backup og meta

စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေခြင်း။ ။ အတွင်းရော၊ အပြင်ပါ အစွမ်းကုန် လှပနေတဲ့ ဥယျာဉ်အဖြစ် ပျိုးထောင်ခြင်း


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေခြင်း။	။ အတွင်းရော၊ အပြင်ပါ အစွမ်းကုန် လှပနေတဲ့ ဥယျာဉ်အဖြစ် ပျိုးထောင်ခြင်း

    ကျွန်တော်တို့အားလုံးရဲ့ ခေါင်းထဲမှာ ခံစားချက်အမျိုးမျိုး၊ အတွေးအမျိုးမျိုး ရှိကြတာပါပဲ။ ပျော်ရွှင်မှုတွေ၊ နားလည်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ မျှော်လင့်ချက်တွေ၊ မလုံခြုံမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ နဲ့ ယူဆချက် အမျိုးမျိုးပေါ့လေ။ အဲဒါတွေကပဲ ကျွန်တော်တို့ကို တစ်မူထူးခြားအောင် လုပ်ပေးနေတာ မဟုတ်လား။ ဒါဖြင့် ဒီလို တွေးကြည့်ကြရအောင်။ ဒီ မတူညီတဲ့ အရာတွေအားလုံးကို ဥယျာဉ်ကြီးလို့ ဆိုကြပါစို့။

    ဒီ ဥယျာဉ်ကြီးထဲမှာ လှပတဲ့ ပန်းလေးတွေ အစွမ်းကုန် ဖူးပွင့်ဝေဆာစေဖို့အတွက် မကောင်းတဲ့ အတွေး၊ စိတ်ဓာတ်ကျဆင်းခြင်းနဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ စတဲ့ ပေါင်းပင်တွေကို ရှင်းထုတ်ပစ်ရမယ် မဟုတ်လား။ ဒါကပဲ ကျွန်တော်တို့ ရှင်သန်ဖြစ်တည်ရခြင်းပဲလေ… အစွမ်းကုန် လှပပျော်ရွှင်နေဖို့ အတွက်လုပ်ဆောင်နေရတာ မဟုတ်ဘူးလား။ ဒီလိုဖြစ်မလာခဲ့ရင်လည်း ကျွန်တော်တို့တွေ တစ်ယောက်ထဲ ဒီလိုဖြစ်နေတာတော့ မဟုတ်ပါဘူး။

    များသောအားဖြင့် ကျွန်တော်တို့ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အရေးမကြီးဘူးလို့ ယူဆတတ်ကြပါတယ်။ ဒါပေမဲ့ ဒါက အမှန်တရားနဲ့ အလွဲကြီး လွဲနေတော့တာပါပဲ။ ကျွန်တော်တို့ရဲ့ ဘဝတွေဟာ ကျွန်တော်တို့ စိတ်တွေပေါ် အများကြီး မူတည်နေတာပါ။ ပျော်ရွှင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ ဆက်စပ်နေတာကတော့ ပြောစရာမလိုလောက်အောင်ပါပဲ။

    စိတ်နဲ့ ခန္ဓာက တကယ်ပဲ တစ်ခုနဲ့ တစ်ခု လွှမ်းမိုးဆက်စပ်နေကြတာဗျ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ စိတ်တွေကို ပိုပြီး ကြံ့ခိုင်လာဖို့ တစ်နည်းအားဖြင့် စိတ်ဖိစီးမှုတွေနဲ့ အလုပ်၊ အလုပ်၊ အလုပ်ဆိုတာတွေချည်း ပြည့်နှက်နေတဲ့ လောကကြီးထဲမှာ ရှင်သန်ရပ်တည်နိုင်ဖို့ ဘယ်လို လေ့ကျင့်ကြရမလဲ။ မျှခြေကို ဘယ်လို ရှာကြရမလဲ။

    ပထမဆုံး နားလည်ထားရမှာက ငွေကြေး ကြွယ်ဝချမ်းသာမှု ဒါမှမဟုတ် အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေကို တိုက်ရိုက်အချိုးချမိနေလို့မဖြစ်သေးပါဘူး။ ဒါက ကျွန်တော်တို့ကို အားမရမှုတွေ၊ မလုံလောက်သေးဘူးဆိုတဲ့ ခံစားချက်တွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ၊ စိတ်ပျက်မှုတွေပဲ ပေးနေမှာပါ။ ချမ်းသာအောင်မြင်ကျော်ကြားနေကြသူတိုင်းကလည်း အမြဲတမ်း ပျော်နေတာ မဟုတ်ဘူးလေ။

    ဒုတိယအချက်က တကယ်လို့များ သင်ကိုယ်တိုင် ဒါမှမဟုတ် ဘေးပတ်ဝန်းကျင်က တစ်ယောက်ယောက်က စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရပြီဆိုရင် သိထားရမှာက သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ ကမ္ဘာပေါ်က ဘယ်သူတစ်ဦးတစ်ယောက်မှာမှ ပြီးပြည့်စုံတဲ့ ဘဝဆိုတာကို မပိုင်ဆိုင်ထားပါဘူး။ အဲ့လိုဘဝမျိုးကလည်း မရှိပါဘူးနော်။

    အခုကျွန်တော်တို့ စိတ် နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို စောစောက ဥယျာဉ်ကြီးနဲ့ ပြန်ပြီး ယှဉ်ကြည့်ကြပါဦးစို့။ နေ့တိုင်းနေ့တိုင်း ပြောင်းလဲနေတဲ့ အစိုးမရသော ရာသီဥတုတွေ၊ ရိုက်ခတ်မှုတွေကို မပြုပြင်မထိန်းသိမ်းဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တဲ့ ဥယျာဉ် ဘယ်နှခုများ မြင်ဖူးခဲ့လို့လဲ။ ဥယျာဉ်တွေက ချစ်စရာကောင်းပါတယ်။ ဒါပေမဲ့ ဘယ်တစ်ခုကမှ ပြီးပြည့်စုံမနေဘူး မဟုတ်လား။

    တတိယအချက်အနေနဲ့ မှတ်ထားရမှာက လူတွေက သင့်ကို ချစ်ပြီး ဂရုလည်းစိုက်ကြပါတယ်။ သင့်ဥယျာဉ်က ဖြစ်သင့်တဲ့အတိုင်း ပန်းတွေ ပွင့်မလာခဲ့ရင်တောင်မှ သင့်အတွက် အကူအညီ ပေးမယ့်လက်ကို ကမ်းဖို့လည်း အသင့်ပါပဲ။

    ဒီအချက်လေးတွေကို စမ်းကြည့်ပါ။ သူတို့တွေက ကျွန်တော်တို့တွေကို နေရောင်အောက်မှာ တောက်ပပျော်ရွှင်နေဖို့ အကူအညီပေးနိုင်ပါတယ်။

    ၁။ ချစ်ရသူတွေနဲ့ အချိန်ကုန်ဆုံးပါ။

    ဒါပေါ့။ အလုပ်က အရေးကြီးပါတယ်။ ဒါပေမဲ့ သင်ချစ်ရတဲ့သူတွေက ပိုပြီး အရေးမကြီးဘူးလား။ သူတို့တွေက သင့်ဘဝအတွက် အရေးအကြီးဆုံးနဲ့ အစားမထိုးနိုင်တဲ့ အစိတ်အပိုင်းတွေပါပဲ။ ဘာကြီးပဲ ဖြစ်နေနေ၊ သူတို့အတွက် အချိန်လေး ရအောင်ပေးပါ။ ဒီလို အချိန်ပေးတဲ့အခါမှာ “သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတွေက သင့်ကို ချစ်ပြီး ဂရုစိုက်ကြပါတယ်။ ပြီးတော့ သင့်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို မျှဝေခံစားပေးဖို့ အသင့်ရှိနေကြပါတယ်။” လို့ သင်ကိုယ်တိုင်ရော သူတို့ပါ ခံစားရမှာပါ။

    ၂။ အနားယူပါ။ အစက ပြန်စပါ။

    ပိတ်ရက်တွေက ဇိမ်ခံဖို့ အကြောင်းတရား သက်သက်မဟုတ်ပါဘူး။ မဖြစ်မနေ လိုအပ်တဲ့ လိုအပ်ချက် တစ်ခုပါ။ တစ်ရက်တန်သည်၊ နှစ်ရက်တန်သည် ရတဲ့အချိန်တိုင်းကို ပတ်ဝန်းကျင်အသစ်တွေ လေ့လာရင်း စိတ်နဲ့ ခန္ဓာကိုယ်ကို အနားပေးလိုက်ပါ။

    ၃။ တက်တက်ကြွကြွ နေပါ။

    အပန်းဖြေခြင်းက တီထွင်ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ပုံဖော်နိုင်စွမ်းကို ပိုပြီး တိုးစေပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေက အချင်းချင်း ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီနေရတာမဟုတ်လား။ အချင်းချင်း ရိုင်းပင်းကြရင်းနဲ့ ပိုပြီး ကြံ့ခိုင်လာစေတယ်လေ။

    ၄။ သိပ်ပြီး စိတ်မပူပါနဲ့။

    ပြဿနာ အများစုမှာ အဖြေတွေ ရှိပါတယ်။ သင်ကသာ အကောင်းဆုံး ကြိုးစားမယ်ဆိုရင် ရလဒ်ကို သိပ်ပြီး စိတ်ပူစရာ မလိုပါဘူး။

    ၅။ နေ့စဉ်ဘဝမှာ ပျော်ရွှင်ပါ။

    မရှိတာတွေ တွေးတောပြီး စိတ်ညစ်နေမယ့်အစား ရှိတာလေးတွေကို တန်ဖိုးထားပါ။

    ၆။ ဘယ်လို တုံ့ပြန်မှာလဲဆိုတာကို သေချာ ရွေးချယ်ပါ။

    စိန်ခေါ်မှုတွေ၊ နောက်ဆုတ်ရမှာတွေနဲ့ အခြားသော ဘဝရဲ့ ရိုက်ချက်တွေကို ရှောင်လွှဲလို့ မရပါဘူး။ ဒါပေမဲ့ ဘယ်လို တုံ့ပြန်မလဲဆိုတာက သင့်ရဲ့ ရွေးချယ်မှုပါပဲ။

    ၇။ ပစ္စုပ္ပန်မှာ နေထိုင်ပါ

    မနေ့ကဆိုတာ သမိုင်းပါ။ မနက်ဖြန်ဆိုတာက လျှို့ဝှက်ဆန်းကြယ်မှုပါ။ ဒီနေ့ကတော့ လက်ဆောင်ပါပဲ။ ကျိန်းသေတာကတော့ ဒီနေ့မှာ ဘာကိုမဆို စလုပ်နိုင်တယ်လေ။ ဒီနေ့ကို သင်ပိုင်ပြီး သင့်လက်ထဲမှာပဲ ရှိပါတယ်။

    ကျွန်တော်တို့အားလုံး အတွင်းရော၊ အပြင်ပါ ဝေဆာလှပတဲ့ဥယျာဉ်ကိုယ်စီ ပျိုးထောင်ဖန်တီးနိုင်ကြပါစေ…

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement