဆောင်းမှာတော့ အအေးလျော့ခဲ့ပေမယ့် အခုနွေမှာတော့ ရိုးရာမပျက် ခြစ်ခြစ်တောက် ပူနေလေရဲ့နော်။ မနက်လင်းကတည်းက စညည်းမိတာ ပူလိုက်တာ ချွေးတွေ လုံးနေတာပဲ ဆိုတဲ့ စကားပါ။ ချက်ရပြုတ်ရ၊ အိမ်မှုကိစ္စတွေ လုပ်ရ၊ ရုံးသွားရနဲ့ မအားမလပ်ပါပဲ။ ဒီကြားထဲ ရုံးသွားတဲ့အခါ မှာ ကားက တိုးကြိတ်စီးရသေးတာနော်။ မဟုတ်လည်း လမ်းက ကျပ်တယ်။ ဒီပြဿနာတွေက နွေမှာ ပိုဆိုးတယ်နော်။ နွေရောက်ပြီဆို အများဆုံး ကြားရတာ တစ်ခုရှိတယ်။ ဒါကတော့ နွေပူလွန်းလို့  ဦးနှောက်သွေးကြော ပြတ်တယ် ဆိုတာပါပဲ။

    အပူဒဏ် နဲ့ ဦးနှောက်သွေးကြော ပြတ်ခြင်း

    နွေအပူကြောင့် ဦးနှောက်သွေးကြောပြတ်တာလားဆိုတာကို ကြည့်လိုက်ကြရအောင်လား ……

    နွေအပူကြောင့် ဒီလိုပြဿနာတွေရင်ဆိုင်ရနိုင်ပါတယ်

    နွေပူတာကြောင့် ဦးနှောက်သွေးကြော ပြတ်တာလား

    ဦးနှောက်သွေးကြောပြတ် ရတာက နွေပူလို့လား ဆိုတော့ မဟုတ်ပါဘူး။ နွေပူတာကြောင့်အပြင် အခြားသော အကြောင်းအရင်းခံတွေပါ ပါဝင်ပတ်သက်နေတာကြောင့် ဦးနှောက်သွေးကြော ပြတ်ရတာပါ။ တကယ်တမ်းက ဦးနှောက်သွေးကြောပြတ်တယ်ဆိုတာထက်  သွေးတိုးပြီး ဦးနှောက်သွေးတိုးပေါက်တယ်လို့ ပြောတာက ပိုမှန်ပါတယ်။

    သွေးတိုး အပါအဝင် အခြားရောဂါအခံ တစ်ခုခု ရှိနေမယ်။ ဆေးလည်း သေချာမကုဘူး။ စားသောက်မှုပုံစံ မှားယွင်းနေမယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းမယ်။ အယ်လ်ကိုဟော သောက်သုံးမယ်၊ တားမြစ်ဆေးဝါးတွေ သုံးစွဲတာနဲ့ အပူဒဏ်တို့ ပေါင်းစပ်မိတာကြောင့် အသံတိတ်လူသတ်သမားလို့ ခေါ်ကြတဲ့ ဘာရောဂါလက္ခဏာမှ ရေရေရာရာမပြဘဲ အသက်သေဆုံးရတဲ့ ဦးနှောက်သွေးကြော ပြတ်ရတာပါ။

    ရာသီဥတုပူပြင်းတာ တစ်ခုတည်းကြောင့်တော့ ဦးနှောက်သွေးကြော မပြတ်နိုင်ပါဘူး။ နေထိုင်စားသောက်မှုပုံစံ မှန်ကန်မယ်ဆိုရင် ဦးနှောက်သွေးကြော ပြတ်တာမျိုး ဖြစ်နိုင်ခြေက နည်းပါတယ်။ နွေရာသီမှာ ရုတ်တရက် သတိလစ်သွားတယ်။ အသက်ပါပါသွားတယ်ဆိုတာက အပူလျှပ်တာကြောင့် ပိုဖြစ်နိုင်ပါတယ်။ အပူလျှပ်တာကို သတိမထားမိလို့ ဦးနှောက်အပါအဝင် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးပြီး သတိလစ်သွားတာမျိုး ဖြစ်ပါတယ်။

    နေအပူဒဏ်က သွေးဖိအားအပေါ် တော်တော်လေးသက်ရောက်မှုရှိနေတာပါ။ နွေရာသီမှာ အများထင်ကြသလို သွေးတိုးတာထက်  သွေးပေါင်ကျတာက ဖြစ်နိုင်ခြေ ပိုများပါတယ်။ အပူဒဏ်ကြောင့် သွေးကြောတွေ ကျယ်လာသလို၊ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတာကြောင့် သွေးပေါင်ကျဖို့ များပါတယ်။ သာမန်လူတွေမှာ ခန္ဓာကိုယ်က ဒီဖြစ်စဉ်ကို အချိန်မီတုံ့ပြန်နိုင်ပေမယ့် အသက်ကြီးတဲ့သူတွေမှာတော့ တုံ့ပြန်မှု နှေးတာကြောင့် သွေးပေါင်တွေကျပြီး မူးတာ၊ သတိလစ်တာမျိုး ဖြစ်တတ်ပါတယ်။

    နွေရာသီမှာ သွေးတိုးတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ အများစုကတော့ သွေးတိုးရောဂါအခံရှိပြီး သေချာမထိန်းတဲ့သူတွေရယ်၊ အပူရှိန်ကြောင့် စိတ်ဖိစီးတဲ့ သူတွေရယ်ပါ။ စိတ်ဖိစီးတာကတော့ ဖိစီးတဲ့ခဏ တိုးမှာပဲဖြစ်ပြီး အမြဲတိုးနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နဂိုသွေးတိုးကို သေချာမထိန်းတဲ့သူတွေက ဦးနှောက်သွေးကြောပြတ်သွားတဲ့အခါ နွေရာသီကြောင့်၊ ပူတာကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ရောဂါကို သေချာမထိန်းလို့ ဖြစ်ရတာပဲ ဖြစ်ပါတယ်။

    ဘယ်သူတွေက ပိုသတိထားဖို့လိုမလဲ

    အပူချိန်ပြင်းနေချိန်မှာ လူတိုင်း သတိထားဖို့လိုတယ်ဆိုပေမယ့် အခုပြောပြမယ့်သူတွေက ပိုသတိထားဖို့ လိုပါမယ်။

    • သွေးတိုးရောဂါအခံရှိသူတွေ
    • နေပူထဲမှာ တစ်ချိန်လုံးအလုပ်လုပ်နေသူတွေ
    • အရက်သောက်သုံးသူတွေ
    • တားမြစ်ဆေးသုံးစွဲသူတွေ
    • အသက် ၅၀ အထက် လူကြီးတွေ
    • ရောဂါအခံတစ်ခုခုကြောင့် ပုံမှန်ဆေးသောက်သုံးနေရသူတွေ
    • ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံရှိသူတွေ
    • ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေ
    • အိပ်ရေးပျက်တာကြောင့် ကိုယ်ခံအားနည်နေသူတွေ
    • အဝလွန်နေတဲ့သူတွေ
    • နှလုံးရောဂါအခံရှိသူတွေ
    • အဆုတ်ရောဂါအခံရှိသူတွေ
    • ကျောက်ကပ်ရောဂါအခံရှိသူတွေက ထိခိုက်နိုင်ခြေများပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    ဒီတော့ ကိုယ်တိုင်ကိုဖြစ်ဖြစ် မိသားစုဝင်တွေမှာဖြစ်ဖြစ် ခုလို အခြေအနေကနေ ကာကွယ်ဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

    • ရေဓာတ်ပြည့်ဝနေစေဖို့ရေများများသောက်ပါ။
    • အရမ်းပူနေတဲ့အချိန်မှာ အချိုရည်တွေ အလွန်အကျွံမသောက်ပါနဲ့။ သဘာဝသစ်သီးဖျော်ရည်လေးတွေ သောက်ပါ။
    • အရက်သေစာ မသောက်ပါနဲ့။
    • နေပူထဲတစ်ချိန်လုံးထွက်မနေပါနဲ့။
    • အရိပ်ရတဲ့နေရာမှာနားနားနေနေပါ။
    • ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်တာမျိုးမလုပ်ပါနဲ့။
    • အပြင်ထွက်ရင် ထီး၊ ဦးထုပ်ဆောင်းပါ။
    • ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပါ။
    • အပူချိန်မြင့်တဲ့နေ့လယ် ၁၂ နာရီကနေ ၃ နာရီအတွင်း အပြင်ထွက်တာကိုရှောင်ပါ။
    • အိပ်ရေးဝအောင်အိပ်ပါ။
    • ပေါ့ပါ့ပါးပါးကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်ပါ။
    • ခြေညှပ်ဖိနပ်ဝတ်ပါ။ လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်တွေ၊ ရှူးဖိနပ်စီးမယ်ဆိုရင်လည်း ချွေးစုပ်တဲ့ ခြေအိတ်တွေဝတ်ပါ။
    • အပူအအေးပြင်းထန်တဲ့ အခြေအနေပြောင်းလဲမှုကို သတိထားပါ။
    • နေပူထဲကနေ ပြန်လာလာချင်း ရေခဲရေ အေးအေးတွေသောက်တာမျိုးမလုပ်ပါနဲ့။

    အသက်ကို ဉာဏ်စောင့်ပါတယ်နော်။ ဒါကြောင့် အခုပြောပြခဲ့တာတွေကို သတိထားလို့ ကိုယ်တိုင်ကိုရော ချစ်ရသူတွေကိုပါ အသံတိတ်လူသတ်သမားလက်ကနေ ကာကွယ်ကယ်ဆယ်လိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 24/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement