backup og meta

ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 2 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ

    လူတစ်ယောက် လေ့ကျင့်ခန်းလုပ်တော့မယ်ဟေ့လို့ ပထမဆုံး စပြီး တွေးကြပြီဆိုရင် ထိပ်ဆုံးကနေ စဉ်းစားတာက “မနက်စောစောထပြေးမယ်” ဆိုတာပါပဲ။ ဒါဆိုရင် မေးစရာ ရှိတာက ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ ဆိုတာပါ။

    ပြေးတယ်ဆိုတာက ပြုလုပ်ရလွယ်ကူပြီး အဆင်အပြေဆုံး လေ့ကျင့်ခန်းတစ်မျိုးလို့ လူတိုင်း သိနားလည်ထားကြပါတယ်။ Work-out တွေ ဘာတွေလုပ်မယ်ဆိုရင် အနည်းဆုံး Gym မှာ သွားသင်ရမယ်၊ ဒါမှမဟုတ်လည်း Youtube တွေဘာတွေ ကြည့်ပြီး လေ့လာရဦးမယ်မဟုတ်လား။

    နောက်ပြီး ပြေးတာက ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက်ဆိုရင် သိသိသာသာ ထိရောက်မှုလည်းရှိတယ်။ သာမန်လူတွေအတွက်ဆိုရင်လည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်လေ။

    ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ

    ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ ဆိုတော့ ပုံမှန်အပြေးလေ့ကျင့်ခန်းလုပ်သူတွေဟာ

    • ကောင်းကောင်း အိပ်ပျော်မယ်၊
    • ကိုယ်အလေးချိန်ကျမယ်၊
    • စိတ်ခံစားချက် ကောင်းမွန်မယ်၊
    • စိတ်ကျန်းမာရေးကို အခြေအနေ ကောင်းမွန်မယ်၊
    • နှလုံးလည်း ကျန်းမာမယ်၊
    • အသက်ရှည်စေမယ်။

    ဒါကြောင့်မို့လည်း အကောင်းဆုံး လေ့ကျင့်ခန်း နည်းစနစ်လို့ တင်စားခံရတာပေါ့။

    ဘယ်လိုပြေးမှာလဲ

    ဟုတ်ပြီ။ ပြေးမယ်လို့တော့ စဉ်းစားနေပြီ။ ဘယ်လိုပြေးမှာတဲ့တုန်း။ မနက်မိုးလင်းတာနဲ့ ကမန်းကတမ်းထပြီး လမ်းပေါ် ထွက်ပြေးမှာလား။ ဒီလိုလုပ်ရုံနဲ့ ကျန်းမာသွားမှာလား။

    မှန်သင့်သလောက် မှန်ပေမယ့် နည်းမှန်လမ်းမှန်တော့ မဟုတ်ပါဘူး။ ပြေးတယ်ဆိုရာမှာ စနစ်တကျ နည်းနဲ့လမ်းနဲ့ ပြေးဖို့တော့ လိုအပ်ပါတယ်။ ပြေးဖြစ်ရင်ပြီးရောဆိုပြီး ပြေးနေရင်တော့ အကျိုးကျေးဇူးတွေကို အပြည့်အဝမရနိုင်ပါဘူး။

    ဒါကြောင့် စပြီး ပြေးတော့မယ်ဆိုရင် အစီအစဉ်ကြိုတင်ဆွဲထားဖို့ လိုအပ်ပါမယ်။

    • တစ်နေ့ကို မိနစ် ၂၀ နဲ့ ၃၀ အကြား ပုံမှန်ပြေးဖို့ လိုအပ်ပါတယ် – မိနစ် ၃၀ ပြေးခြင်းဟာ ကယ်လိုရီ ၄၆၀ အထိ လောင်ကျွမ်းစေနိုင်ပါတယ်။ ဒီအချိန်ပမာဏအတိုင်း လမ်းလျှောက်မယ်ဆိုရင် ကယ်လိုရီ ၂၆၀ လောင်ကျွမ်းမှာဖြစ်ပြီးတော့ စက်ဘီးစီးမယ်ဆိုရင် ကယ်လိုရီ ၂၂၀ လောင်ကျွမ်းမှာပါ။
    • ချက်ခြင်းမပြေးပါနဲ့ – ပြေးမယ်ဆိုရင် စစချင်း ၃ မိနစ်ဝန်းကျင်မှာ လမ်းလျှောက်တာနဲ့ ခပ်ရွရွပြေးတာမျိုးနဲ့ စတင်ပါ။ ပြီးမှ တဖြည်းဖြည်းချင်း အရှိန်ကို ကိုယ်နိုင်သလောက် မြှင့်တင်ပြီး ပြေးပါ။ ဆက်တိုက်ပြေးနေဖို့လည်း မလိုအပ်ပါဘူး။ သင်ပြေးနိုင်သလောက်ပဲ ပြေးလိုက်နားလိုက်နဲ့ ပြေးနေလို့ရပါတယ်။
    • ပန်းတိုင်ထားပါ – လမ်းပဲလျှောက်လျှောက်၊ ခပ်ရွရွပဲ ပြေးပြေး၊ အားနဲ့ပဲ ပြေးပြေး တစ်နေ့ကို အချိန်ဘယ်လောက်ယူမယ်ဆိုတဲ့ ရည်မှန်းချက် တစ်ခုထားပြီးလုပ်ပါ။ မိနစ် ၂၀ ဆို ၂၀၊ ၃၀ ဆိုလည်း ၃၀ ပေါ့။ သေသေချာချာ ရည်ရွယ်ချက်မထားရင် ခနနဲ့ အစီအစဉ်ပျက်သွားနိုင်ပါတယ်။
    • သီချင်းနားထောင်ပါ – ပြေးနေရင်း သီချင်းနားထောင်တာက ပင်ပန်းမှုကို လျော့ကျစေပြီး ပြေးရာမှာလည်း အာရုံစူးစိုက်မှုပိုရှိစေပါတယ်။ နောက်ပြီး အချိန်ကို အာရုံစိုက်လွန်းနေတဲ့စိတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ပြေးနေချိန်မှာ သီချင်းလေးနားထောင်ရင်း ပြေးတာ ကောင်းမွန်တဲ့ အလေ့အထဖြစ်ပါတယ်။
    • နားရက်ထားပါ – လူ့ခန္ဓာကိုယ်မှာ ရုပ်ပိုင်း စိတ်ပိုင်းအရ ကန့်သတ်ချက်တွေ ရှိပါတယ်။ ပြေးတာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာပဲ ဖြစ်ဖြစ် ဘယ်လိုကိစ္စကိုမဆို နားရက် သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ တစ်ပတ်မှာ ၂ ရက်လောက်နားပြီး ၅ ရက်လောက် လေ့ကျင့်ခန်းလုပ်ဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းကြပါတယ်။
    • သွေးပူလေ့ကျင့်ခန်း လုပ်ပါ – တန်းပြီး ထပြေးတာမျိုးမလုပ်ဖို့ အထက်မှာ မှာခဲ့ပြီးပါပြီ။ ခုလည်း ထပ်ပြီးမှာပါဦးမယ်။ မပြေးခင်မှာ သွေးပူလေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ ကြွက်သားတွေက လန်းဆန်းလာမှာမို့ပါ။ နို့မိုဆိုရင် ပြေးနေပေမယ့် စိတ်မပါတာမျိုး၊ ကိုယ်လက်လေးလံနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
    • အရမ်း မြန်မြန် မပြေးနဲ့ – သင်က အပြေးချန်ပီယံတစ်ယောက်မဟုတ်ပါဘူး။ သင်ပြေးနိုင်တဲ့ သာမန် အမြန်နှုန်းနဲ့ပဲ ပြေးပါ။ ကျန်းမာရေးအတွက် ပြေးတာဖြစ်တာမို့ ဘယ်လောက် မြန်လဲဆိုတာက အဓိက မကျပါဘူး။ ကိုယ်ကျန်းမာနေဖို့က အဓိကကျပါတယ်။ အရမ်းမြန်မြန်ပြေးတဲ့အခါ ကိုယ်လက်နာကျင်ကိုက်ခဲတာတွေ၊ ထိခိုက်ဒါဏ်ရာရတာတွေ ဖြစ်စေနိုင်ပါတယ်။
    • ရေဓာတ် မဆုံးရှုံးပါစေနဲ့ – ပြေးနေချိန်မှာ ချွေးအလွန်အမင်းထွက်မှာဖြစ်တာမို့ ရေဓာတ် အမြောက်အများဆုံးရှုံးနိုင်ပါတယ်။ ရေဓာတ်ကို မပြတ်ပြန်ဖြည့်ပေးနေဖို့ လိုအပ်ပါတယ်။ ဒါမှ ခန္ဓာကိုယ်က ဆဲလ်တွေ မပျက်စီးမှာဖြစ်ပါတယ်။

    ဘာလို့ ပြေးမှာလဲ

    သင်ပြေးတာက ကျန်းမာချင်လို့ မဟုတ်လား။ ဒါဆိုရင် စနစ်တကျပြေးပေါ့။ ပြေးဖြစ်ရင်ပြီးရောဆိုပြီး မည်ကာမတ္တပြေးတာမျိုးလည်း မလုပ်သင့်သလို အလွန်အမင်းပင်ပန်းဆင်းရဲအောင်လည်း အပြင်းအထန်တွေ မလုပ်သင့်ပါဘူး။

    ကျန်းမာဖို့ ပြေးတာမို့ ကျန်းမာရေးမထိခိုက်ပါစေနဲ့။ အေးအေးဆေးဆေး သက်သောင့်သက်သာနဲ့ ကျန်းမာရုံပြေးပါ။ ဒါဆို သင်လိုချင်တဲ့ ပန်းတိုင်းဆီကိုရောက်ပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးပြေးပြီး ကျန်းကျန်းမာမာနေကြပါလို့ တိုက်တွန်းပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 2 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement