backup og meta

ရေအေးနဲ့ ရေချိုးမလား၊ ရေနွေးနဲ့ပဲ ချိုးမလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေအေးနဲ့ ရေချိုးမလား၊ ရေနွေးနဲ့ပဲ ချိုးမလား

    ရေအေး ချိုးတာ နဲ့ ရေပူချိုးတာကို တစ်မျိုးစီ သီးသန့် ကြိုက်တဲ့သူတွေလည်း ရှိသလို နှစ်မျိုးလုံး ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ရေပူ၊ ရေအေး နှစ်မျိုးလုံးက ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ အရေပြားကို သူ့နည်း သူ့ဟန်နဲ့ ကူညီပေးနေတာပါပဲ။ တချို့ကျတော့လည်း ရာသီဥတုက အေးနေရင် ရေနွေးလေး ပြောင်းချိုးပြီး ရာသီဥတုက ပူနေရင် ရေအေးအေးလေးနဲ့ ချိုးလိုက်တာမျိုးလည်း ရှိတာပေါ့။ ဒီဆောင်းပါးလေးမှာ ရေပူ၊ ရေအေးချိုးခြင်းက ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဘယ်လို အထောက်အကူ ဖြစ်စေလဲဆိုတဲ့ ကောင်းကျိုးတွေ၊ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ရေအေး ချိုးခြင်း

    ၁။ အရေပြား ယားယံတာကို သက်သာစေတယ်။

    ရာသီဥတုကြောင့် ဖြစ်စေ၊ အဝတ်အစားကြောင့်၊ ဓာတ်မတည့်တာကြောင့်၊ အရေပြား ပြဿနာတစ်ခုခုကြောင့် ယားယံနေတဲ့သူတွေဆိုရင် ရေအေးနဲ့ ချိုးခြင်းဖြင့် ယားယံခြင်းကို ပြေလျော့စေနိုင်ပါတယ်။

    ၂။ စိတ်ကို နိုးကြားတက်ကြွစေတယ်။

    ရေအေး နဲ့ အသား ရုတ်တရက် ထိလိုက်တဲ့အခါ ကျဉ်ကနဲ ဖြစ်သွားတဲ့ ခံစားချက်ရယ်၊ နှလုံးခုန်နှုန်း မြန်လာတာ၊ ဦးနှောက်က အေးကနဲ ဖြစ်ပြီး နိုးကြားတက်ကြွလာတာကြောင့် လူက အိပ်ချင်တာတွေ ပြေပြီး စိတ်ကို လန်းလန်းဆန်းဆန်း ဖြစ်စေပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် မနက်ပိုင်း အိပ်ရာနိုးနိုးချင်း ရေအေးနဲ့ ချိုးတာက တစ်နေ့တာလုံး သင့်ရဲ့ စိတ်တွေကို ပေါ့ပါးလန်းဆန်းနေစေတယ်ဆိုတာ သိမယ်ထင်ပါတယ်။

    ၃။ သွေးလည်ပတ်မှုကို ကောင်းစေတယ်။

    ရေအေး က လူ့ အရေပြားကို ထိတွေ့လိုက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ သွေးစီးဆင်းနှုန်းက မြန်လာပြီး အနက်ရှိုင်းဆုံး တစ်ရှူးတွေထဲမှာ ရှိနေတဲ့ သွေးတွေပါ မြန်မြန် လည်ပတ်စီးဆင်းစေပါတယ်။

    ၄။ လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားနာကျင်ကိုက်ခဲတာကို သက်သာစေတယ်။

    အပြင်းအထန် လေ့ကျင့်ခန်း လုပ်ပြီးသွားရင် ရေအေးအေးနဲ့ ချိုးလိုက်မှ အညောင်းအညာ ပြေသွားတာမျိုး ကိုယ်တိုင် ကြုံဖူးမှာပါပဲ။ အဓိက အအေးဓာတ်က ခန္ဓာကိုယ်ရဲ့ တင်းနေတဲ့ ကြွက်သားတွေက ပြေလျော့သွားစေသလို အရောင်ကျစေနိုင်ပါတယ်။

    ရေအေး နဲ့ ပတ်သက်ပြီး မကောင်းတဲ့အချက်ကို ပြောပါဆိုရင် ရာသီဥတု အေးနေတဲ့အချိန်၊ ဖျားနေချိန်၊ နှာစေးနှာပိတ် ဖြစ်နေချိန်မှာတော့ မချိုးသင့်ပါဘူး။ ကိုယ်တွင်း အပူချိန် ကျဆင်းသွားရင် နဂိုအတိုင်း ပြန်တက်လာဖို့ အချိန်စောင့်ရတတ်သလို ဒီကြားထဲမှာလည်း ကိုယ်ခံအားစနစ်က ကျသွားတတ်တဲ့အတွက် အခန့်မသင့်ရင် ဖျားနိုင်ပါတယ်။

    ရေနွေးဖြင့် ရေချိုးခြင်း

    ၁။ အအေးမိဖျားနာနေတဲ့သူတွေအတွက် ဝေဒနာ သက်သာစေတယ်။

    ရေနွေးနဲ့ ရေချိုးတဲ့အခါ ထွက်လာတဲ့ အငွေ့တွေက အအေးမိဖျားနာခြင်းရဲ့ နောက်ဆက်တွဲ နှာစေးနှာပိတ်တာ၊ နှာရည်ယိုတာ၊ ချွဲသလိပ် ထတာ၊ လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။

    ၂။ ချွေးပေါက်အတွင်းထဲထိ သန့်စင်ပေးနိုင်တယ်။

    ရေအေး ထက်စာရင် ရေနွေးနဲ့ ချိုးပေးခြင်းက ချွေးပေါက်တွေကို ကျယ်စေလို့ အတွင်းထဲမှာ ပိတ်မိနေတဲ့ အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးလို့ ဘက်တီးရီးယားပိုးမွှား ပေါက်တာတွေ နည်းသွားပြီး ဝက်ခြံနဲ့ တခြား အရေပြား ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ၃။ ကြွက်သားတင်းနေတာအတွက် ကောင်းတယ်။

    တစ်နေ့လုံး အလုပ်လုပ်ပြီးတော့ ကြွက်သားတွေ တင်းပြီး နေရထိုင်ရခက်နေတဲ့သူတွေ ရေနွေး ချိုးပေးခြင်းဖြင့် အညောင်းအညာ ပြေစေပြီး လူကို ပေါ့ပေါ့ပါးပါး ဖြစ်သွားစေနိုင်ပါတယ်။

    မကောင်းတဲ့အချက်တွေကတော့ ရေနွေးနဲ့ ကြာရှည်ချိုးခြင်းက အစိုဓာတ်ကို ခမ်းခြောက်သွားစေလို့ အသားခြောက်ပြီး ယားယံစေတယ်။ နှင်းခူ၊ ညှင်းလို အရေပြားမှိုစွဲနေတဲ့သူတွေဆိုရင် ယားယံခြင်းကို ပိုဆိုးသွားစေနိုင်လို့ ချိုးဖို့ မသင့်လျော်ပါဘူး။

    ရေနွေး၊ ရေအေးနဲ့ ချိုးခြင်း နှစ်မျိုးလုံးမှာ ကောင်းတာရော၊ ဆိုးတာပါ ဒွန်တွဲနေတဲ့အတွက် အရေပြား ပြဿနာရှိသူတွေအတွက် သေချာသတိထားဖို့ လိုပေမယ့် ပုံမှန်လူတွေအတွက်တော့ ကိုယ်အဆင်ပြေတဲ့ ပုံစံနဲ့ ချိုးလို့ ရပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement