backup og meta

အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးနည်း ၁၃ သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးနည်း ၁၃ သွယ်

    မိမိပတ်ဝန်းကျင်ကို ကျန်းမာရေးနဲ့ညီညွတ်ပြီး သဘာဝကနေရရှိတဲ့ ပစ္စည်းတွေနဲ့ပြင်ဆင်ခြယ်သမှုကငွေကုန်ကြေးကျသိပ်မများလှပါဘူး။နေ့စဉ်နေထိုင်နေတဲ့ ဘဝနေထိုင်မှုပုံစံကို အနည်းငယ်လောက်လေးပြောင်းလဲလိုက်တာက ကျန်းမာရေးကိုပိုမိုကောင်းမွန်လာစေနိုင်မှာ ဖြစ်ပါတယ်။

    နေ့စဉ်ဘဝနေထိုင်မှုအတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေနဲ့ထိတွေ့တာကိုရှောင်ရှားတာနဲ့ကန့်သတ်တာတွေက အဓိကထားလုပ်ဆောင်လေ့ရှိမယ့်အလေ့အထတွေလို့ယူဆပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုစ္စည်းတွေကနေရာတိုင်းလိုလိုမှာရှိနေနိုင်တာကြောင့် မထိတွေ့အောင်ရှောင်ဖို့ဆိုတာကလည်းတော်တော့်ကိုမလွယ်ကူတဲ့ ကိစ္စပါ။

    အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေမှာ အများဆုံးထိတွေ့မိတဲ့ဓါတုပစ္စည်းတွေက ခဲဓါတ်နဲ့ ပိုးသတ်ဆေးတွေပဲဖြစ်ပါတယ်။လေ့လာမှုတွေအရ ခဲဓါတ်နဲ့ ပိုးသတ်ဆေးတွေကိုရေရှည်ထိတွေ့တဲ့အခါ ဦးနှောက်နဲ့အာရုံကြောစနစ်ကိုထိခိုက်ပျက်စီးစေနိုင်သလို ပန်းနာရင်ကျပ်၊ ကင်ဆာနဲ့အခြားရောဂါတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝကိုဖန်တီးနိုင်စေဖို့အတွက် အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်လေးကိုဖန်တီးနိုင်မယ့်နည်းလမ်းအချို့ကိုမျှဝေပေးလိုက်ပါတယ်။

    အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင်ဖန်တီးနိုင်မယ့်နည်းလမ်းများ

    ၁. အိမ်တွင်း (သို့) အခန်းတွင်းမှာ အပင်စိုက်ပါ။

    အိမ်တွင်း (သို့) အခန်းတွင်းမှာအပင်စိုက်တာက အဆိပ်အတောက်တွေကိုလျှော့ချပေးနိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ပါ။ အပင်တွေက သဘာဝအတိုင်းလေသန့်စင်ပေးတဲ့အရာတွေဖြစ်ပါတယ်။ အပင်တွေက မိမိတို့အနီးဝန်းကျင်က ဓါတုပစ္စည်းတွေနဲ့အဆိပ်အတောက်ဖြစ်စေမယ့်အငွေ့တွေကို စုပ်ယူပြီး အစားအစာနဲ့စွမ်းအင်အဖြစ်ပြောင်းလဲကာ သန့်စင်တဲ့လေကိုထုတ်ပေးပါတယ်။

    ၂. သဘာဝပစ္စည်းတွေကနေထုတ်တဲ့ သန့်စင်ဆေးတွေကိုအသုံးပြုပါ။

    ပိုးသတ်ဆေးတွေက ပိုးမွှားတွေ၊ကြွက်တွေ၊ပိုးဟပ်တွေကိုသေစေနိုင်တယ်ဆိုပေမယ့်ရေရှည်မှာ ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ဖြစ်တာ၊ သင်ယူမှုအပိုင်းမှာချို့ယွင်းတာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်ရတာမျိုးတွေဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် သဘာဝအတိုင်းပြုလုပ်ထားတဲ့ ပစ္စည်းတွေဖြစ်ကြတဲ့ ရှာလာကာရည်၊ မုန့်ဖုတ်ဆိုဒါ၊ သံပုရာရည်နဲ့ သဘာဝအတိုင်းထုတ်ထားတဲ့ ဆီတွေကို မိမိပတ်ဝန်းကျင်ကိုသန့်ရှင်းရေးလုပ်ဆောင်ရာမှာ အသုံးပြုပေးခြင်းဖြင့် အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဖုန်စုပ်စက်အသုံးပြုတယ်ဆိုပါကလည်း ဖုန်စုပ်စက်မှာပါတဲ့ အမှိုက်အိတ်ကို ဖုန်စုပ်ပြီးတိုင်း သန့်စင်ပေးပါ။

    ၃. အိမ်သုတ်ဆေးက အဆိပ်ကင်းပါစေ။

    အဆိပ်အတောက်မဖြစ်စေတဲ့ အိမ်သုတ်ဆေးတွေက ကျန်းမာရေးအတွက်ဘေးကင်းသင့်တော်တဲ့ရွေးချယ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဓါတုပစ္စည်းတွေနဲ့အဆိပ်အတောက် ကင်းစင်တဲ့အိမ်သုတ်ဆေးတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးရာမှာအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။

    ၄. သဘာဝပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ ဖယောင်းတိုင်ကိုအသုံးပြုပါ။

    မိမိအိမ်မှာအသုံးပြုဖို့ဖယောင်းတိုင်ဝယ်ယူတဲ့အခါ သဘာဝပစ္စည်းစစ်စစ်တွေနဲ့လုပ်ထားတဲ့ဖယောင်းတိုင်ကိုရွေးချယ်ဝယ်ယူဖို့ကတော်တော့်ကိုအရေးပါပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေပါဝင်တဲ့ဖယောင်းတိုင်တွေဖြစ်နေမယ်ဆိုရင် မိမိနေအိမ်ထဲကလေအရည်အသွေးကို ထိခိုက်စေနိုင်သလို ခန္ဓါကိုယ်ရဲ့ ကျန်းမာသန်စွမ်းမှုကိုလည်းထိခိုက်စေမှာဖြစ်ပါတယ်။

    ၅. သန့်ရှင်းတဲ့ရေကိုသာရွေးချယ်ပါ။

    သောက်သုံးတဲ့ရေက သန့်ရှင်းတဲ့ရေဖြစ်အောင်လည်းဂရုပြုပါ။ အချို့ဈေးပေါတဲ့ရေတွေမှာ ဘက်တီးရီးယားတွေနဲ့ဓါတ်ပစ္စည်းတွေပါဝင်နေတတ်ပါတယ်။

    ဓါတုပစ္စည်းတွေပါဝင်နေတဲ့ ပလပ်စတစ်တွေက ခန္ဓါကိုယ်ရဲ့ဟော်မုန်းစနစ်နဲ့endocrine (ဂလင်း) စနစ်တွေကို အနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားများစွာတွေ့ရှိထားပြီးဖြစ်တာကြောင့်ရေထည့်သောက်တဲ့အခါမှာလည်း ဖန် (သို့) စတိန်လက်စတီးနဲ့လုပ်ထားတဲ့ဗူးတွေနဲ့ထည့်သောက်ပါ။

    ၆. ပုံမှန်အတိုင်းထုတ်ထားတဲ့ အိုးတွေနဲ့ ဒယ်အိုးတွေကို အသုံးပြုပါ။

    အခုနောက်ပိုင်းမှာ မကပ်တဲ့အိုးတွေကို အသုံးပြုပြီးချက်ပြုတ်ရတာကိုတော်တော်များများကနှစ်သက်လာကြပါတယ်။ အဆိုပါအိုးတွေက အဆိပ်အတောက်ဖြစ်စေနိုင်သလို အပူပေးလိုက်တဲ့အခါ အဆိပ်အတောက်ဖြစ်စေတဲ့ အမှုန်ငယ်လေးတွေထွက်ပေါ်လာပါတယ်။

    ဒါကြောင့် အစားအသောက်တွေချက်ပြုတ်တဲ့အခါဘေးကင်းစေဖို့အတွက် အရင်ကတည်းက အသုံးပြုလာခဲ့တဲ့ သတ္တုအိုးတွေကိုပဲအသုံးပြုပါ။ မီးဖိုချောင်က မိမိနေအိမ်ကို ဓါတုပစ္စည်းတွေကင်းစင်တဲ့နေရာတစ်ရပ်အနေနဲ့ဖန်တီးရာမှာ စတင်သင့်တဲ့ကောင်းမွန်တဲ့နေရာ တစ်ရပ်လို့ဆိုရပါမယ်။

    ၇. သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေးကို အသုံးပြုပါ။

    မိမိရဲ့မိသားစုနဲ့ကလေးငယ်တွေအတွက် သဘာဝပစ္စည်းတွေကနေထုတ်ထားတဲ့ သွားတိုက်ဆေးတွေကိုရွေးချယ်အသုံးပြုတာက အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ ကလေးတွေက သွားတိုက်တဲ့အခါ သွားတိုက်ဆေးတွေကို မျိုချတတ်တာကြောင့် သဘာဝပစ္စည်းတွေနဲ့ထုတ်ထားတဲ့ သွားတိုက်ဆေးကဘေးအကင်းဆုံးပါပဲ။ လက်ဖက်ရွက်အဆီ၊သစ်ကြံပိုးခေါက်၊တလည်း၊ ရှားစောင်းလက်ပတ်နဲ့ အခြားသဘာဝအပင်တွေကနေထုတ်တဲ့သွားတိုက်ဆေးတွေက သွားနဲ့သွားဖုံးကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။

    ၈. ဝယ်ယူမယ့်ပစ္စည်းတွေရဲ့ အညွှန်းတွေကိုသေချာဖတ်ကြည့်ပါ။

    ပစ္စည်းထုတ်လုပ်သူတွေက အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေရဲ့ အမည်ကို စာလုံးရှည်တွေနဲ့ ရေးသားဖော်ပြပြီး မျက်စိလှည့်စားတတ်တာကြောင့် မိမိဝယ်ယူမယ့် အလှကုန်တွေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေမှာဖော်ပြပါရှိတဲ့ အညွှန်းတွေကိုသေချာစွာဖတ်ကြည့်ပါ။

    အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေပါဝင်တဲ့ ပစ္စည်းတွေကို နှစ်ရှည်လများအသုံးပြုတဲ့အခါ နှလုံးထိခိုက်တာ၊ အဝလွန်တာ၊ကင်ဆာရောဂါတွေနဲ့ နာမကျန်းဖြစ်မှုတွေကိုဖြစ်ပေါ်ခံစားရစေနိုင်တာကြောင့် အလှကုန်တွေနဲ့အခြား ကိုပစ္စည်းတွေဝယ်ယူတဲ့အခါ အညွှန်းတွေကိုသေချာစွာဖတ်ပါ။

    အလှကုန်တွေရွေးချယ်တဲ့အခါမှာလည်း သဘာဝပစ္စည်းတွေဖြစ်တဲ့ နှင်းဆီပန်း အဆီ၊အုန်းဆီ၊ဗီတာမင် စီတို့လိုမျိုး သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ အစိုဓါတ်ထိန်းခရင်မ်တွေနဲ့အလှကုန်တွေရွေးချယ်သုံးစွဲပေးပါ။

    ၉. ဖိနပ်တွေကို အိမ်အပြင်ဘက်မှာချွတ်ထားခဲ့ပါ။

    သည်အချက်ကတော့ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒါပေမယ့်လူတော်တော်များများကသည်အချက်ကိုသတိလက်လွတ်ဖြစ်နေတတ်ပါတယ်။ အိမ်အတွင်းရော အပြင်မှာပါတောက်လျှောက်လျှောက်ထားတဲ့ဖိနပ်မှာ မညစ်ပတ်နေရင်တောင်မှ အဆိပ်ဖြစ်တဲ့ ဓါတုပစ္စည်းတွေ၊ချောဆီတွေ၊ ပိုးသတ်ဆေးတွေ၊ခဲဓါတ်၊ ဘက်တီးရီးယားတွေနဲ့ အခြားအဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အရာတွေကပ်ညှိပါလာနိုင်တာကြောင့် ဖိနပ်ကို အိမ်အပြင်ဘက်မှာချွတ်ထားခဲ့ဖို့မမေ့ပါနဲ့။

    ၁၀. စားသုံးနေတဲ့အစားအသောက်တွေကို ဂရုပြုပါ။

    အစားအစာတွေ စားသုံးတဲ့အခါမှာလည်းအော်ဂဲနစ် ဟင်းသီးဟင်းရွက်တွေ၊သစ်သီးတွေနဲ့အသားတွေကိုရွေးချယ်စားသုံးပါ။ဖြစ်နိုင်ရင် ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင်စိုက်စားပါ။အော်ဂဲနစ်အသီးအနှံတွေက ပိုမိုအရသာရှိသလို ကျန်းမာရေးအတွက်လည်းအထောက်အကူပြုပါတယ်။

    ၁၁.ဆေးလိပ်ဖြတ်ပါ။

    သင်က ဆေးလိပ်သောက်သုံးနေတဲ့သူတစ်ဦးဖြစ်မယ်ဆိုရင်တော့ဆေးလိပ်ဖြတ်လိုက်ပါ။လေ့လာမှုအရ အမေရိကန်ပြည်ထောင်စုမှာကလေးငယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ တဆင့်ခံဆေးလိပ်ငွေ့တွေကြောင့် ပန်းနာရင်ကျပ်ဝေဒနာကိုခံစားနေကြရတာဖြစ်တယ်၊လို့ နယူးယောက်မှာရှိတဲ့Mount Sinaiဆေးတက္ကသိုလ် Children’s Environmental Health Center ကတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။

    ဒါကြောင့်ငွေကုန်ကြေးကျများတဲ့ဆေးလိပ်သောက်သုံးမှုအကျင့်ကိုဖျောက်ပစ်ပြီး မိမိပတ်ဝန်းကျင်ကို အဆိပ်အတောက်ကင်းစင်တဲ့ပတ်ဝန်းကျင်အဖြစ်ဖန်တီးလိုက်ပါ။

    ၁၂. ပလပ်စတစ်ပုလင်းတွေနဲ့ ဆီသွတ်အစားအသောက်တွေကို သတိထားပါ။

    ပိုလီကာဘွန်နိတ်လုပ်ထားတဲ့ ပလတ်စတစ် မှာတွေ့ရတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့bisphenol A ဘစ်ဖီနော်လ် အေ ကကျန်းမာရေးအတွက်ဘေးကင်းရဲ့လားဆိုတာကိုဆွေးနွေးနေဆဲဖြစ်ပါတယ်။ အဆိုပါ ပလပ်စတစ်အမျိုးအစားကိုရေဗူးတွေနဲ့ကလေးနို့ဗူးတွေထုတ်လုပ်ရာမှာ အသုံးပြုနေပါတယ်။bisphenol A ကို ဆီသွတ်ဗူးတွေပြုလုပ်ရာမှာလည်း အသုံးပြုလေ့ရှိပါတယ်။

    FDA နဲ့ အမေရိကန်ဓါတုဗေဒကောင်စီ တို့ကတော့ bisphenol A ဘစ်ဖီနော်လ် အေ ကအသုံးပြုဖို့ဘေးကင်းတယ်ဆိုပေမယ့်လည်း အမေရိကန်အစိုးရရဲ့ အခြား အစီရင်ခံစာတစ်စောင်ဖြစ်တဲ့National Toxicology Report မှာတော့bisphenol A ဘစ်ဖီနော်လ် အေ ကဦးနှောက်နဲ့ ဆီးကျိတ်ဂလင်းတွေကို ထိခိုက်စေနိုင်ပြီး သန္ဓေသား၊မွေးကင်းစနဲ့ကလေးငယ်တွေရဲ့ အပြုအမူပိုင်းဆိုင်ရာတွေမှာ ထိခိုက်စေနိုင်တယ်ဆိုတဲ့အချက်တွေတွေ့ ရှိ ခဲ့ရပါတယ်။

    ၁၃. လက်ဆေးပါ။

    အအေးမိတာတွေ။ တုပ်ကွေးတာတွေခံစားရတဲ့အခါ လက်ဆေးပါလို့ပြောတာကိုတော့ကြားဖူးပါတယ်။ မကြာခဏလက်ဆေးပေးတာက လက်မှာကပ်ညှိနေနိုင်တဲ့ ပိုးမွှားတွေကိုသေစေနိုင်ပါတယ်။ လက်ဆေးတာကရောဂါကင်းစင်စေတဲ့အကျင့်ကောင်းတစ်ခုဖြစ်တာကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက လက်ဆေးတာကိုအကျင့်လုပ်ပေးပါ။

    လက်ဆေးတဲ့နေရာမှာလည်း ပိုးသတ်ဆေးပါဝင်တဲ့လက်ဆေးဆပ်ပြာတွေ ကိုယ်ခံအားစနစ်ကိုအားနည်းစေတာမျိုးတွေဖြစ်စေတတ်ပါတယ်။ ပန်းနာရင်ကျပ်နဲ့အရေပြားဓါတ်မတည့်တာမျိုးတွေလည်းဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

    ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာတွေ၊ချိုင်းလိမ်းတောင့်တွေ၊သွားတိုက်ဆေး၊ခံတွင်းသန့်စင်ဆေးရည်တွေ၊အလှကုန်တွေ၊အဝတ်အထည်တွေနဲ့မီးဖိုချောင်သုံး ပလပ်စတစ်ပစ္စည်းတွေမှာ အဓိကပါဝင်တဲ့ triclosan ကလိင်ပိုင်းဆိုင်ရာဟော်မုန်းတွေနဲ့အာရုံကြောစနစ်ကိုထိခိုက်စေနိုင် လို့ဆိုပါတယ်။

    အထက်ပါအချက်လေးတွေကို သတိထားပြီး အဆိပ်အတောက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးကာ ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆေိုင်နိုင်ပါစေကြောင်း

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement