backup og meta

လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်

    အိမ်မြှောင်ဆိုတာ ကျွန်တော်တို့ ငယ်စဉ် ကလေးဘဝကတည်းက ယနေ့အချိန်ထိကို အိမ်နံရံတွေမှာ အမြဲမြင်နေရတတ်တဲ့ တွားသွားသတ္တဝါတစ်မျိုးပါ။ တချို့ကလေးတွေအတွက် အိမ်မြှောင်ဟာ ကြောက်စရာကောင်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် လူကြီးတွေအတွက်တော့ သိပ်ပြီး ထူးထူးခြားခြား ဒုက္ခပေးနိုင်လောက်စရာ မရှိဘူးလို့ပဲ မှတ်ချက်ချတတ်ကြပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ် တွေကို ပြောပြပေးချင်ပါတယ်။

    လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်

    လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ် တွေအကြောင်း လေ့လာလိုက်ရအောင်နော်။

    ဘယ်လိုအရာတွေက အိမ်မြှောင်တွေကို ဖိတ်ခေါ်နေတာလဲ။

    စားနပ်ရိက္ခာ၊ သောက်ရေ၊ နေစရာအပြည့်အစုံရှိတဲ့ နေအိမ်တိုက်ခန်းတွေဟာ အိမ်မြှောင်တွေအတွက်တော့ ကြယ်ငါးပွင့်ဟိုတယ်လိုပါပဲ။ အိမ်မြှောင်တွေဟာ ပူနွေးပြီးစိုစွတ်တဲ့နေရာတွေကို အလွန်ကြိုက်ပြီး မြန်မာနိုင်ငံအနေအထားအရ ကြည့်မယ်ဆိုရင် နွေရာသီနဲ့ မိုးရာသီမှာ အကောင်ရေပေါက်ဖွားမှု အများဆုံးဖြစ်တယ်။ ရေကို အများအပြားလိုအပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၃ပုံ ၂ပုံဟာ ရေတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။

    ဒါ့အပြင် အိမ်မြှောင်တွေရဲ့ အကြိုက်ဆုံးအစားအစာဟာ အင်းဆက်ပိုးမွှားတွေနဲ့ သစ်သီးဝလံ၊ သစ်ရွက်တွေပဲ ဖြစ်ပါတယ်။ ဒီတော့ ခြင်၊ ယင်ကောင်တွေ ပေါတဲ့အိမ်တွေ၊ စားစရာတွေကို လင်းလင်းထင်းထင်း စားပွဲပေါ် တင်ထားတာ၊ ပန်းအိုး၊ ပန်းပင်တွေ စိုက်ထားတဲ့အိမ်တွေဆိုရင် အိမ်မြှောင်ဝင်ဖို့ ပိုလွယ်ကူပါတယ်။

    နံရံတွေ အက်ကွဲနေတာ၊ ကြမ်းပြင်၊ သစ်သားတွေ ပဲ့နေတာ၊ ပေါက်နေတဲ့ရေပိုက်တွေ၊ မှောင်နေတဲ့ လမ်းကြားတွေမှာ အိမ်မြှောင်တွေဟာ နေထိုင်ပြီး သားဖောက်ဖို့အတွက် ဥ ဥကြပါတယ်။ ဒီဥကနေ အကောင်ပေါက်လာတဲ့ အိမ်မြှောင်လောင်းတွေဟာလည်း အနီးအနားက အင်းဆက်ပိုးမွှားတွေကို စားသုံးပြီး ကြီးပြင်းကြပါတယ်။ စားပွဲအောက်၊ နံရံအက်ကွဲကြောင်း၊ ဖုန်တက်ပြီးမှောင်နေတဲ့ ချောင်ကြား၊ ရေချိုးခန်းမီးဖိုချောင်တွေမှာ အများဆုံးနေထိုင်ကြပါတယ်။

    အိမ်မြှောင်တွေဟာ လူတွေကို ဒုက္ခပေးသလား။

    ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် လူတွေကို သိပ်ပြီးဒုက္ခမပေးပါဘူး။ အပေါ်မှာပြောထားခဲ့သလိုပဲ ကလေးတွေကလွဲရင် လူကြီးအများစုက အိမ်မြှောင်ကို မကြောက်ကြသလို သိပ်ပြီးတော့လည်း ဂရုမစိုက်တတ်ပါဘူး။ ကလေးတွေအတွက်တော့ အိမ်မြှောင်ရဲ့ မျက်လုံး၊ အော်သံ၊ နံရံမှာ ကပ်နေတဲ့အနေအထား စတာတွေကို ကြောက်လန့်နိုင်ပါတယ်။

    အိမ်မြှောင်တွေဟာ လူတွေကို ကိုက်တတ်တယ်ဆိုပေမယ့် တော်တော်လေးကို ရှားပါတယ်။ အသက်အန္တရာယ်ထိခိုက်နေတယ်လို့ ခံစားရမှသာ ရန်မူတတ်ပြီး မကိုက်ခင်မှာ သားရဲတစ်ကောင်လို ရှူးရှူးရှဲရှဲအသံပေးတတ်ပါတယ်။ အင်းဆက်ပိုးမွှားတွေ၊ သစ်သီး၊ သစ်ရွက်တွေဆိုရင်တော့ ကိုက်ပြီးမှ စားသုံးတတ်ပါတယ်။

    တစ်ခါတရံ နံရံကနေ ခေါင်းပေါ်၊ ကိုယ်ပေါ်ကို ပြုတ်ကျလာတတ်တာမျိုး ရှိပေမယ့် ကြွက်တွေလိုမျိုး ခန္ဓာကိုယ်မှာ လူတွေကိုဒုက္ခဖြစ်စေတဲ့ ရောဂါပိုးမွှားတွေ သိပ်မများတဲ့အတွက် ဆပ်ပြာ၊ ရေနဲ့ ပြန်ဆေးကြောလိုက်ရင် ရပါတယ်။

    အဓိက အိမ်မြှောင်တွေ လူကို ဒုက္ခပေးနိုင်တဲ့အချက်ကတော့ နေရာတကာ စွန့်ထားတဲ့ မစင်အညစ်အကြေးတွေပဲ ဖြစ်ပါတယ်။ အဲဒီအညစ်အကြေးတွေထဲမှာ ဆော်လ်မွန်နယ်လား (Salmonella) ကဲ့သို့ ဗိုက်အောင့်ဗိုက်နာ၊ အော့အန်တာ၊ ပြင်းထန်တဲ့ ဝမ်းလျှောခြင်း၊ ဖျားနာခြင်း စတဲ့ လက္ခဏာတွေကို ဖြစ်စေတဲ့ ရောဂါပိုးတွေ အများအပြားပါဝင်ပါတယ်။ အိမ်မြှောင်တွေဟာ နေအိမ်နေရာမရွေး အညစ်အကြေး စွန့်ပစ်နိုင်သလို အိမ်မြှောင်ချေးတွေဟာ အရွယ်အစားအလွန်သေးပါတယ်။ ဆိုလိုတာကတော့ သင့်ရဲ့ ခေါင်းပေါ်၊ ဖုန်း၊ ကွန်ပျူတာ၊ တီဗီ၊ စားပွဲတွေအပြင် စားစရာ၊ ရေခွက်တွေထဲပါ အညစ်အကြေးစွန့်နိုင်တဲ့အတွက် မတော်တဆ ဗိုက်ထဲကို ဝင်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

    အိမ်မြှောင်တွေဟာ ဘယ်လိုအနံ့အသက်ကို မုန်းတီးကြလဲ။

    အိမ်မြှောင်လိုမျိုး အကောင်သေးတဲ့ တွားသွားသတ္တဝါတွေဟာ ကြက်ဥအခွံ၊ ကြက်သွန်ဖြူ၊ အစွန်းချွတ်ဆေး၊ ပိုးသတ်ဆေး၊ ခြင်ဆေး၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်လိုမျိုး ပြင်းတဲ့ အနံ့မျိုးကို မခံနိုင်ကြတဲ့အတွက် ဝေးဝေးထွက်သွားတတ်ကြပါတယ်။

    အိမ်မြှောင်တွေဟာ ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်လဲ။

    အိမ်မြှောင်တွေရဲ့ ပျမ်းမျှသက်တမ်းဟာ ၅နှစ်ဖြစ်ပြီး ပိုးသန့်စင်ထားခြင်းမရှိတဲ့ အိမ်တွေ၊ နေစရာ၊ စားစရာအပြည့်ဖြစ်နေတဲ့ အိမ်မျိုးမှာဆို အဲဒီထက်ကြာကြာ အသက်ရှင်နေနိုင်ပါတယ်။

    အိမ်မြှောင်တွေကို သင့်အိမ်ကနေ ထွက်သွားအောင် ဘာတွေလုပ်လို့ရမလဲ။

    ကိုယ့်နေအိမ်နံရံ သို့မဟုတ် ဥယျာဉ်ခြံဝင်းထဲမှာ အိမ်မြှောင် တစ်ကောင်၊ နှစ်ကောင် တွေ့ရတယ်ဆိုတာ သိပ်ပြီးကြီးမားတဲ့ ပြဿနာမဟုတ်ပေမဲ့ အကောင်ရေအရမ်းများလာရင်တော့ သင့်ရဲ့နေအိမ်မှာ အိမ်မြှောင်အသိုက်ရှိနေတာ ဖြစ်နိုင်ပါတယ်။ လူတွေကို ရန်မမူနိုင်ဘူးဆိုပေမယ့် ကျန်းမာရေးအရ ဘယ်လိုကောင်းကျိုးမှ မပေးနိုင်တဲ့အတွက် ကိုယ့်အိမ်မှာ အိမ်မြှောင်နည်းလေ၊ ပိုကောင်းလေပါပဲ။ ဒီအတွက် ဘာတွေလုပ်ပေးလို့ ရမလဲဆိုရင်

    • အိမ်မြှောင်တွေရဲ့ အသိုက်၊ အမြဲသွားလာတဲ့နေရာတွေကို စောင့်ကြည့်ပါ
    • အဲဒီနေရာတွေကို ပိုးသတ်ဆေး သို့မဟုတ် ခြင်ဆေးဖျန်းပါ
    • အိမ်၊ ရေချိုးခန်းက နံရံတွေမှာ ပေါက်နေတာ၊ အက်ကွဲနေတာရှိရင် အမြန်ဖာထေးပါ
    • စားစရာတွေကို အမြဲတမ်း လုံခြုံစွာဖုံးအုပ်ထားပါ
    • နေအိမ်နေရာအနှံ့မှာ ပရုတ်လုံးတွေကို တစ်လုံးစီ ချထားပါ
    • နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ သင့်နေအိမ်တစ်ခုလုံးကို ပိုးသတ်ပြီး သန့်စင်ပါ

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement