backup og meta

အရသာခါးပေမယ့် သင့်ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အစားအစာများ


Dr. Thant Zin မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရသာခါးပေမယ့် သင့်ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အစားအစာများ

    ခါးသက်သော အစားအစာကို ကျန်တဲ့အရသာရှိ အစားအစာတွေထက် လူကြိုက်နည်းပါတယ်။ အနံ့အရသာမျိုးစုံနဲ့ ဆွဲဆောင်နေကြတဲ့ အစားအစာမျိုးစုံကြားမှာ များသောအားဖြင့် ခါးတဲ့အစာတွေကို ရွေးချယ်မှုနည်းတတ်ပါတယ်။ ဒါပေမယ့် ခါးတဲ့အစားအစာတွေဟာလည်း အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အကျိုးအာနိသင်များစွာ ပေးစွမ်းနိုင်ပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ သင့်ကျန်းမာရေးကို အကျိုးပြုမယ့် ခါးသက်တဲ့အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ အကြောင်းပဲ ဖြစ်ပါတယ်။

    ၁။ ကြက်ဟင်းခါးသီး

    ကြက်ဟင်းခါးသီးကို အာရှ၊ အာဖရိကနဲ့ ကရစ်ဘီယန်ပင်လယ်ဒေသတဝိုက်က နိုင်ငံတွေမှာ စားသုံးမှုများပါတယ်။ ကြက်ဟင်းခါးသီးဟာ အတော်လေးကို ခါးသက်တဲ့အရသာ ရှိပါတယ်။ ထူးခြားချက်ကတော့ triterpenoid၊ polyphenol နဲ့ flavonoid ဆိုတဲ့ ဓာတ်ပစ္စည်းတွေပါဝင်ပြီး ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို အဟန့်အတားဖြစ်စေတဲ့ အထောက်အထားတွေ ရှိနေပါတယ်။

    တိုင်းရင်းဆေးပညာတချို့မှာ ကြက်ဟင်းခါးသီးကို ဆီးချိုဝေဒနာသည်တွေမှာ သွေးတွင်းအချိုဓာတ် လျှော့ချဖို့ အသုံးပြုကြပါတယ်။ ဒါ့အပြင် ကြက်ဟင်းခါးသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ဆဲလ်တွေပျက်စီးခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ၂။ ဂေါ်ဖီမျိုးရင်းဝင် ဟင်းသီးဟင်းရွက်များ

    ဒီအုပ်စုမှာ ပန်းပွင့်စိမ်း၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ Brussels sprout (ခေါ်) ကွမ်းသီးမုန်လာ စတဲ့ အနည်းငယ်ခါးသက်တဲ့ အရသာရှိသော စားစရာများ ပါဝင်ပါတယ်။ ဒီအုပ်စုဝင် ဟင်းသီးဟင်းရွက်တွေမှာ ဂလူကိုစီနောလိတ်လို့ခေါ်တဲ့ ဓာတ်ပစ္စည်းပါဝင်တာကြောင့် အနည်းငယ်ခါးပြီး ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်းကို တားဆီးပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာထဲက အဆိပ်အတောက်ဓာတ်တွေကို အသည်းကတဆင့် ဖယ်ရှားရာမှာ ပါဝင်ကူညီပေးတယ်လို့ သိရပါတယ်။

    ၃။ မြင်းခွာရွက်

    မြင်းခွာရွက်ဟာလည်း ခါးသက်တဲ့ အပင်တမျိုးဖြစ်ပေမယ့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးပါတယ်။ အထူးသဖြင့် ဗဟိုအာရုံကြောစနစ်ကို အထောက်အကူပြုပါတယ်။ မှတ်ဉာဏ် ထက်သန်စေပါတယ်။ သွေးကြောတွေကို တောင့်တင်းခိုင်မာစေပြီး သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်စေတာကြောင့် အနာကျက်ရာမှာ အထောက်အကူပြုပါတယ်။

    ၄။ ခရင်ဘယ်ရီ

    ခရင်ဘယ်ရီဟာ အနီရောင်ရှိပြီး အနည်းငယ်ခါးသက်တဲ့ အရသာရှိပါတယ်။ အသီးကို အစိမ်းအတိုင်းဖြစ်စေ၊ အခြောက်ခံပြီးဖြစ်စေ၊ ဖျော်ရည်အနေနဲ့ဖြစ်စေ အမျိုးမျိုးသုံးစွဲနိုင်ပါတယ်။ ခရင်ဘယ်ရီသီးမှာ ပါဝင်တဲ့ ပေါ်လီဖီနောတမျိုးဟာ ဘက်တီးရီးယားတွေကို ကာကွယ်နိုင်ပါတယ်။ ဘက်တီးရီးယားများကြောင့် သွားများပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်အနာဖြစ်စေတဲ့ H Pylori ဘက်တီးရီးယား၊ အူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းကို ဒုက္ခပေးတဲ့ E Coli ဘက်တီးရီးယား စတာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    ၅။ ကိုကိုး

    ကိုကိုးစေ့ကနေ ထုတ်လုပ်ထားတဲ့ ကိုကိုးမှုန့်ဟာ အရသာခါးပေမယ့် တခြားအရသာရှိတဲ့ ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး စားသုံးနိုင်ပါတယ်။ ဥပမာ သကြားနဲ့ပေါင်းပြီး ချောကလက်ထုတ်လုပ်ပါတယ်။ သုတေသနတွေအရ ချောကလက်ကို ပုံမှန်စားပေးခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုကိုးမှာ ကြေးနီဓာတ်၊ မဂ္ဂနီဆီယမ်၊ မန်ဂနိစ်၊ သံဓာတ် စတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

    ၆။ ကော်ဖီ

    ခါးသက်သက်အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေထဲမှာ ကော်ဖီကို ချန်ထားခဲ့လို့ မရပါဘူး။ ကော်ဖီကို ကမ္ဘာတလွှားမှာ နှစ်ခြိုက်စွာ သောက်သုံးနေကြပါတယ်။ ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်လို့ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ နှလုံးရောဂါနဲ့ ကင်ဆာ ဖြစ်ပွားနိင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။

    ၇။ ဝိုင်နီ

    ဝိုင်နီမှာ proanthocyanidin နဲ့ tannin ဆိုတဲ့ ပိုလီဖီနော နှစ်မျိုး ပါဝင်ပါတယ်။ ဒီနှစ်မျိုးကြောင့် ဝိုင်နီဟာ အနီရောင်ရှိပြီး ခါးသက်တဲ့ အရသာရှိနေရခြင်း ဖြစ်ပါတယ်။ အယ်လ်ကိုဟောနဲ့ အဆိုပါ ပိုလီဖီနောနှစ်မျိုး ပေါင်းစပ်တဲ့အာနိသင်ကြောင့် ကိုလက်စထရောဓာတ်တိုးခြင်းကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ သွေးခဲခြင်းကို လျော့ကျစေပြီး သွေးကြောတွေကို ပိုမိုကျယ်ပြန့်လာစေပါတယ်။ သုတေသနတခုအရ ဝိုင်နီကို နေ့စဉ် နှစ်ခွက်နှုန်းနဲ့ တလထိသောက်သုံးခြင်းဟာ အစာအိမ်အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ပွားများလာစေပါတယ်။ ဒါ့အပြင် ဝိုင်နီဟာ ဆီးချို၊ အရိုးပွခြင်း စတဲ့ရောဂါတွေကို ဖြစ်နိုင်ခြေ နည်းစေပါတယ်။

    ဒါပေမယ့် အယ်လ်ကိုဟောကို လွန်ကဲစွာ သုံးစွဲရင်တော့ အသည်းကို ထိခိုက်စေပြီး ကျန်တဲ့ ကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်စေနိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement