backup og meta

ကျန်းမာရေးနှင့်ပတ်သက်ပြီး တွေ့ရများသော လွဲမှားသည့် အမူအကျင့်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးနှင့်ပတ်သက်ပြီး တွေ့ရများသော လွဲမှားသည့် အမူအကျင့်များ

    လူအများဟာ နေထိုင်ကောင်းနေစဉ်မှာ ကျန်းမာရေးရဲ့ အရေးကြီးပုံကို မေ့နေကြပါတယ်။ နာမကျန်းဖြစ်ချိန်မှသာ ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းသင့်သလဲ နည်းလမ်းတွေ ရှာဖွေကြတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ လူအများစု မှားယွင်းလုပ်ဆောင်နေတတ်တဲ့ ကျန်းမာရေး အတွက် အရေးကြီးတဲ့ နေထိုင်မှုပုံစံေတွကို ဖော်ပြသွားမှာဖြစ်ပါတယ်။

    ကျန်းမာရေးနှင့်ပတ်သက်ပြီး တွေ့ရများသော လွဲမှားသည့် အမူအကျင့်များ က ဘာတွေ ဖြစ်မလဲ။

    မနက်စာလွတ်ခြင်း

    မနက်စောစော breakfast စားခြင်းဟာ တနေ့တာအတွက် အားအင်တွေဖြည့်လိုက်ခြင်း ဖြစ်ပါတယ်။ သင့်ရဲ့တနေ့တာကိုမနက်စာမစားဘဲ စတင်လိုက်ခြင်းဟာ ဆီနည်းနေတဲ့ မော်တော်ကားနဲ့ ခရီးစတင်သလိုပါပဲ။ တဖြည်းဖြည်းနဲ့ ထိုးရပ်ချင်နေပါလိမ့်မယ်။ ဒါ့အပြင် မနက်စာမစားတဲ့အကျင့်ဟာ ဆီးချိုရောဂြါဖစ်ပွားနိုင်ခြေနဲ့ အဝလွန်ရောဂါဖြစ်နိုင်ခြေကို မြင့်စေပါတယ်။

    ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာကိုစားသုံးခြင်းဟာ ဇီဝဖြစ်ပျက်မှုတွေကို အထောက်အကူပြုစေပြီး သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းပေးပါတယ်။ တနေ့တာ လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။

    ကျောပိုးအိတ်၊ လက်ကိုင်အိတ်အလေးကြီးများကို သယ်ဆောင်ခြင်း

    သင်ကတော့ တခါတရံလေးလံတဲ့အရာတွေကို ဘယ်လောက်တောင် သယ်နိုင်သလဲ ဂုဏ်ယူမိပါလိမ့်မယ်။ ဒါပေမယ့် သိပ်ပြီးကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ ကျောပိုးအိတ်၊ လက်ကိုင်အိတ် ဘယ်အိတ်မဆို လေးလံအောင် သယ်ပိုးယူဆောင်ရင် ကိုယ်နေဟတ်ထားမမှန်ခြင်း၊ အဆစ်ရောင်ခြင်း၊ လည်ပင်းနာခြင်း၊ ကျော်အောင့်ခြင်း စတဲ့ပြသနာတွေဖြစ်နိုင်ပါတယ်။ စတိုင်လည်း သိပ်မကျတော့ပါဘူး။

    ဒါကြောင့် အပြင်ထွက်မယ်ဆိုရင် သိပ်အရေးမကြီးတာတွေကို အလေးခံပြီး သယ်မနေပါနဲ့။ ဘယ်ပစ္စည်းက မရှိမဖြစ်အရေးကြီးလဲ ဆန်းစစ်ပါ။ သင့်ကလေး ကျောင်းသွားခါနီးရင်လည်း ကျောပိုးအိတ်ကို အလေးချိန်စစ်ကြည့်ပါ။

    လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်း

    လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကောင်းပါတယ်။ ဒါဆို လေ့ကျင့်ခန်းပိုလုပ်လေ ပိုကောင်းလေလား။

    မဟုတ်ပါဘူး။ လေ့ကျင့်ခန်းကို အလွန်အကျွံပြုလုပ်ခြင်းဟာ ကျန်းမာရေးကိုတောင် ထိခိုက်လာစေပါတယ်။ ကိုယ်ခံအားကျစေခြင်း၊ ကြွက်သားများ ထိခိုက်ခြင်း၊ ဟော်မုန်းများပုံမှန်မဟုတ်ခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ သူ့အိုးနဲ့သူ့ဆန် တော်ရုံပဲဖြစ်ပါတယ်။

    အခြေခံအားဖြင့်တော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းဟာ ကောင်းမွန်ပါတယ်။ ဒါပေမယ့် တရားလွန်မလုပ်မိဖို့ သတိပြုရပါမယ်။

    ကားမောင်းနေစဉ် တံခါးဖွင့်ထားခြင်း

    ကားမောင်းနေတုန်းမှာ တံခါးမှန်ချပြီး မောင်းရင် လေကောင်းလေသန့်ဝင်တယ်ဆိုပြီး ထင်တတ်ကြပါတယ်။ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် လူကိုဒုက္ခပေးနိုင်တဲ့ ညစ်ညမ်းလေတွေ၊ ဓါတ်မတည့်ခြင်းဖြစ်စေနိုင်တဲ့ ပန်းဝတ်မှုန်တွေ ဝင်ရောက်လာနိုင်တာကို သတိချပ်ရပါမယ်။ တောင်ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ သုတေသနတခုအရ တနေ့ရဲ့ ၆%လောက်မှာ ကားမှန်ကိုချပြီး ကားမောင်းခြင်းဟာ ၂၄နာရီပတ်လုံးမှာ ထိတွေ့နိုင်ခြေရှိမယ့် ညစ်ညမ်းလေထုရဲ့ ၄၅%လောက်နဲ့ ထိတွေ့စေတယ်လို့ သိရပါတယ်။ မြို့ကြီးတွေမှာဆို ပိုဆိုးပါတယ်။

    လေကောင်းလေသန့်လိုချင်ရင်လည်း ညစ်ညမ်းမှုမရှိတဲ့တနေရာရာမှာ ကားမှန်အားလုံးကိုချပြီး လေဝင်လေထွက်အရင်ရအောင်လုပ်ပါ။ ပြီးရင် ကားမှန်အားလုံးကိုတင်ပြီးမှ ခရီးဆက်ပါ။

    အိပ်ရေးဝအောင်မအိပ်ခြင်း

    တနေ့တာမှာ ၂၄နာရီပဲရှိတာ မလုံလောက်ဘူးလို့ ညည်းတွားနေကြတာကို ကြားဖူးကြပါလိမ့်မယ်။ တချို့ကတော့ အိပ်ချိန်ထဲကပါဖဲ့ပြီး အလုပ်လုပ်ကြပါတယ်။ တကယ်တော့ ကောင်းတဲ့အမူအကျင့် မဟုတ်ပါဘူး။

    နှစ်ခြိုက်စွာ အိပ်စက်ခြင်းမပြုရင် လက်ရှိကာလမှာ ဘယ်လိုပဲ ကျန်းမာနေပါစေ၊ ကြာလာရင် တဖြည်းဖြည်းနဲ့ ကျန်းမာရေးကိုထိခိုက်လာစေမှာ ဖြစ်ပါတယ်။ သုတေသနတခုမှာဆိုရင် အိပ်ရေးဝအောင် မအိပ်သူတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ လေးဆပိုများတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေ့အချိန် ရုံးလုပ်ငန်းခွင်မှာ၊ စာသင်ကျောင်းမှာ စွမ်းဆောင်နိုင်မှု ကျဆင်းခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

    သောက်နေသောဆေးဝါးများကို ရပ်ပစ်ခြင်း

    လူအများစုဟာ နေထိုင်မကောင်းချိန်မှာ ဆေးရုံဆေးခန်းပြဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာတတ်ပါတယ်။ ဒါပေမယ့် နေထိုင်ကောင်းစပြုလာတာနဲ့ ဆရာဝန်ညွှန်တဲ့ဆေးကို အကုန်မသောက်ဘဲ ရပ်ပစ်တာမျိုး ပြုလုပ်တတ်ကြပါတယ်။ အဲဒီအပြုအမူဟာ ရောဂါကိုတကျော့ပြန်ဖြစ်စေပြိး ပိုမိုဆိုးရွားတာကို ကြုံရနိုင်ပါတယ်။ ပဋိဇီဝဆေးတွေဆိုရင်လည်း ညွှန်တဲ့အတိုင်း အပြည့်အဝမသောက်ဘဲ ရပ်ပစ်ခြင်းဟာ ဆေးယဉ်ပါးခြင်းဖြစ်တတ်ပါတယ်။ ကိုယ်သောက်သုံးနေတဲ့ ဆေးဝါးတွေကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ရပ်တန့်ပစ်ခြင်း မပြုလုပ်ပါနဲ့။

    စိတ်ပူပန်သောအကျင့်ကို မွေးမြူခြင်း

    စိတ်ဖိစီးမှုဟာ အနည်းငယ်လောက်ပဲဆိုရင် လူကိုသတိထား အလေးစိုက် ဆောင်ရွက်တတ်စေပါတယ်။ ဒါပေမယ့် မဆုံးနိုင်အောင် စိတ်ပူပန်နေတတ်ခြင်းဟာတော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ေခါင်းကိုက်ခြင်း၊ သွေးတိုးခြင်း၊ အိပ်မပျော်ခြင်း၊ ရင်ဘတ်အောင့်ခြင်း စတဲ့ပြသနာတွေ ဖြစ်လာတတ်ပါတယ်။ အမှန်တော့ စိတ်ပူရမယ့်အခြေအနေတချို့မှာ လုံးဝမပူပင်ဘဲ ဖိစီးမှုမဖြစ်ဘဲနေခြင်းဟာလည်း ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အမြဲတမ်း ပူပန်သောကများနေရင်သာ မကောင်းတာပါ။

    မိမိကိုယ်ကို စိတ်ပူပန်သောကဖြစ်လာပြီ ဆိုရင် မေးခွန်းတချို့ပြန်မေးကြည့်ပါ။ ဒီအရာဟာ နောက်တပတ်လောက်ကြာရင် ငါဆက်ပြီး ပူပန်နေရမယ့်အရာလား၊ စိတ်ထဲမှာ အမြဲဖိစီးမှု ဖြစ်နေရလောက်အောင် တန်ရဲ့လား၊ ငါမဖြေရှင်းနိုင်တဲ့ ပြသနာဖြစ်နေလို့လား စသဖြင့် ရင်းမြစ်ကိုသိပြီး ဖြေရှင်းနိုင်အောင် လုပ်ကြည့်ပါ။

    သွားကြားမထိုးခြင်း

    လူတယောက်ရဲ့ ခံတွင်းကျန်းမာရေးကို ထိန်းသိမ်းရာမှာ သွားကြားထိုးခြင်းဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်ပါတယ်။ လူတချို့ဟာ အာလုပ်ကျင်းရုံ၊ သွားတိုက်ရုံနဲ့ လုံလောက်ပြီလို့ ယူဆကြပါတယ်။ သင့်သွားကြားတွေထဲမှာ အစားအကြွင်းအကျန်များစုလာပြီး ကျောက်များတည်လာရင် သွားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဘက်တီးရီးယားတွေလည်း ပေါက်ပွားလာစေနိုင်ပါတယ်။

    ဒါကြောင့် သွားများကြားကို ပုံမှန်ရှင်းလင်းပေးသင့်ပါတယ်။ ပိုးချည်မျှင် အသုံးပြုပြီး သွားကြားရှင်းလင်းခြင်းကို တနေ့တကြိမ်လောက်ပြုလုပ်သင့်ပါတယ်။ ပိုပြီး သိရအောင် သွားဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

    ကိုယ်အလေးချိန် ပုံမှန်မချိန်ခြင်း

    ကျွန်တော်တို့ဟာ မျက်စိရှေ့မှာ ပေါင်ချိန်စက်တခုတွေ့လာမှ တက်ချိန်တတ်ကြပါတယ်။ အိမ်မှာဝယ်ထားရင်တောင် မချိန်ဖြစ်ဘဲ မေ့လျော့နေတတ်ပါသေးတယ်။ကိုယ်အလေးချိန်ပုံမှန်ချိန်ခြင်းဟာ ကောင်းတဲ့အလေ့အကျင့်တခုဖြစ်ပါတယ်။

    ကိုယ်အလေးချိန်ဟာ အမြဲတမ်းတသမတ်တည်းတော့ မရှိတတ်ပါဘူး။ အနည်းအများပြောင်းလဲမှု ရှိခြင်းဟာ ပုံမှန်သဘာဝဖြစ်ပါတယ်။ ဒါပေမယ့် ၅ပေါင်လောက် အပြောင်းအလဲဖြစ်လာပြီဆိုရင်တော့ သင့်ရဲ့စားသောက်မှုပုံစံကို ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ ကောင်းတာကတော့ အိမ်မှာ ပေါင်ချိန်စက်ကလေးတခု ဝယ်ထားပြီး ကိုယ်အလေးချိန် ပုံမှန်ချိန်ပါ။

    ကျန်းမာရေးနှင့်ပတ်သက်ပြီး တွေ့ရများသော လွဲမှားသည့် အမူအကျင့်များ ထဲမှာ ကိုယ်တိုင်ရော ဘယ်နှချက်လောက်များ လုပ်မိနေလဲ ………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement