backup og meta

ဦးနှောက်မှာ အကျိတ်တည်တာနဲ့ ပက်သက်လို့ အမေးများတဲ့ မေးခွန်းတွေ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးနှောက်မှာ အကျိတ်တည်တာနဲ့ ပက်သက်လို့ အမေးများတဲ့ မေးခွန်းတွေ ။  ။

    ဦးနှောက်မှာ ကင်ဆာကျိတ်တည်တယ် ဆိုတဲ့အကြောင်းကို ကြားဖူးကြမှာပါ။ အာရုံကြော တွေ ဦးနှောက်ဆဲလ်တွေ အများကြီးနဲ့ဖွဲ့စည်းထားပြီး အလုပ်များလှတဲ့ ဦးနှောက်မှာ ကင်ဆာကျိတ်ရှိနေတယ်ဆိုတာ အင်မတန်မှ ဆိုးရွားတဲ့ ကိစ္စတစ်ခုပါ။ ဒီကနေ့မှာတော့ ဦးနှောက်မှာ ကင်ဆာကျိတ် တည်တဲ့အကြောင်းနဲ့ ပက်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ အကြောင်း ပြန်ဖြေပေးသွားမှာပဲ ဖြစ်ပါတယ် ။ ။

    Q – Brain Tumor လို့လူသိများကြတဲ့ ဦးနှောက်ကင်ဆာ အကျိတ်တည်တယ်ဆိုတာ ဘာလဲ ။ ။

    Brain Tumor ဆိုတာ ဦးနှောက်ဆဲလ်တွေ ပုံမှန် မဟုတ်ဘဲ ပွားလာတာမျိုးပါ။ ဦးနှောက်မှာ တည်တတ်တဲ့ ကင်ဆာကျိတ် ၂မျိုးရှိပါတယ်။

    • gliomas လို့ခေါ်တဲ့ ဦးနှောက်ဆဲလ်တွေဖြစ်လာတဲ့ primary ပင်မဆဲလ်ကင်ဆာနဲ့
    • အခြားကိုယ်တွင်းကဖြစ်နေတဲ့ကင်ဆာဆဲလ်ဆီ ပျံ့လာတဲ့ secondary ကင်ဆာဆိုပြီး ၂ မျိုးရှိပါတယ်။

    Q – ဦးနှောက်ကင်ဆာကျိတ်ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာလဲ ။ ။

    အသက်အရွယ် မရွေး ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုဖြစ်နိုင်ပြီးတော့ မျိုးရိုးလိုက်တဲ့ နှုန်းကတော့ ၅ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။

    ဘယ်လို အကြောင်းအရာတွေကြောင့် ဦးနှောက်ကင်ဆာကျိတ်တယ်ရတယ်ဆိုတဲ့ အကြောင်းအရင်းက သေသေချာချာတော့မရှိပါဘူး။ အခြား ဖြစ်နိုင်တာတွေကတော့

    • နျူကလီးယားဓါတ်ရောင်ခြည်သင့်တာ
    • vinyl chloride နဲ့ petroleum တို့လိုမျိုး ဓါတုပစ္စည်း တွေနဲ့ ထိမိတာ
    • neurofibromatosis နဲ့ Li-Fraumeni syndrome တို့လိုမျိုး မွေးရာပါ ချို့ယွင်းချက်ရှိသူတွေနဲ့
    • primary central nervous system lymphomas လို့ခေါ်တဲ့ ခုခံအားနဲ့ ဆက်စပ်တဲ့ ကင်ဆာကျိတ်တည်တာတွေ ပဲဖြစ်ပါတယ်။ ။

    Q – ဦးနှောက်ကင်ဆာကျိတ်ရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။

    • အပြင်းအထန် ခေါင်းကိုက်တာ ။ မနက်ပိုင်း ခေါင်းကိုက်တာပိုဆိုးပြီး နေစောင်းလာလေလေ သက်သာသွားလေလေပါ။
    • တက်ခြင်း ။ ဖျားနာတဲ့ အကြောင်းအရင်းမရှိဘဲ၊ အတက်ရောဂါတွေလည် းမရှိဖူးပဲနဲ့ တက်တာတွေ။
    • ပျို့ခြင်း မရှိဘဲနဲ့ တန်းအန်တာ
    • ကိုယ်တစ်ခြမ်းအားနည်းနေတယ်လို့ ခံစားရတာ
    • လမ်းကောင်းကောင်းမလျှောက်နိုင်တာ
    • အမြင်အာရုံ တွေ မကောင်းတော့တာ
    • စကားပြောရတာလေးနေတာ နဲ့
    • တစ်ခါတစ်ခါ သတိလစ်လစ် သွားတာမျိုးတွေ
    • ဖြစ်နေတဲ့ ကင်ဆာ အကျိတ်က ဦးနှောက်ရဲ့ အစိတ်အပိုင်း တစ်ခုသွားဖိလို့ ပုံမှန် မဟုတ်တဲ့ အပြုအမူတွေ လုပ်မိတာတွေ က ဦးနှောက်ကင်ဆာရဲ့ လက္ခဏာတွေပါ။

    Q – Brain Tumors (ဦးနှောက်အကျိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

    • ခံစားနေရတဲ့ လက္ခဏာတွေ၊ မျိုးရိုးထဲမှာ ကင်ဆာဖြစ်ဖူးတဲ့သူရှိမရှိစတဲ့ အရာတွေကို မေးမြန်းမှာ ဖြစ်ပြီး အာရုံကြောဆိုင်ရာ စစ်ဆေးစမ်းသပ်မှုများလုပ်ခြင်းဖြင့် ဦးနှောက်အကျိတ်ကင်ဆာကို ရှာဖွေသိရှိနိုင်ပါတယ်။
    • အခြား စမ်းသပ်အတည်ပြုတဲ့နည်းတွေ ဖြစ်တဲ့ CT ၊ MRI ကဲ့သို့ ပုံရိပ်ရိုက်ကူးမှုများသုံးပြီး ဦးနှောက်အသေးစိတ်ပုံရိပ်ရိုက်ကူးကြည့်နိုင်ပါတယ်။ သွေးပြန်ကြောထဲ ဆိုးဆေးထိုးပြီး ပုံမှန်မဟုတ်သော အကျိတ်များ၊ ပုံမှန်မဟုတ်သောသွေးကြောများကို X-rays ရိုက်ကူးကြည့်သည့် angiogram နည်းဖြင့်လည်း စစ်ဆေးရနိုင်ပါတယ်။
    • ဖြစ်ပေါ်နေသောအကျိတ်မှာ ကင်ဆာဟုတ်မဟုတ်သိရရန် အသားစစစ်ဆေးမှုလည်းလိုအပ်နိုင်ပါတယ်။ ကုသမှုမတိုင်ခင် ဦးခေါင်းခွံတွင် အပေါက်ငယ်လေးမှတဆင့် အပ်ထိုးပြီး လိုအပ်သောအသားစယူကာ ဓါတ်ခွဲခန်းတွင်စစ်ဆေးခြင်းဖြစ်တယ်။

    Q – Brain Tumors (ဦးနှောက်အကျိတ်) ကို ဘယ်လိုကုသပါသလဲ။

    • များသောအားဖြင့်ခွဲစိတ်ဖယ်ထုတ်ရတတ်ပါတယ်။ ခွဲစိတ်ရန် အဆင်မပြေသောနေရာတွင် အကျိတ်ရှိနေပါက ဓါတ်ရောင်ခြည်ဖြင့် ကုသနည်းနည်း သို့မဟုတ် ကင်ဆာဆေးသွင်း သောနည်းဖြင့် ကင်ဆာကျိတ်ကိုသေးသွားစေသောနည်း သုံးတတ်ပါတယ်။ ခွဲစိတ်ပြီးသောအခါမှာလည်း ကျန်ရှိနေသော ကင်ဆာဆဲလ်များကိုဖယ်ပစ်ရန် နည်းနှစ်နည်းသုံးတတ်ပါတယ်။
    • တကယ်လို့အကျိတ်က ဦးနှောက်အတွင်းနက်နက် လက်လှမ်းမမှီသောနေရာတွင်ရှိပါက gamma knife therapy ဟုခေါ်သော အလွန်အနုစိတ်ဦးတည်သည့် ဓါတ်ရောင်ခြည်နည်းသုံးနိုင်ပါတယ်။
    • ကုသမှုရဲ့နောက်ဆက်တွဲဖြစ်နိုင်ချေတွေ၊ ရလဒ်တွေ၊ သက်ရောက်မှုတွေကို သေချာဆွေးနွေးတိုင်ပင်ထားဖို့လိုပါလိမ့်မယ်။ ပြန်လည်နာလံထဖို့အတွက် ကျွမ်းကျင်သူများနဲ့ ဆက်လက်ကုသဖို့လိုပါလိမ့်မယ်။ ဥပမာ- ဟန်ချက်ပြန်ညီဖို့အတွက် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ ကုသမှုများ၊ ခံစားချက်ကိုထုတ်ဖော်ပြောကြားခြင်း၊ စကားပြောလေ့ကျင့်ခြင်းများ စတဲ့ ပြန်လည်နလန်ထူတဲ့ လမ်းစဉ်တွေအတိုင်း လိုက်နာပြီး လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ။

    ဒါတွေကတော့ ဦးနှောက်ကင်ဆာ အကျိတ်တည်တာနဲ့ ပက်သက်ပြီး သိချင်နေကြတဲ့ လူတွေအတွက် အချက်အလက်တွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement