backup og meta

ဝမှာဆိုးလို့ စားလိုက်တဲ့အစာတွေကို ပြန်အန်ထုတ်တဲ့ Bulimia Nervosa ပြဿနာ သင့်မှာ ရှိနေပြီလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမှာဆိုးလို့ စားလိုက်တဲ့အစာတွေကို ပြန်အန်ထုတ်တဲ့ Bulimia Nervosa ပြဿနာ သင့်မှာ ရှိနေပြီလား။

    ပိန်သွယ်သွယ် ကိုယ်ခန္ဓါလေး ၊အဆီပိုမရှိတဲ့ခန္ဓါကိုယ် အချိုးအစားကို လိုချင်ကြတာ မိန်းကလေးတိုင်းပါ။ ဒါပေမယ့် ဒီလို ကိုယ်ခန္ဓါတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာကလည်း အစားအသောက်တွေ ဆင်ခြင်၊ လေ့ကျင့်ခန်းတွေ လုပ်မှ ရမှာလေ။ ခက်တာက လေ့ကျင့်ခန်းလည်းမလုပ်ချင် အစားလေးလည်းစားချင် ပိန်ကလည်းပိန်ချင်ဆိုတော့ အခက်တွေ့နေကြတာပေါ့။

    အဲဒီမှာ Bulimia Nervosa ခေါင်းထဲ စရောက်လာတာပဲ။ “ ငါစားလိုက်တဲ့ အစားအစာတွေကို အစာအိမ်က စုပ်ယူမှ အာဟာရဖြစ်ပြီး ဝတာဆိုတော့ စားတော့စားမယ် ပြီးရင် အာဟာရ တွေ မစုပ်ခင် ပြန်ထုတ်လိုက်မယ်။ ဒါဆိုရင် စားတော့စားရတယ် အာဟာရမစုပ်တော့ ဝတော့မှာ မဟုတ်ဘူး။” ဆိုတဲ့ အတွေးတွေ။ အဲဒါတွေတွေးပြီး သိပ်တော်တဲ့ငါပါလားဆိုပြီးတော့ ဝမ်းမသာလိုက်ပါနဲ့။ ဒါဟာ Bulimia Nervosa ဆိုတဲ့ ရောဂါဖြစ်ဖို့ အစပြုနေတာပါ ။

    ဒီတော့ ဆေးပညာမှာ ရောဂါတစ်ခုအနေနဲ့ နာမည်တပ်ပြီးတော့တောင် ခေါ်ရတဲ့ Bulimia Nervosa ဆိုတာ ဘယ်လိုများလဲ ။ ။

    စားလိုက်တဲ့ ကယ်လိုရီ တွေကို လျှော့ဖို့၊ ဝိတ်တက်မှာကို ကာကွယ်ဖို့အတွက် အစားစားပြီးတိုင်း လက်ထိုးပြီး ပြန်အန်ထုတ်မယ်၊ ဝမ်းနှုတ်ဆေးတွေ သောက်မယ်၊ ဝိတ်ကျ စေတဲ့ ဘယ်ဆေးမဆို အလွန်အကျွံသုံးတဲ့သူတွေ နဲ့ အစားမစားဘဲ လုံးဝ အငတ်ခံတဲ့သူတွေ ကို Bulimia ရောဂါရှိနေတဲ့ သူတွေလို့သတ်မှတ်ပါတယ်။ အစပိုင်း ၁ ခါ ၂ ခါလောက်လုပ်ရုံနဲ့ ဒီရောဂါရှိတယ်လို့ မသတ်မှတ်ပေမယ့် နောက်ပိုင်း အစားစားပြီးတိုင်း လက်ထည့်ပြီး ပြန်မအန်လိုက်ရရင်ကို နေလို့ထိုင်လို့မရတော့တဲ့သူတွေအတွက်ကတော့ စိုးရိမ်စရာရှိပါတယ်။

    ကိုယ့်မှာ ဒီ Bulimia ရောဂါရှိနေပြီဆိုတာ ဘယ်လို သိနိုင်လဲ ။

    • ကိုယ့် ကိုယ်ခန္ဓါကို အမြဲစိတ်တိုင်းမကျဖြစ်နေတာ
    • အပြင်မှာ ပိန်နေပေမယ့် မှန်ထဲ ကြည့်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် ဝနေတယ် ထင်တာ
    • ဝိတ်တက်လာမှာကို အမြဲတမ်း စိုးရိမ်နေတာ
    • အစားစားတိုင်း အပြစ်ကြီး တစ်ခု လုပ်မိနေသလို ခံစားရတာ
    • ပြီးမှ အကုန်ပြန်အန်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားတဲ့အချိန်မှာတော့ အများကြီး တစ်ထိုင်တည်းစားတာ
    • အဲလို အသားကုန်စားပြီးတော့မှ စားထားတဲ့အစားအစာတွေကို လက်နဲ့ ပြန်အန်ထုတ်တာ၊
    • ဝမ်းနှုတ်ဆေးတွေသုံးပြီး စားထားတာတွေကို ပြန်ထုတ်တာတွေ က bulimia eating disorder ဖြစ်ဖို့ အစပြုနေခြင်းပါ။

    ဒါလေးဖြစ်တာကို ဘာ့ကြောင့် အရေးတယူလုပ်ပြီး ပြောနေရတာလဲ။ ဘယ်လိုဆိုးကျိုးတွေ ရှိမှာ မို့လို့လဲ ။

    အစပိုင်း ၁ခါ ၂ ခါ လောက် လက်ထည့်ပြီး ပြန်အန်ထုတ်ရုံနဲ့တော့ ဆိုးကျိုး မရှိပေမယ့် နောက်ပိုင်းကျရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရှိလာနိုင်တာမို့လို့ ဒီ Bulimia Nervosa အကြောင်း ပြောပြနေရတာ ဖြစ်ပါတယ်။ ဘယ်လိုဆိုးကျိုးတွေ ရှိလာနိုင်သလဲ ဆိုတော့

    အစာရေမျိုပြွန်ထိခိုက်ခြင်း။

    စားပြီးသားအစာတွေကို လက်ထည့်ပြန်အန်ထုတ်တဲ့အခါကျတော့ အစာအိမ်က အစာခြေရည်တွေနဲ့သည်းခြေရည်တွေ ပြန်ဆန်တက်လာပြီး အစာရေမျိုပြွန်နံရံတွေကို လောင်စေပြီး ထိခိုက်စေပါတယ်။ နောက်ပြီး လုပ်ဖန်များလာတဲ့အခါ အစာရေမျိုပြွန် ကျဉ်းသွားတာ၊ အစာရေမျိုပြွန် အနာဖြစ်တာတွေ နဲ့ အစာရေမျိုပြွန် ပေါက်သွားတဲ့အထိတော် ပြင်းထန်တတ်ပါတယ်။

    အစာအိမ်ထိခိုက်ခြင်း

    အများကြီးစားထားတော့ အစာအိမ်က တင်းနေတဲ့အချိန်မှာ လက်ထည့်ပြန်အန်ထုတ်တော့ တင်းနေတဲ့အစာအိမ် အလုပ်ပိုလုပ်ရသလိုဖြစ်ပြီး အစာအိမ်ထိသွားတတ်ပါတယ်။

    အူလမ်းကြောင်းထိခိုက်ခြင်း

    လက်ထည့်ပြီး ပြန်အန်ထုတ်ရမှ ာကြောက်တဲ့ တစ်ချို့သူတွေကတော့ ဝမ်းနှုတ်တဲ့နည်းလမ်းကို သုံးလေ့ရှိပါတယ်။ ဝမ်းနှုတ်ဆေးသုံးပါများတော့ အူလမ်းကြောင်းပါးလာတာတွေ၊ နောက်ပိုင်းကျ ဝမ်းနှုတ်ဆေး အကူအညီမရှိရင် ဝမ်းမသွားတော့ပဲ ဝမ်းချုပ်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    အဆုတ်ပိုးဝင်တာ အဆုတ်ရောင်တာတွေဖြစ်တတ်ပါတယ်။

    လက်ထည့်ပြီး ပြန်အန်ထုတ်တဲ့အခါမှာ အစာခြေရည် တွေ၊ ဘက်တီးရီးယားတွေနဲ့ အစာကြွင်းကျန်တွေ အစာအိမ်လမ်းကြောင်းနေ အသက်ရှူလမ်းကြောင်းထဲ ပြောင်းရောက်သွားနိုင်ပြီး အဆုတ်ပိုးဝင်တာ အဆုတ်ရောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    ကိုယ့်မှာ အပေါ်ကပြောသလိုမျိုး အစားစားပြီး လက်နဲ့ ပြန်အန်ထုတ်တဲ့ အကျင့်ရှိနေပြီ။ ဘယ်လိုလုပ်ရမလဲ ။ ။

    ဒီဆောင်းပါးဖတ်ပြီးတာနဲ့ ကိုယ့်မှာ Bulimia Nervosa ပြဿနာရှိနေပြီဆိုတဲ့အကြောင်း ရိပ်မိနေရင် ဆရာဝန် ဆီ အတတ်နိုင်ဆုံး မြန်မြန်သွားလိုက်ပါ။ ကျန်းမာရေးကို ချက်ချင်းထိခိုက်စေတဲ့ ပြဿနာ မဟုတ်ပေမယ့် ဒီတိုင်းဆက်ထားလိုက်ရင် နောက်ပိုင်း ဆိုးဝါးတာတွေ ဆက်ဖြစ်လာနိုင်လို့ပါ။ ဒီတော့ သမားတော်ပဲ ဖြစ်ဖြစ် စိတ်ရောဂါဆရာဝန်နဲပဲ ဖြစ်ဖြစ် သွားပြလိုက်ပါ။ နောက်ပြီး ကိုယ့်မိသားစုဝင်တွေ သူငယ်ချင်းတွေကို ကိုယ့်မှာ ဒီပြဿာနာရှိနေကြောင်း ဖွင့်ပြောပြပါ။ ကိုယ်တစ်ယောက်တည်း ရင်ဆိုင်တာထက်စာရင် ကိုယ့်မိသားစု အဖော်အပေါင်းတွေက ဝိုင်းဝန်ကူညီဖေးမပေးတော့ ပို မကောင်းဘူးလား ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement