backup og meta

Gym ကစားခြင်းနှင့် မှန်ကန်သော စားသောက်နေထိုင်မှုပုံစံ


Ye Myo Myat မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Gym ကစားခြင်းနှင့် မှန်ကန်သော စားသောက်နေထိုင်မှုပုံစံ

    Gym ကစားတာကို လူတော်တော်များများက ပိုက်ဆံပေးပြီး ကူလီထမ်းတယ်လို့ မြင်တတ်ကြပေမယ့် တကယ်တမ်းတော့ အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ မဖြစ်မနေ လုပ်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း တစ်ခုပဲဖြစ်ပါတယ်။ အိမ်မှာ ကိုယ်တိုင်လေ့ကျင့်ရင်လည်း ရပေမယ့် လူအများစုက ကိုယ်တိုင်လုပ်ရမှာ ပျင်းတာရယ်၊ အလုပ်၊ ကျောင်းကနေ အိမ်ပြန်ရောက်ပြီဆိုရင် ပင်ပန်းလို့ဆိုပြီး အိပ်ရာတန်းဝင်လိုက်တာတွေ၊ နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ခန်း မလုပ်တဲ့အခါ ပင်ပန်းပြီး ဘာမှအကျိုးထူး မရှိတော့ဘူးပေါ့။

    Gym မှာတော့ နားလည်တတ်ကျွမ်းတဲ့ နည်းပြဆရာတွေကိုယ်တိုင် စနစ်တကျ နည်းမှန်လမ်းမှန်နဲ့ လေ့ကျင့်ပေးတယ်။ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေကို ပြုပြင်ပြောင်းလဲပေးနိုင်တယ်။ ကိုယ်ခန္ဓာအလှအပအတွက်သာမက စိတ်ကိုပါ လန်းဆန်းပေါ့ပါးစေတယ်။ အချိန်တိုအတွင်းမှာ သိသိသာသာ ပြောင်းလဲသွားတဲ့ ကောင်းမွန်တဲ့ ရလဒ်ကို တွေ့မြင်ရစေပါတယ်။ ဒါကြောင့် ကျား၊ မ အသက်အရွယ်မရွေး လေ့ကျင့်ခန်းကို နေ့စဉ် ဂရုစိုက်ပြီး လုပ်ဖို့ လိုအပ်ပါတယ်။

    Gym ကစားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ။

    ပိန်တဲ့သူနဲ့ ဝတဲ့သူ Gym ကစားရတဲ့ ရည်ရွယ်ချက်ချင်း၊ ပန်းတိုင်ချင်း ကွဲသွားရင်တောင် ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ကျစ်လျစ်သန်မာတဲ့ ကိုယ်ခန္ဓာအလှအပကို လိုချင်ကြတာတော့ တူကြမှာပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ ကိုယ်ခန္ဓာတွင်း အဆီတွေကို ကျစေတယ်။ ကြွက်သားနဲ့ အရိုးအဆစ်ကို သန်စွမ်းကြံ့ခိုင်စေပြီး ခွန်အားဖြစ်စေတယ်။ ကိုယ်ခံအားစနစ်ကို တည်ဆောက်ပေးပြီး အမောခံနိုင်ကာ သက်လုံကောင်းစေတယ်။ ရောဂါတွေကိုလည်း ကိုယ်ခန္ဓာထဲ မဝင်ရောက်လာစေဖို့ ခုခံတိုက်ထုတ်ပေးနိုင်ပါတယ်။

    Gym ကစားတဲ့သူတိုင်း သိထားသင့်တဲ့ စားသောက်နေထိုင်မှုပုံစံ

    အလှအပတစ်ခုတည်းအတွက်မဟုတ်ဘဲ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လေ့ကျင့်ခန်းကိုရော၊ နေ့စဉ် နေထိုင်မှုပုံစံနဲ့ အစာအာဟာရကိုပါ သေချာဂရုစိုက်သင့်တဲ့ အချက်တွေ ရှိပါတယ်။

    ၁။ ပရိုတင်းဓာတ် များများစားပေးရမှာပါ။

    ပရိုတင်းဓာတ်ဟာ ကိုယ်ခန္ဓာကို ကြီးထွားဖွံ့ဖြိုးစေပြီး အရိုးအဆစ်တွေကို သန်မာစေတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။ လေ့ကျင့်ခန်း လုပ်နေသူတွေအတွက် လိုအပ်တဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ ပုံမှန်အချိန်တွေမှာ လေ့ကျင့်ခန်းကြောင့် ညောင်းကိုက်နေတာမျိုး မဖြစ်စေဖို့ ကူညီပေးနိုင်တယ်။ ပိန်တဲ့သူတွေ ကိုယ်အလေးချိန်တက်ချင်ရင်ဖြစ်စေ၊ ဝနေတဲ့သူတွေ ကိုယ်အလေးချိန် ကျချင်လို့ ဖြစ်စေ၊ ပရိုတင်းဓာတ်ကို မဖြစ်မနေ စားပေးဖို့ လိုပါတယ်။ အဓိက အသား၊ ငါး၊ နွားနို့နဲ့ ပဲအမျိုးမျိုးကနေ ပရိုတင်းဓာတ်ကို ရရှိပါတယ်။ ကိုယ့်အနေနဲ့ အချိန်တိုအတွင်းမှာ ခန္ဓာကိုယ်ကြွက်သားထုကို တည်ဆောက်ချင်တယ်ဆိုရင် ပရိုတင်းဖြည့်စွက်စာ အားဆေးတွေကို သောက်သုံးပေးလို့ ရပါတယ်။

    ၂။ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို မမေ့ထားပါနဲ့။

    ကျွန်တော်တို့ ကိုယ်ခန္ဓာက ကောင်းစွာ အလုပ်လုပ်နိုင်ဖို့နဲ့ ကျန်းမာပြီး အသက်ရှည်စေဖို့ ဗီတာမင်အာဟာရဓာတ်တွေ နေ့စဉ်လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေမှာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ဗီတာမင်နဲ့ သတ္တုဓာတ်ပေါင်းများစွာ ပါဝင်တယ်။ ဒါ့အပြင် အစာကြေလွယ်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။ စားလိုက်တဲ့ ပရိုတင်းဓာတ်တွေကို ကိုယ်ခန္ဓာက ကောင်းစွာ စုပ်ယူနိုင်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အသားချည်းပဲ စားနေပြီး ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေကို မေ့ထားလို့ မဖြစ်ဘူးနော်။

    ၃။ အိပ်ချိန် ပြည့်ဝနေပါစေ။

    အိပ်ချိန်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရေးကြီးတယ်ဆိုတာ သိထားပေမဲ့ လူတော်တော်များများမှာ ရှိသင့်ရှိထိုက်တဲ့ အိပ်ချိန်ထက် နည်းပြီး အိပ်စက်နေကြပါတယ်။ ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဒုက္ခဖြစ်စေနိုင်တယ်။ အထူးသဖြင့် Gym ကို ဂရုစိုက်ပြီး ကစားနေတဲ့အချိန်မှာ အိပ်ချိန်မပြည့်ဝလို့ အိပ်ရေးမဝရင် ကောင်းကောင်းဆော့ကစားနိုင်မှာ မဟုတ်သလို နည်းနည်းလေး ကစားလိုက်တာနဲ့ ပင်ပန်းပြီး မောနေတော့မှာပေါ့။ ဒါကြောင့် အိပ်ချိန်ကို အနည်းဆုံး ၇-၈နာရီ အိပ်စက်ပေးဖို့ အရေးကြီးပါတယ်။ ညဘက် နောက်ကျမှ အိပ်တတ်တဲ့ အကျင့်ရှိရင်တော့ စောစောစီးစီး ဖျောက်လိုက်တာ ကိုယ့်ရဲ့ အနာဂတ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိစေမှာပါ။

    ၄။ ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများစားပါ။

    စားပြီး ဗိုက်ဝရင်ပြီးရော ဆိုပြီး ထမင်းတွေကို တစ်ထိုင်တည်းနဲ့ အများကြီးစားတဲ့အခါ အစာအိမ်က ကောင်းစွာ ချေဖျက်ဖို့အတွက် အလုပ်အရမ်းလုပ်ရပါတယ်။ ဒီအခါမှာ ကိုယ်စားလိုက်တဲ့ အစာအာဟာရကို ကိုယ်ခန္ဓာက ကောင်းစွာ စုပ်ယူနိုင်ဖို့လည်း ခဲယဉ်းသွားတာပေါ့။ ဒါကြောင့် ပမာဏနည်းနည်းနဲ့ မကြာခဏ အစာစားတတ်တဲ့အကျင့်ကို မွေးထားပါ။ ဗိုက်ဆာတဲ့အချိန်မှာ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို အဓိကစားပါ။

    ၅။ အဆီ၊ အငန်၊ အချို လျှော့စားပါ။

    လုံးဝမစားဘဲ နေလိုက်တာထက် လျှော့စားမယ်ဆိုရင် သိပ်ပြီးတော့ ပြဿနာမရှိစေပါဘူး။ အဆီများတဲ့ အစားအစာတွေ၊ အငန်ဓာတ်များတာ၊ အချိုလွန်ကဲတဲ့ မုန့်တွေဟာ လူကိုအဝလွန်စေပြီး ကိုယ်တွင်းအဆီတက်စေတယ်။ ကြာလာရင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ အစရှိတဲ့ ရောဂါတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့၊ ကိုယ်ခန္ဓာ အမိုက်စားရအောင် လေ့ကျင့်နေတဲ့ အချိန်မှာ ဒီလိုအစားအစာတွေကို အများကြီးစားလိုက်ရင် ကိုယ်အပင်ပန်းခံ ဆော့ခဲ့သမျှ အလဟဿ ဖြစ်သွားမယ်ဆိုတာ အမြဲသိထားဖို့တော့ လိုပါတယ်။

    ၆။ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေပါစေ။

    ကိုယ်ခန္ဓာက လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ချွေးထွက်ပြီး ကိုယ်တွင်းမှာ ရှိတဲ့ ရေဓာတ်တွေ ဆုံးရှုံးတာ သဘာဝပါပဲ။ ဒီတော့ ကိုယ်က ရေကို ပုံမှန်သောက်ပေးမယ်၊ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားပေးမယ်ဆိုရင် ရေဓာတ်ခမ်းခြောက်တဲ့အခြေအနေထိ မရောက်အောင် ကာကွယ်ပေးနိုင်မယ့်အပြင် လူကိုလည်း ပေါ့ပါးလန်းဆန်းစေလို့ လေ့ကျင့်ခန်းကို တက်တက်ကြွကြွနဲ့ အားသွန်ခွန်စိုက် ကစားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

    ဒီအချက်လေးတွေကို သေချာလိုက်နာမယ်။ နေ့စဉ် ပုံမှန် မှန်ကန်တဲ့ နည်းစနစ်နဲ့ လေ့ကျင့်ခန်းလုပ်မယ်၊ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်လိုက်မယ်ဆိုရင် အချိန်တိုအတွင်းမှာ ကိုယ်ရည်မှန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement