backup og meta

ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းလျှောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. K Zin Thwe မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာဆေးသွင်းပြီးနောက် ဝမ်းလျှောခြင်းကို ဘယ်လိုဖြေရှင်းမလဲ

    ကင်ဆာဆေးသွင်းကုသပြီးနောက် လူအချို့သည် ဝမ်းသွားသည့် အကြိမ်ရေများလာကာ ဝမ်းသည်လည်း ပုံသဏ္ဍာန်မမှန် (သို့) အရည်ကျဲကျဲဖြစ်လာသည်။ ၎င်းကို ဝမ်းပျက်ဝမ်းလျောဖြစ်သည်ဟု ခေါ်သည်။ ကင်ဆာလူနာများတွင် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောကို ကာကွယ်ကုသနိုင်မည့် နည်းလမ်းအချို့ကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။

    ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုတာ ဘာလဲ။ ကင်ဆာ ဆေးသွင်းကုသမှုက ဝမ်းပျက်စေသလား။

    ဝမ်းပျက်ဝမ်းလျှောခြင်း ဆိုသည်မှာ ဝမ်းသွားသည့် အကြိမ်ရေများခြင်း ၊ ဝမ်းပျော့ခြင်း (သို့) ဝမ်းအရည်ကျဲကျဲသွားခြင်းကို ခေါ်သည်။ ဝမ်းပျက်ဝမ်းလျှောသည် ရောဂါတစ်ခုဟု ဆိုရမည်ထက် လက္ခဏာတစ်ရပ်သာ ဖြစ်ပါသည်။ ထိုအခြေအနေသည် အခြား ရောဂါ အခံတစ်စုံတစ်ခု (သို့) ကုသမှု တစ်ခုခု (ဥပမာ။ ကင်ဆာ ဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်ကုသမှု ခံယူခြင်း)ကြောင့် ဖြစ်ပွားနိုင်ပါသည်။

    • ကင်ဆာကုသမှု

    ကင်ဆာကုသမှု အမျိုးအစားများစွာသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။

    ကင်ဆာဆေးသွင်းကုသခြင်း။ ။ ဤကုသနည်းသည် ကင်ဆာဆဲလ်များကို သေစေရုံသာမက အူနံရံဆဲလ်များကဲ့သို့သော ကြီးထွားနှုန်းမြန်သည့် ဆဲလ်များကိုပါ သေစေနိုင်ပါသည်။ အကယ်၍ ကင်ဆာဆေးသွင်းကုသမှုသည် အူလမ်းကြောင်း နံရံရှိဆဲလ်များကို သေစေသောအခါတွင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။

    ဓါတ်ရောင်ခြည် ကုသမှု။ ။ ဝမ်းဗိုက်၊ တင်ပါးဆုံအရိုးကွင်း၊ ခါးအောက်ပိုင်းကို အဓိက ဦးတည်ပေးသော ဓါတ်ရောင်ခြည်ကုသမှုသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေသည်။ ၎င်းသည် ကုသမှုခံယူပြီး ရက်ပိုင်းမှ လပိုင်းအထိ ကြာနိုင်ပါသည်။

    ခွဲစိတ်မှု။ ။ ကင်ဆာကုသမှုအတွက် အူအစိတ်အပိုင်းအချို့ကို ခွဲစိတ်ဖြတ်တောက်လိုက်ပြီးနောက်တွင် အာဟာရနှင့် အဆီစုပ်ယူနိုင်စွမ်းပြောင်းလဲသွားကာ ဝမ်းပျက်ခြင်းကို ဖြစ်စေပါသည်။

    ရိုးတွင်းခြင်ဆီ ပင်မဆဲလ် အစားထိုးကုသမှု။ ။ ရိုးတွင်းခြင်ဆီ ပင်မဆဲလ် အစားထိုးကုသမှု အစိတ်အပိုင်းအနေဖြင့် ပေးရသော ကင်ဆာဆေးသွင်းကုသမှုနှင့် တစ်ကိုယ်လုံးဓါတ်ရောင်ခြည်ကုသမှုတို့သည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေပါသည်။

    ဖြစ်နိုင်ချေရှိသော ဝမ်းပျက်ဝမ်းလျှောခြင်းစေသည့် အခြားအကြောင်းရင်းများမှာ

    • စိတ်လှုပ်ရှားခြင်း (သို့) စိတ်ဖိစီးမှုများခြင်း
    • အူသိမ် (သို့) အူမကြီး (သို့) တင်ပါးဆုံတွင်း အင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ကုသခြင်း
    • ရောဂါပိုးဝင်ခြင်း
    • ပဋိဇီဝပိုးသတ်ဆေး၊ မဂ္ဂနီဆီယမ် ပါဝင်သော အစာအိမ်လေဆေး၊ အမူးပြေဆေး၊ ဝမ်းပျော့ဆေးမျာ လတ်တို့စ် (lactose) ဓါတ်မတည့်ခြင်း
    • အူလမ်းကြောင်း မူမမှန်ရောဂါ
    • အာဟာရချို့တဲ့ခြင်း။

    ကင်ဆာဆေးသွင်းကုသမှုကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှောခြင်းကို ကာကွယ်လျှော့ချနိုင်သော နည်းလမ်းများ

    • အစားအသောက်

    · အရည်ကြည်များများသောက်ပါ (တစ်ရက်ကို ရေ ၈ ခွက်မှ ၁၀ ခွက်သောက်သုံးပါ)။ အကောင်းဆုံး ရွေးချယ်မှုကတော့ ရေသန့်ပဲဖြစ်သည်။

    · အမျှင်ဓါတ်နည်းသော အစာများ စားသုံးပေးပါ။ ဥပမာ။ ။ ငှက်ပျောသီး၊ ဆန်၊ ခေါက်ဆွဲ၊ ပေါင်မုန့်ဖြူ၊ ကြက်သား၊ ကြက်ဆင်၊ငါး။

    · ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝသော အစားအသောက်များကို စားသုံးပေးပါ။ ပိုတက်ဆီယမ်သည် မရှိမဖြစ်လိုအပ်သော သတ္တုဓါတ်ဖြစ်ပြီး ၎င်းသည် ဝမ်းလျှောရာမှတစ်ဆင့် ဆုံးရှုံးနိုင်သည်။ ပိုတက်ဆီယမ်ဓါတ်ပြန်ရဖို့ ငှက်ပျောသီး၊ အာလူးနှင့် တရုတ်ဆီးသီးများ စားသုံးပေးပါ။

    · Probiotic ဆေးသောက်ခြင်း။ ။ ဥပမာ။ ဒိန်ချဉ်နှင့် ဖြည့်စွက်စာများ။ Probiotics ဆိုသည်မှာ ခန္ဓါကိုယ်အတွက် ကောင်းကျိုးပြုသော ဘက်တီးရီးယားလေးများ (ဥပမာ။ lactobacillus ၊ bifidobacterium) ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းဘက်တီးရီးယားလေးများသည် ပုံမှန်အစာချေဖျက်သောစနစ်ကို ပြန်လည်ရရှိစေရန် ကူညီပေးသည်။ အကယ်၍ သင်သည်ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုခံယူထားသူ ဖြစ်လျှင် Probiotics မသောက်သုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    • အောက်ပါ အစားအသောက်များကို ရှောင်ကြဉ်ပါ။

    အဆီများသော ဆီကြော်စာများ။ ထိုအစားအစာများသည် သင့်အူလမ်းကြောင်းကို အနှောင့်အယှက်ပေးနိုင်သည်။

    အသီးအရွက်နှင့် သစ်သီး အစိမ်းများ

    အရသာပြင်းသော ဟင်းခတ်အမွှေးအကြိုင်များ

    အစေ့အဆန်များ၊ စီရီယယ်လ်၊ အခွံမာသီးများ နှင့် ပြောင်းဖူးပေါက်ပေါက်

    ဂတ်စ်ပါသော အအေးနှင့် အစားအသောက်များ (ပဲ၊ ဂေါ်ဖီထုပ်၊ ဂတ်စ်ပါသော အချိုရည်များ)

    လတ်တို့စ် (Lactose) ပါသော စားသောက်ကုန်များ။ ဥပမာ။ နို့ထွက်ကုန်များ၊ ဖြည့်စွက်စာများ၊ အရက်။ လတ်တို့စ် (lacotse) ဓါတ်မတည့်ခြင်းသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေသည်။

    ကဖင်းဓါတ်ပါသော အချိုရည် နှင့် စားသောက်ဖွယ်ရာများ၊ ပူလွန်း၊ အေးလွန်းသော အချိုရည်များကို သိပ်မစားသုံးပါနှင့်။

    ဝမ်းပျက်ဝမ်းလျှောအတွက် ဆေးဆိုင်မှ ဝယ်ယူရရှိနိုင်သော ဆေးဝါးများ

    • Loperamide (Imodium®)
    • Kaopectate®II caplets
    • Maalox®anti-Diarrheal caplets
    • Pepto® Diarrhea control (follow instructions on container)
  • ဆေးဖက်ဝင်အပင်များမှ ထုတ်သော ဖြည့်စွက်စာများကိုရှောင်ပါ။ (ဥပမာ။ ဂျင်ဆင်း၊ ဒေစီပန်းအနွယ်ဆေးဖက်ဝင် အပင်milk thistle၊ ငရုတ်၊ ဆေးထန်းပင် နှင့် အခြား )

    သင် ဘယ်အချိန်မှာ ဆရာဝန်ပြဖို့ လိုအပ်သလဲ။

    သင့်တွင် အောက်ပါ လက္ခဏာများ ခံစားနေရပါက ဆရာဝန် နဲ့ ချက်ခြင်း ပြသဖို့ လိုအပ်ပါတယ်။

    · အဖျား ၃၈ ဒီဂရီစင်တီဂရိတ် နှင့် အထက်ဖျားခြင်း

    · အလယ်အလတ်မှ အပြင်းအထန် ဗိုက်ရစ်ပြီးအောင့်ခြင်း၊ နာခြင်း၊ လေပွခြင်း

    · မူးဝေခြင်း

    · ဆီးအရောင်ရင့်ခြင်း

    · ပါးစပ်၊ အသားအရေ ခြောက်ခြင်း

    · ဝမ်းမဲမဲသွားခြင်း (သို့) ဝမ်းတွင်းသွေးပါခြင်း

    · ရုတ်တရက် နှလုံးခုန်မြန်ခြင်း (သို့) နှလုံးခုန်မမှန်ခြင်း

    · အကယ်၍ အစားအသောက်ပြောင်းခြင်း (သို့) ဆေးဝါးများသည် ဝမ်းပျက်ခြင်းကို မသက်သာစေလျှင် ဆရာဝန်နဲ့ ပြဖို့လိုအပ်နေပါသည်။

    ကင်ဆာဆေးသွင်းကုသမှု ခံယူပြီးနောက်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းသည် သင့်အား မအီမသာဖြစ်စေပါသည်။ အထက်ပါနည်းလမ်းအချို့သည် သင့်အား ဝမ်းပျက်ဝမ်းလျှောခြင်း မှ ကာကွယ်ရန် (သို့) သက်သာစေရန် ကူညီနိုင်မည့် ရိုးရှင်းသော နည်းလမ်းများဖြစ်ပါသည်။

    သို့သော် သင့်ရောဂါ အခြေအနေ နှင့် တိကျသော ကုသမှုအတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ကိုတော့ တိုက်တွန်းအားပေးလိုပါသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. K Zin Thwe မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement