backup og meta

ဆက်နွယ်မှုကို ဂရုပြုသင့်တဲ့ ဆီးချိုရောဂါ နဲ့ နှလုံးကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆက်နွယ်မှုကို ဂရုပြုသင့်တဲ့ ဆီးချိုရောဂါ နဲ့ နှလုံးကျန်းမာရေး

    ဆီးချိုရောဂါ နဲ့ နှလုံးကျန်းမာရေး က ဆက်နွယ်မှုကြီးမားတယ်လို့ပြောရင် တော်တော်များများက အံ့သြကြပါတယ်။ တကယ်တော့ နှလုံးရောဂါက သေဆုံးမှုများတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပြီး အမျိုးအစား ၂ ဆီးချိုရောဂါ ဝေဒနာရှင်တွေမှာ နောက်ဆက်တွဲပြဿနာအဖြစ်တွေ့ရတတ်ပါတယ်။ ဆီးချိုဝေဒနာရှင် ၃ ဦးမှာ ၂ ဦးနှုန်းက နောက်ဆုံးမှာ နှလုံးရောဂါ သို့မဟုတ် လေဖြတ်ခြင်း ကြောင့် သေဆုံးကြတယ်လို့ American Heart Association (AHA) က ဖော်ပြထားပါတယ်။

    ဆီးချိုရောဂါ နဲ့ နှလုံးကျန်းမာရေး ဘယ်လိုဆက်စပ်နေသလဲ

    ဆီးချိုနဲ့ နှလုံးရောဂါကြားက ဆက်နွယ်မှုက နည်းနည်းတော့ ရှုပ်ထွေးပါတယ်။ ဆီးချိုက သွေးတွင်းကိုလက်စထရောဓါတ်မြင့်တက်ခြင်း၊ သွေးတိုးနဲ့ အဝလွန်ခြင်း ဖြစ်နိုင်ခြေ ပိုများစေတယ်။ ဒီအချက်တွေအားလုံးက ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပြီး ရုတ်တရက် နှလုံးလုပ်ဆောင်ချက် ခေတ္တရပ်ခြင်း သို့မဟုတ် လေဖြတ်ခြင်းတို့လို နှလုံးသွေးကြောကျဉ်းတဲ့အဖြစ်တွေ ဖြစ်လာစေနိုင်ပါတယ်။

    ဆီးချိုဝေဒနာရှင်တွေဟာ ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ရုတ်တရက်နှလုံးခေတ္တရပ်ခြင်း(heart attack) ကြောင့် အသက်ဆုံးရှုံးရနိုင်ခြေပိုများပါတယ်။heart attackဖြစ်လာရင် သွေးကြောမျှင်လေးတွေမှာ အပြောင်းအလဲတွေဖြစ်စေတဲ့အခါ ဆီးချိုသမားရဲ့နှလုံးဟာ ကျန်းမာတဲ့သူတွေလိုပြန်မကောင်းနိုင်တာကြောင့်ပဲဖြစ်ပါတယ်။

    ဒါ့ကြောင့် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေ မဖြစ်လာစေဖို့ သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ရမယ့်အပြင် နှလုံးကို ကာကွယ်နိုင်ဖို့ သွေးတိုး၊ ကိုလက်စထရောနဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းဖို့လိုပါတယ်။

    ဆီးချိုရောဂါ ရှိနေပြီဆိုရင် နှလုံးကို ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ရမလဲ

  • လေ့ကျင့်ခန်း
  • တော်သင့်ရုံ ကိုယ်လက်လေ့ကျင့်ခန်း မိနစ် ၁၅၀ ခန့် ဒါမှမဟုတ် အားစိုက်ရတဲ့ လေ့ကျင့်ခန်း မိနစ် ၉၀ ခန့် တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။ ကိုယ့်ကျန်းမာရေးအတွက် တခြားဘာမှမလုပ်နိုင်ဘူးဆိုရင်တောင် လေ့ကျင့်ခန်းတော့ လုပ်သင့်ပါတယ်။ လှုပ်လှုပ်ရှားရှားနေပေးတာက သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးဖို့၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေဖို့၊ နဲ့သွေးတိုး၊ ကိုလက်စထရောကို ထိန်းနိုင်ဖို့ အဓိကသော့ချက်ဖြစ်ပါတယ်။ ကိုယ်က အဆစ်နာခြင်း ဒါမှမဟုတ် အရိုးပွရောဂါရှိနေသူဖြစ်ရင်တော့ ရေထဲမှာ အေရိုးဗစ်ကစားတာ၊ ရေကူးတာ၊ စက်ဘီးဖြည်းဖြည်းစီးတာ တွေလိုမျိုး ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေးတွေ လုပ်နိုင်ပါတယ်။

    • အစာအာဟာရ

    ကျန်းမာရေးအတွက် မကောင်းတဲ့ အဆီတွေကို တတ်နိုင်သလောက် လျှော့စားပါ။ပြည့်ဝဆီ ဆိုတာ ကိုယ်စားရမယ့် ကယ်လိုရီပမာဏရဲ့ ၇ ရာခိုင်နှုန်း( ၁၇ ဂရမ်ခန့်) သာပါဝင်သင့်ပါတယ်။ transfatတွေ စားသုံးခြင်းကိုတော့ တတ်နိုင်သလောက်ရှောင်ပါ။ ငါး၊ ပြောင်းနှံ၊ အသီးအရွက်တွေက ရတဲ့အဆီတွေလို အရင်းအမြစ်ကောင်းတွေကနေရတဲ့ မပြည့်ဝဆီတွေကိုစားပါ။ ဆိုရရင် အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေ၊ ပဲ၊ ဂျုံပြောင်းနှံ၊ ငါးတို့ကို ပိုစားပြီး အသင့်အမြန်စား အစားအစာတွေ၊ အငန်များတဲ့ အစားအစာတွေနဲ့ အကြော်အလှော်တွေကို လျော့စားပါ။ တစ်နေ့ကို အမျှင်ဓါတ် ၃၀ ဂရမ်အနည်းဆုံးစားသုံးသင့်ပါတယ်။

  • အငန်ဓါတ်
  • အငန်ဓါတ်က သွေးတွင်းသကြားဓါတ်ပမာဏကို သက်ရောက်မှုမရှိပေမယ့် အငန်အစားများရင် သွေးတိုးမြင့်တက်စေနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိသူတွေဟာ တစ်နေ့ကို အငန်ဓါတ်စားသုံးမှု ၂၃၀၀ မီလီဂရမ်ထက် မကျော်သင့်ပါဘူး။ သွေးတိုးရှိပြီးသားဆိုရင် ပိုပြီးတောင် အငန်လျှော့စားသင့်ပါတယ်။ အငန်ကိုလျှော့ဖို့က အစပိုင်းတော့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အသင့်စီမံထုပ်ပိုးပြီးသား အစားအစာတွေအစား လတ်လတ်ဆတ်ဆတ်တွေကို အစားထိုးစားသုံးပါ။ ကိုယ့်အစားအစာတွေထဲ ဆားထည့်မယ့်အစား ဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ သုံးကြည့်ပါ။

    သွေးဖိအားက ၁၂၀/၈၀ နဲ့အောက်ဖြစ်နေရင် ပုံမှန်လို့ယူဆရပါတယ်။ သွေးဖိအားကို အမြဲသတိထားစောင့်ကြည့်နေရပါမယ်။ တတ်နိုင်ရင် အိမ်မှာ သွေးပေါင်ချိန်စက်ကောင်းကောင်းတစ်ခု ဝယ်ထားပါ။ သွေးပေါင်ချိန်က ပုံမှန်ထက် မြင့်တက်နေပြီဆိုရင် ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ပြီး အစားအသောက်ကို ပိုဆင်ခြင်ပေးရပါမယ်။

  • ဆေးလိပ်
  • ဆေးလိပ်သောက်တတ်သူဖြစ်ရင် ဆေးလိပ်ဖြတ်ဖို့ စဉ်းစားသင့်ပါတယ်။ ဆေးလိပ်ငွေ့မရှူမိအောင်လည်း ရှောင်သင့်ပါတယ်။ ဆေးလိပ်သောက်သူအများစုဟာ အကြံပေးဆွေးနွေးကုထုံး၊ နီကိုတင်းအစားထိုးကုထုံးနဲ့ ဆေးဝါးကုထုံးတို့ ပေါင်းစပ်ထားတဲ့ကုသမှုကို ခံယူရတဲ့အခါ ဆေးလိပ်ဖြတ်ဖို့ပိုလွယ်ကူတာ တွေ့ရပါတယ်။

    ဒါ့ကြောင့် ကိုယ့်မှာ ဆီးချိုရောဂါ ရှိလာတဲ့အခါ –

    တည့်တာပဲစားပါ။ စားလိုက်သမျှဟာသွေးတွင်းသကြားဓါတ်ကို သက်ရောက်မှုရှိနိုင်တာကြောင့်ဖြစ်ပါတယ်။ ဘယ်အစားအစာကိုမှ လွန်လွန်ကျွံကျွံစားလို့မရပါဘူး။ ခန္ဓာကိုယ်က လိုအပ်သလောက်ကိုပဲ စားဖို့အာရုံထားပါ။

    ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။ လှုပ်ရှားမှုရှိတဲ့နေထိုင်မှုပုံစံကသွေးတွင်းသကြားဓါတ်ကို ကျစေနိုင်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ပါကျစေပြီး စိတ်ဖိစီးမှုကိုလျော့စေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement