backup og meta

စင်္ကြန်လျှောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 25/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စင်္ကြန်လျှောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး

    ဗုဒ္ဓဘာသာဝင်တွေ အထူးသဖြင့် တရားစခန်း ဝင်ဖူးတဲ့သူတွေဆိုရင် သိကြမယ်ထင်ပါတယ်။ ဗုဒ္ခဘာသာ ယဉ်ကျေးမှုကနေ စင်္ကြန်လျှောက်ခြင်း အလေ့အထက စတင်လာပြီးတော့ ယခုဆိုရင် ကမ္ဘာနဲ့ အဝှမ်း လူသိများလာကြတဲ့ ကျင့်စဉ် ဒါမှမဟုတ် လေ့ကျင့်ခန်း တစ်ခုဆိုလည်း မမှားပါဘူး။ တခြားလေ့ကျင့်ခန်းနဲ့ ဘာကွာသွားလဲဆိုတော့ ခန္ဓာကိုယ် အလှအပကို လေ့ကျင့်ပေးတာ မဟုတ်ဘဲ စိတ်အာရုံကို စုစည်းတတ်စေဖို့နဲ့ အသက်ရှူလေ့ကျင့်ခန်းကို မှန်စေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ပေးတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကဲ … စင်္ကြန်လျှောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး လေးတွေကို ကြည့်လိုက်ရအောင်နော်။

    စင်္ကြန်လျှောက်တယ် ဆိုတာ ဘယ်လိုမျိုးလဲ။

    အရှိန်လုံးဝ မထည့်ဘဲ ဖြည်းဖြည်း နဲ့ မှန်မှန် လမ်းလျှောက်ရပါတယ်။ လမ်းလျှောက်တဲ့အခါ မမြန်ရပါဘူး။ ကိုယ့်ရဲ့ ခြေတစ်လှမ်းတိုင်းမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှ (ဥပမာ – ခြေထောက် ကြွတယ်၊ ခြေလှမ်းတယ်၊ ခြေထောက်ဘေးကို လေပြေညှင်းတွေ ပွတ်တိုက်သွားတယ်၊ အသက်ရှူသွင်းတယ်၊ ရှူထုတ်တယ် အစရှိသဖြင့်) အာရုံစိုက်ထားရပါတယ်။ လမ်းကြောင်းတည့်တည့် အတိုင်း သွားတာမျိုး ရှိသလို နေရာတစ်ခုမှ စက်ဝိုင်းပုံသဏ္ဍာန် လျှောက်တာမျိုးလည်း ရှိပါတယ်။ ဒါကတော့ ကိုယ်လျှောက်တဲ့ နေရာ အကျယ်အဝန်းပေါ် မူတည်ပြီး အဆင်ပြေသလို ညှိယူလို့ ရပါတယ်။

    စင်္ကြန်လျှောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး

    စင်္ကြန်လျှောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး တွေကတော့

    ၁။ ခန္ဓာကိုယ်တွင်း အထူးသဖြင့် ခြေထောက်မှာ ရှိတဲ့ သွေးကြောထဲသို့ သွေးလည်ပတ် စီးဆင်းမှု ကောင်းစေတယ်။

    ၂။ အစာကြေ ရင်ချောင်စေတယ်။ ထမင်းစားပြီးလို့ ဗိုက် အရမ်း တင်းနေတဲ့ အချိန်ဆိုရင် ခဏတဖြုတ် လမ်းလျှောက်ပေးသင့်တယ်။

    ၃။ စိုးရိမ်ပူပန်ခြင်းကို လျော့ကျစေတယ်။ စိတ်ကျရောဂါကို ခံစားနေရသူတွေ လမ်းမှန်မှန် လျှောက်တာမျိုး လုပ်သင့်တယ်။

    ၄။ သွေးတွင်း သကြားဓာတ် ပမာဏကို မြင့်တက်စေလို့ အမျိုးအစား (၂) ဆီးချိုရောဂါသည်တွေအတွက် အထူးကောင်းတယ်။

    ၅။ ကိုယ်ဟန်အနေအထားကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်တယ်။

    ၆။ အသက်ကို မှန်မှန် ရှူသွင်း၊ ရှူထုတ်လုပ်တတ်အောင် လေ့ကျင့်ပေးတယ်။

    ၇။ ညဘက်တွေမှာ ကောင်းစွာ အိပ်ပျော်နိုင်အောင် ကူညီပေးတယ်။

    ၈။ စိတ်အာရုံ စုစည်းမှု အားကောင်းစေလို့ ခဏခဏ စိတ်ပျံ့လွင့်တတ်တဲ့သူတွေ၊ တွေးခေါ်ပြီး အလုပ်လုပ်နေရသူတွေအတွက် အကျိုးထူးရှိတယ်။

    ၉။ တီထွင်ဖန်တီးဉာဏ်ကို ထက်မြက်စေတယ်။ ပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ မတူညီတဲ့ ရှုထောင့် အမျိုးမျိုးကနေ တွေးခေါ်ပြီး အဖြေရှာတတ်လာတယ်။

    စင်္ကြန်လျှောက်တာကို ဘယ်လိုနေရာမျိုးမှာ လုပ်ရင် အကောင်းဆုံးလဲ။

    ပုံမှန်ကတော့ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းတဲ့ တရားစခန်းလို နေရာမျိုး၊ ပန်းခြံ၊ သဘာဝ တောတောင်ဒေသတွေမှာ လမ်းလျှောက်ပေးတာ အကောင်းဆုံးပါပဲ။ အဓိက စိတ်အာရုံကို စုစည်းပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်တာကြောင့် အသံဆူနေတဲ့ နေရာမျိုးတွေ တတ်နိုင်သလောက် ရှောင်ပေးပါ။

    အပြင်ထွက် လမ်းလျှောက်ဖို့ အခက်အခဲ ရှိသူတွေဆိုရင်လည်း ကိုယ့်အိမ်ထဲမှာ သို့မဟုတ် ကိုယ်ပိုင် အိပ်ခန်းထဲမှာ လမ်းလျှောက်တာက အကောင်းဆုံး ဖြစ်မှာပါ။ လေဝင်လေထွက်ကောင်းတဲ့၊ ဆူညံသံ အလွန်နည်းတဲ့ အခန်းမျိုးကို အဓိက ရွေးချယ်ပါ။

    ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး၊ ဘယ် ဘာသာဝင်မဆို၊ ဘာသာရေးကို အယုံအကြည် မရှိသူတွေပါ ကိုယ်နဲ့ စိတ်ကျန်းမာရေး အလေးပေး လေ့ကျင့်ခန်း အဖြစ်နဲ့ လုပ်လို့ ရပါတယ်။ အသက်အရွယ် မရွေး လုပ်လို့ ရတယ်။ အသက်ကြီး ဘိုးဘိုး၊ ဘွားဘွား အရွယ်တွေ၊ လှုပ်ရှားမှု နည်းတဲ့သူတွေ၊ စိတ်ဖိစီးမှု အရမ်းများတဲ့သူတွေ ပိုလုပ်ပေးသင့်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 25/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement