backup og meta

ကလေးရေကူးကန်တွေက ဘာကြောင့်ပိုညစ်ပတ်တာလဲ


Ye Myo Myat မှ ရေးသားသည်။ · 30/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရေကူးကန်တွေက ဘာကြောင့်ပိုညစ်ပတ်တာလဲ

    ငယ်ငယ်တုန်းက ရေသွားကူးမယ်လို့ ပြောလိုက်ရင် လူကြီးတွေက “သွားမကူးနဲ့၊ ရေမသန့်ဘူး၊ ယားနာတွေ ဝဲတွေ ပေါက်လိမ့်မယ်” ဆိုပြီး အပြင်းအထန်တားကြတာ မှတ်မိကြမယ်ထင်ပါတယ်။ တကယ်လည်း ကိုယ်အသက်ကြီးလာတဲ့အချိန် ရေကူးသင်တဲ့အခါမှာ သူတို့တွေပြောတဲ့စကားက မှန်သင့်သလောက်မှန်တာကို လက်တွေ့ သိမြင်ခဲ့ရပါတယ်။

    ဒါဆို ဘာလို့ ကလေးရေကူးကန်တွေက ပိုညစ်ပတ်တာလဲ။

    ဟိုတယ်တွေ၊ အများသုံးရေကူးကန်တွေမှာ ကလေးနဲ့ လူကြီးဆိုပြီး မခွဲထားပါဘူး။ တချို့ရေကူးကန်တွေမှာတော့ ရေကန်အနက်ပေါ် မူတည်ပြီး ခွဲထားတာမျိုးတွေ ရှိပါတယ်။ ဘာကြောင့် ကလေးရေကူးကန်တွေ၊ ကလေးတွေ ရေကူးနေတဲ့ ကန်ထဲကရေတွေက ပိုညစ်ပတ်တာလဲလို့ ပြောရတာလဲဆိုရင်

    • ရေကူးကန်မှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်များကို သေချာမသိခြင်း
    • ရေမကူးခင်မှာ ရေချိုးသန့်စင်ခြင်းများ မပြုလုပ်ခြင်း
    • ခြေထောက်ထဲမှာ သဲတွေ၊ ရွှံ့နွံ့တွေ၊ မြေမှုန့်တွေနဲ့ ပေပွနေခြင်း
    • အနာတွေဖြစ်နေလျက်နဲ့ ရေကန်ထဲဆင်းတာ
    • အနာပေါ် ကပ်ထားတဲ့ ပလာစတာတွေ ရေထဲ ကွာကျသွားတာ
    • ရေကူးကန်ထဲ အပေါ့စွန့်တာ၊ အလေးစွန့်တာ
    • အရေပြားရောဂါများ ဖြစ်နေတာ စတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

    ဒါ့အပြင် ကလေးတွေက ရေသေချာမကူးတတ်သေးတဲ့အခါ ညစ်ပတ်နေတဲ့ ရေတွေကို မျိုချမိလိုက်တာ၊ နှာခေါင်းကနေ အသက်ရှူမိပြီး ရေဝင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ရေကူးပြီး ရေသေချာမဆေးကြောဘဲ အဝတ်အစားဝတ်လိုက်တဲ့အခါမှာလည်း ဘက်တီးရီးယား သို့မဟုတ် မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ရနိုင်ပါတယ်။

    ကလိုရင်းခတ်ထားရင်ရော ရေကန်မသန့်နိုင်ဘူးလား။

    ကလေးရေကူးကန်တွေဟာ လူကြီးကန်တွေထက် ပိုညစ်ပတ်တဲ့အတွက် ကလိုရင်းကို ပိုခတ်ပေးသင့်ပါတယ်။ ဒါမှပဲ ရေထဲမှာ ရှိနေသလောက် ရောဂါပိုးမွှားတွေ၊ ကပ်ပါးပိုးကောင်တွေကို သေစေနိုင်မှာပါ။ ကလိုရင်းကို လုံလောက်တဲ့ပမာဏအတိုင်း မခတ်ရင်တော့ ရေထဲမှာ ရောဂါပိုးမွှားတွေ ကျန်နေဦးမှာ ဖြစ်ပါတယ်။

    ဒါ့အပြင် ကလိုရင်းသည် ဓာတုဗေဒပစ္စည်း ဖြစ်တဲ့အတွက် ကလေးတွေရဲ့ အရေပြားကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အရေပြားနီပြီး ယားယံတာ၊ ပွန်းပဲ့တာ၊ အင်ပျဉ်ထတာမျိုးအပြင် ကလိုရင်းရေတွေ မျိုချလိုက်မိတဲ့အခါ ကလိုရင်းအဆိပ်သင့်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

    ရေကူးကန်ကနေ သင့်ကလေး ဘယ်လိုရောဂါတွေ ရနိုင်လဲ။

    • အသက်ရှူလမ်းကြောင်းအတွင်း ပိုးဝင်ခြင်း
    • လည်ချောင်းပိုးဝင်ပြီး ရောင်ရမ်းခြင်း
    • ဗိုက်အောင့်ဗိုက်နာ ဖြစ်ခြင်း
    • ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း
    • အရေပြား နေလောင်ခြင်း
    • ခြေထောက် သဲဝဲစားခြင်း၊ အရေပြားတွင် ဝဲပေါက်ခြင်း
    • သန်ထခြင်း
    • ပိုးဝင်ပြီး အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း
    • ကလိုရင်းအဆိပ်သင့်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

    ဒီလိုပြဿနာတွေကနေ ကင်းဝေးစေဖို့ မိဘတွေအနေနဲ့ ဘယ်လိုကာကွယ်ပေးနိုင်မလဲ။

    ရေကူးကန်ဟာ ညစ်ပတ်ပြီး ကလေးတွေရဲ့ ကျန်းမာရေးအတွက် မသင့်လျော်တာ မှန်ပေမယ့် ရေကူးခြင်းသည် ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်ပါ အထောက်အကူဖြစ်စေတဲ့ အားကစားနည်းတစ်မျိုးပါ။ ဒီအတွက် ကိုယ့်ကလေးကို ငယ်စဉ်ကတည်းက ရေကူးသင်ပေးခြင်းက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ အဓိက လုပ်ပေးရမှာတွေကတော့

    • အများသုံးရေကူးကန်တွေထက် ကိုယ့်ကလေးကို သီးသန့် သင်ပေးနိုင်မယ့် ရေကူးကန်တွေမှာ ရေကူးသင်ပေးပါ။
    • မိဘကိုယ်တိုင် ရေကူးကန်ထိ လိုက်ပြီး ကူးတာမျိုး၊ ဘေးကနေ စောင့်ကြည့်ကြပ်မတ်တာမျိုး လုပ်ပေးပါ။
    • ရေမကူးခင် မျက်နှာ၊ ကိုယ်ခန္ဓာ၊ ခြေလက် နေရာအနှံ့ကို နေလောင်ကာခရင်မ်တွေ လိမ်းပေးပါ။
    • ရေကူးကန်ထဲ မဝင်မီနဲ့၊ ရေကူးပြီးတဲ့အခါ ခေါင်းအစ၊ ခြေအဆုံး ဆပ်ပြာ၊ ရေနဲ့ သေချာတိုက်ချွတ်ဆေးကြောဖို့ မှာပါ။
    • ဖခင်တွေအနေနဲ့ ကိုယ့်ကလေးနဲ့ အတူရေဆင်းကူးတာမျိုးက ပိုအဆင်ပြေပါတယ်။
    • ရေကူးကန်ရဲ့ သန့်ရှင်းသပ်ရပ်မှုကို လူကြီးတွေကိုယ်တိုင် စစ်ဆေးပါ။ ရေကန်မသန့်ရင် ဝန်ထမ်းတွေကို ခေါ်ပြီး သန့်ရှင်းရေးလုပ်ခိုင်းပါ။ အမြဲလိုလို ကိုယ့်ကလေးကူးမယ့် ရေကန်က မသန့်ရင်တော့ ရေရှည်မကူးတာက သင့်ကလေးအတွက် အဆင်ပြေစေမှာပါ။
    • အဝတ်အစားလဲခန်းမှာ ကလေးကို ဖိနပ်မစီးဘဲ ပြေးလွှားနေတာမျိုး မလုပ်ဖို့ မှာထားပါ။
    • သင့်ကလေး ရေကူးပြီးသွားပြီဆိုရင် အရေပြားမှာ နီရဲနေတာ၊ အင်ပျဉ်ကွက်တွေ ထနေတာမျိုး ရှိမရှိ စစ်ဆေးပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 30/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement