backup og meta

ကလပ်တက်တာ ကျန်းမာရေးအတွက်ပါ။


Dr. Yee Mon Lwin မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလပ်တက်တာ ကျန်းမာရေးအတွက်ပါ။

    ကလပ်တက်တယ် နိုက်အောက်တယ် (night out) တယ်ဆိုရင် အိမ်က လူကြီးတွေက မကြိုက်ကြတာနဲ့ အမြဲရန်အတိုက်အခံဖြစ်ရတယ်မလား။

    လေ့လာချက်တွေအရတော့ ကလပ်တက်တာ ပျော်ဖို့ရွှင်ဖို့အတွက်ပဲ မဟုတ်ဘဲ စိတ်ကျန်းမာရေးအတွက်ရော ကိုယ်ကျန်းမာဖို့အတွက်ပါ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်ပါတယ်တဲ့။

    အိမ်က အဖေနဲ့ အမေကို ရှင်းပြဖို့လည်း အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ ရတာပေါ့နော်။

    ၁။ ကလပ်မှာ ကတာခုန်တာလည်း လေ့ကျင့်ခန်းတစ်မျိုးပါပဲ။

    Gym သွားတာတို့၊ ပြေးတာတို့ဆိုရင် မလုပ်နိုင်ဘူး၊ မောတယ်ဆိုတဲ့သူတွေက ကလပ်ရောက်ရင်တော့ ခုန်ပေါက် ကခုန်နေတာပဲလေ။ ၂ နာရီ ၃ နာရီ ကလပ်ထဲမှာ ကခုန်လိုက်တဲ့အခါ ကယ်လိုရီတွေ လောင်ကျွမ်းပြီး ခန္ဓာကိုယ်ကို ကျစ်ကျစ်လစ်လစ် ဖြစ်စေပါတယ်။

    ၂။ စိတ်ဖိစီးမှုကို လျော့ပါးစေတယ်။

    ရုံးချိန် တစ်နေ့ ၈ နာရီ ၉နာရီ တစ်ပတ် ၅ ရက်လုပ်ရတဲ့သူတွေမှာ သူမတူတဲ့ စိတ်ဖိစီးမှုတွေရှိတတ်ကြပါတယ်။ ကလပ်ထဲ သီချင်းတွေ ကြားမှာ ပျော်ပျော်ပါးပါး ကခုန်တာနဲ့ပဲ ကုန်ဆုံးတာဟာလည်း စိတ်ဖိစီးမှုကို အများကြီး လျှော့ချပေးနိုင်တဲ့အတွက် တနင်္လာနေ့ ရုံးပြန်တက်တဲ့ချိန်မှာ စိတ်သစ်လူသစ်ဖြစ်ပြီးတော့ တစ်ပတ်တာ ကြုံတွေ့ရမယ့် စိတ်ပင်ပန်း၊ လူပင်ပန်းဒဏ်ကို ပိုခံနိုင်ရည်ရှိပါတယ်တဲ့။

    ၃။ ကျယ်လောင်တဲ့ သီချင်းတွေက ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို ထုတ်ပေးတယ်။

    စိတ်ကို တက်ကြွစေတဲ့ ကလပ်ထဲက သီချင်းတွေဟာ နားထဲကနေ တစ်ဆင့် ဦးနှောက်ကို ပျော်ရွှင်သာယာစေတဲ့ ဟော်မုန်းတွေ ထွက်ဖို့အတွက် လှုံ့ဆော်ပေးပါတယ်။ ပျော်လို့ ကလပ်သွားတယ် ကလပ်သွားလို့ ပျော်တယ်ဆိုတာမျိုးပေါ့။

    ၄။ မီးရောင်စုံတွေကြောင့် ဖန်တီး တီထွင်နိုင်စွမ်း မြင့်မားလာမယ်။

    ကလပ်ထဲက တဖျတ်ဖျတ် မီးတွေဟာ ကလို့ ခုန်လို့ ပိုကောင်းစေတာပဲမဟုတ်ဘဲ ဦးနှောက်ကို လှုံ့ဆော်မှု တစ်မျိုးလည်း ဖြစ်တာကြောင့် တီထွင် ဖန်တီးနိုင်စွမ်းတွေလည်း ကောင်းလာစေတယ်တဲ့။ ဒါကြောင့် ပရိုဂျက်တစ်ခုအတွက် အိုင်ဒီယာတွေ စဉ်းစားလို့မထွက်ရင်း ကလပ်သွားပြီး ခုန်လိုက်ပါ။

    ၅။ အရက်အနည်းငယ်သောက်တာဟာလည်း ပျော်ရွှင်ခြင်း ဟော်မုန်းကို ထွက်စေပါတယ်။

    ကလပ်သွားရင် အရက်နဲ့တော့ကင်းမှာမဟုတ်ပါဘူး။ ကခုန်လို့ကောင်းရုံလောက်သောက်ရင် ဦးနှောက်ကနေ ဒိုပါမင်း (dopamine) ဟော်မုန်းထွက်ပါတယ်။ သူကတော့ ကချင်ခုန်ချင်စိတ်ကို ဖြစ်ပေါ်စေပြီး ပျော်စေတဲ့ ဟော်မုန်းပါပဲ။

    ၆။ ဆိုရှယ်ပိုကျလာမယ်။

    ကလပ်သွားရင် လူပေါင်းစုံနဲ့တွေ့ရမှာပါ။ ပုံမှန်ဆို ရှက်တတ်တဲ့သူတွေလည်း ကလပ်ထဲရောက်ရင် ပေါင်းသင်းဆက်ဆံရေးတွေ အလိုလိုကောင်းလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို လည်း ယုံကြည်မှုပိုလာမယ်။ သူငယ်ချင်း မိတ်ဆွေအသစ်တွေလည်း ပိုရလာမယ်။ သူငယ်ချင်းအသစ်တွေလိုချင်တယ်၊ ကွန်ရက်ကျယ်ပြန့်ချင်တယ်၊ ဖြန့်ကျက်ချင်တယ်ဆိုရင် ကလပ်သွားပါ။

    စကားတစ်ခွန်းရှိပါတယ်။ “သင့်အသက်ကြီးသွားလို့ ကခုန်တာရပ်လိုက်တာမဟုတ်ပါဘူး။ သင်ကခုန်တာရပ်လိုက်လို့ အသက်ကြီးသွားတာပါ” တဲ့။ ကလပ်ထဲမှာ ကတာခုန်တာ နှလုံးကျန်းမာရေးအတွက်လည်း ကောင်းလို့ အသက်ရှည်ကျန်းမာစေပါတယ်။

    လူကြီးတွေကတော့ ကလပ်သွားတယ်ဆိုတာကို မူးယစ်ဆေး၊ လိင်ကိစ္စ၊ ရန်ဖြစ်တာတွေနဲ့ပဲ တွဲမြင်တတ်ကြတာကြောင့် အမြင်မကြည်ကြတာပါ။ သူတို့တွေးတာလည်း မှားတော့မမှားပါဘူး။ ကလပ်လာတာ သူငယ်ချင်းတွေနဲ့ ပျော်ဖို့ ကခုန်ဖို့အတွက်မဟုတ်ဘဲ မူးယစ်ဆေးသုံးနေတာ၊ အရက်သောက်ပြီး ရန်ရှာဖို့ပဲ စောင့်နေတဲ့ လူငယ်တွေလည်း အများကြီးပါ။

    အရာရာတိုင်းမှာ နှစ်ဦးနှစ်ဖက်ဆိုတာရှိတဲ့အတွက် ကလပ်ဆိုတာ အရမ်းကောင်းတဲ့နေရာ မဟုတ်သလို ပျက်စီးနေတဲ့ လူငယ်တွေပဲ သွားတဲ့ နေရာလည်း မဟုတ်တာကို အိမ်ကလူကြီးတွေ နားလည်ရင်တော့ ကလပ်သွားတာဟာ ပိုပြီးပွင့်လင်းမြင်သာ ပျော်ရွှင်စရာကောင်းလာမှာပါ။

    အပျော်အပါးဆိုတာကလည်း အကန့်အသတ်တစ်ခုရှိသင့်ပါတယ်။ ပျော်လည်း ပျော်၊ ကလပ်သွားရင်းလည်း လမ်းမှားမရောက်ဖို့အတွက်ကတော့ ကိုယ့်ကိုယ်ကိုမှာပဲ တာဝန်ရှိပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement