backup og meta

သာမိုမီတာ နဲ့ ကိုယ်အပူချိန် ဘယ်လိုတိုင်းကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သာမိုမီတာ နဲ့ ကိုယ်အပူချိန် ဘယ်လိုတိုင်းကြမလဲ။

    ခုဆိုရင် ဘယ်သွားသွား အထဲမဝင်ခင် အပြင်ကနေဆီးပြီး နဖူးလေးကို လှမ်းချိန်ပြီး အပူချိန်ကို လှမ်းတိုင်းကြတယ်လေ။ အရင်ကတော့ လူတွေက အပူချိန်တိုင်းရင် ပြဒါးတံကြီးနဲ့ ချိုင်းအောက်ညှပ်မယ်၊ လျှာအောက်ထားမယ် ဒီလောက်ပဲ သိတာပေါ့။ ခုတော့ မဖြစ်မနေ အပူချိန်တိုင်းရမယ်လဲဆိုရော ထွက်လာလိုက်တဲ့ သာမိုမီတာ အမျိုးအစားဆိုတာ အများကြီးပါပဲလား။ သူတို့တွေကို ဘယ်လိုသုံးမှာလဲ။ တစ်ခုနဲ့ တစ်ခု ဘာတွေကွာလဲဆိုတာ ပြောပြပေးပါမယ်။

    ပုံမှန် ကိုယ်အပူချိန်က ဘယ်လောက်လဲ။

    လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က 98.6°F (37°C) ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် 0.5-1 ဒီဂရီလောက်တော့ အတိုးအလျော့ ရှိနိုင်ပါတယ်။ မနက်ပိုင်းမှာ အပူချိန်ကျမယ်။ နေ့လယ်လောက်မှာ တက်လာမယ်။ ညနေလောက်မှာ ပြန်ကျသွားမယ်။ ဒါကလည်း သဘာဝပါပဲ။ အရွယ်ရောက်ပြီး လူတစ်ယောက်မှာ ဖျားတယ်လို့ သတ်မှတ်ဖို့ အတွက်

    • အနည်းဆုံး အပူချိန် 100.4°F (38°C) ရှိရပါမယ်။
    • 103.1°F (39.5°C) နဲ့ အထက်ဆိုရင်တော့ အဖျားကြီးနေပါပြီ။
    •  105.8°F (41°C) နဲ့ အထက်ဆိုရင်တော့ အပြင်းဖျားနေတာပါ။

    သာမိုမီတာ ဘယ်နှမျိုးရှိသလဲ။

    အရင်က မြင်ဖူးတဲ့ ပြဒါးပါတဲ့ သာမိုမီတာအပြင် ဒစ်ဂျစ်တယ် သာမိုမီတာ မျိုးစုံ ရှိပါတယ်။ နောက်ပိုင်းမှာတော့ ပြဒါးတံ သာမိုမီတာက အသုံးနည်းလာပါပြီ။ အဖြေဖတ်ရခက်တဲ့ အပြင် မတော်တဆ ပြဒါးတံ ကျိုးသွားရင် ပြဒါးတွေ အပြင်ကို ထွက်လာပြီး အဆိပ်သင့်နိုင်တာကြောင့် တဖြည်းဖြည်း အသုံးနည်းလာပါပြီ။

    အဲ့ဒီအစား ဒစ်ဂျစ်တယ် သာမိုမီတာတွေ သုံးလာကြပါပြီ။ ဒစ်ဂျစ်တယ် သာမိုမီတာ အမျိုးအစားတွေကတော့

    ပါးစပ်ထဲ ထည့်တိုင်းတဲ့သာမိုမီတာ

    • အသက် ၄နှစ်အထက်ကစပြီး သုံးလို့ရပါပြီ။ သာမိုမီတာကို ပါးစပ်ထဲမှာ ကောင်းကောင်းငုံနိုင်တဲ့ အရွယ်ပေါ့။
    •  အပူချိန်မတိုင်းခင် လက်အရင်ဆေးပါ။
    • သာမိုမီတာကို ရေနဲ့ ဒါမှမဟုတ် အရက်ပြန်သုတ်ပါ။ ပါးစပ်ထဲထည့်မှာမို့လို့ အရက်ပြန်သုံးခဲ့ရင် ရေပြန်ဆေးပါ။
    • အပူချိန် မတိုင်းခင် ဘာမှမစားပါနဲ့။ အနည်းဆုံး နောက်ဆုံးအစာနဲ့  ၅မိနစ် ခြားပါစေ။ သင်စားလိုက်တဲ့ အပူ အအေးတွေက အပူချိန်ပေါ် သက်ရောက်မှု ရှိလို့ပါ။
    • သာမိုမီတာကို လျှာအောက်မှာ ထားပါ။ ပါးစပ်ပိတ်ထားပါ။
    • တချို့ သာမိုမီတာက စက္ကန့်၄၀ စောင့်ရပါတယ်။ တချို့ သာမိုမီတာက အပူချိန်တိုင်းပြီးရင် အသံမြည်ပါတယ်။
    • တိုင်းပြီးရင် ရေ ဒါမှမဟုတ် အရက်ပြန်နဲ့ ပြန်ဆေးပါ။

    စအိုထဲ ထည့်တိုင်းတဲ့သာမိုမီတာ

    • ကလေး အသက် ၃နှစ်အထိ သုံးလို့ရပါတယ်။ ချိုင်းအောက် ဒါမှမဟုတ် ပါးစပ်ထဲ ထည့်တိုင်းဖို့ အဆင်မပြေတဲ့ ကလေးတွေ အတွက်ပါ။
    • သာမိုမီတာကို ရေနဲ့ ဆပ်ပြာနဲ့ ဆေးပါ။ တချို့ သာမိုမီတာက လျှာအောက်ရော စအိုထဲရော တိုင်းလို့ရပါတယ်။ ရောမသုံးပါနဲ့။ သက်သက်စီခွဲထားပါ။
    •  ဂျယ်တစ်မျိုးမျိုးကို သာမိုမီတာရဲ့ ထိပ်မှာ သုတ်လိမ်းပါ။
    • ကလေးကို ပေါင်ပေါ် ဒါမှမဟုတ် စားပွဲမှာ မှောက်လျက်ထားပါ။ ဒါမှမဟုတ် ကလေးကို ဒူးကွေးထားပါ။
    • သာမိုမီတာ ထုတ်လိုက်ရင် နောက်က ဝမ်းပါတတ်လို့ အောက်က တစ်ခုခု ကြိုခင်းထားပါ။
    • သာမိုမီတာကို စအိုထဲသို့ ဖြည်းဖြည်းထည့်ပါ။ အားနဲ့ မထိုးပါနဲ့။
    • တိုင်းပြီးတဲ့ အထိ စောင့်ပါ။ (စက္ကန့် ၃၀လောက် ကြာတတ်ပါတယ်။)
    • ပြီးရင် ဖြည်းဖြည်းပြန်ထုတ်ပါ။
    • ရေနဲ့ ဆပ်ပြာသုံးပြီး ပြန်ဆေးပါ။ အရက်ပြန်သုတ်ပါ။ ရေနဲ့ ပြန်ဆေးပါ။

    ချိုင်းအောက်မှာ တိုင်းတဲ့သာမိုမီတာ

  • လျှာအောက်မှာ တိုင်းတဲ့ သာမိုမီတာနဲ့ အတူတူပါပဲ။
  • ကလေးကို အင်္ကျီလှန်ပြီး ချိုင်းကြားမှာ သာမိုမီတာ ထားပါ။ ချိုင်းမှာ ချွေးမစိုပါစေနဲ့။
  • တိုင်းပြီးရင် အသံမြည်လာပါမယ်။
  • တိုင်းပြီးရင် ရေ ဒါမှမဟုတ် အရက်ပြန်နဲ့ ပြန်ဆေးပါ။
  • နားထဲထည့်တိုင်းတဲ့ သာမိုမီတာ

    • နားကို အနောက်နည်းနည်းဆွဲပါ။ ဒါမှ နားအတွင်းပိုင်း ပွင့်လာမှာပါ။
    • အစွပ်ကို သာမိုမီတာ ထိပ်မှာ တပ်ပါ။
    • နားထဲကို သာမိုမီတာထိပ် ဝင်သွားသည်အထိ ဖြည်းဖြည်းထည့်ပါ။
    • တိုင်းပြီးလျှင် အသံမြည်လာပါမယ်။
    • အစွပ်ကို ပြန်ဖြုတ်ပါ။

    (သာမိုမီတာ တစ်မျိုးနဲ့ တစ်မျိုး ကွာခြားချက်ရှိနိုင်သည်။ အသုံးပြုနည်းလမ်းညွှန်ကို သေချာ ဖတ်ပါ။)

    နဖူးမှာ တိုင်းတဲ့သာမိုမီတာ

    • အသုံးပြုလို့ လွယ်ပါတယ်။ သာမိုမီတာကို နဖူးနားမှာ တေ့ရုံပါပဲ။ အမျိုးအစားကို လိုက်ပြီး တချို့က တေ့ရုံနဲ့ ရပါတယ်။ တချို့က နဖူးနဲ့ ထိရပါတယ်။ အသုံးပြုနည်းလမ်းညွှန်ကို သေချာ ဖတ်ပါ။

    တစ်နေရာနဲ့ တစ်နေရာ အပူချိန် ကွာခြားချက်ရှိနိုင်ပါသလား။

    ရှိပါတယ်။ ခန္ဓာကိုယ် အပြင်ဘက်ရောက်လေလေ အပူချိန် နည်းလေလေပါ။ ခန္ဓာကိုယ် အတွင်းထဲကို တိုင်းတဲ့ အပူချိန် (စအို၊ နား)က ပိုမြင့်ပါတယ်။ Core body temperatureလို့ ခေါ်ပါတယ်။ ကွာခြားချက်တွေကတော့

    • စအိုနဲ့ နားအတွင်းပိုင်းကို တိုင်းတဲ့ အပူချိန်က လျှာအောက်မှာ တိုင်းတာထက်  0.5°F (0.3°C) မှ  1°F (0.6°C) ထိ ပိုများပါတယ်။
    • ချိုင်းနဲ့ နဖူးမျာတိုင်းတာက လျှာအောက်မှာ တိုင်းတာထက်  0.5°F (0.3°C) မှ  1°F (0.6°C) ထိ ပိုနည်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement