backup og meta

သွေးတိုးကျအောင် စားပေးသင့်တဲ့ အစားအစာများ


Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးကျအောင် စားပေးသင့်တဲ့ အစားအစာများ

    ပေါ့ဆလို့ မရတဲ့ ရောဂါတွေထဲမှာ သွေးတိုးရောဂါလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ့်မှာ သွေးတိုးရှိလို့ ရှိမှန်းတောင် မသိနိုင်ပဲ ရောဂါအခြေအနေဆိုးကာမှ ကျန်းမာရေးကို ဆိုးရွားစွာ ဒုက္ခပေးနိုင်တာကြောင့် သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့တောင် ခေါ်စမှတ်ပြုကြပါတယ်။

    ကိုယ့်မှာ သွေးတိုးရှိပြီဆိုတာ သိရပြီဆိုတာနဲ့ သွေးတိုးကျဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ အလွန်အရေးကြီးပါတယ်။ အစာအာဟာရကို ဂရုစိုက်ပြီး စနစ်တကျ ပြင်ဆင်ချက်ပြုတ်ဖို့ အရေးကြီးသလို ဆီ၊ ဆား၊ သကြား လျှော့စားဖို့လည်း မမေ့သင့်ပါဘူး။

    သွေးတိုးကနေတစ်ဆင့် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါတွေအပြင် ရုတ်တရက်တက်ခြင်း၊ သတိလစ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်သည်အထိ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

    ကျား၊ မ မရွေး၊ လူမျိုးမရွေး၊ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ကုသမှုမရှိ၊ နေထိုင်စားသောက်မှု ပုံစံကို ဂရုမစိုက်ဘူးဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်က သွေးတိုးရှိလို့ ဖြစ်စေ၊ ကိုယ့်အနီးပတ်ဝန်းကျင်က ကိုယ်ချစ်ရသူ၊ မိသားစုတွေမှာ သွေးတိုးရှိနေရင်ဖြစ်စေ စားပေးလို့ရတဲ့ သွေးတိုးကျစေတဲ့ အစားအစာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

    ၁။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

    နေ့စဉ်မဖြစ်မနေ စားပေးသင့်တဲ့ အစာအာဟာရတွေထဲမှာ ပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ဟင်းသီးဟင်းရွက်ကို မေ့ထားလို့ မဖြစ်ပါဘူး။ ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ပိုတက်စီယမ်ဓာတ်လည်း ပါဝင်လို့ ကျောက်ကပ်ထဲက အညစ်အကြေးတွေကို ဆီးကနေ တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ကြော်စားလို့ ရသလို ဖျော်ရည်အနေနဲ့လည်း ကြိတ်ပြီး သောက်သုံးပေးနိုင်ပါတယ်။

    ၂။ အသီးအနှံတွေ

    ဟင်းသီးဟင်းရွက်များနည်းတူ အာဟာရဓာတ်မျိုးစုံ ပေးစွမ်းနိုင်လို့ သွေးတိုး၊ ဆီးချိုရောဂါ ဝေဒနာရှင်တွေ နေ့စဉ်ပုံမှန် စားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ သွေးတိုးကိုလည်း ကျစေပြီး ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ အထောက်အကူပေးနိုင်ပါတယ်။ ဘယ်ရီသီး၊ ငှက်ပျောသီး၊ သလဲသီးတွေဟာ သွေးတိုးကျစေတဲ့ အသီးအနှံဖြစ်လို့ လှီးစိတ်ပြီး စားလို့ရသလို သကြားမထည့်ပဲ ကြိတ်ပြီးဖျော်ရည်အနေနဲ့ သောက်လို့ အဆင်ပြေပါတယ်။

    ၃။ နို့ထွက်ပစ္စည်း

    အဆီပါဝင်မှုနည်းပြီး ကယ်လ်စီယမ်ဓာတ် ပေါကြွယ်ဝတဲ့ အဆီထုတ်နွားနို့နဲ့ ဒိန်ချဉ်တွေကို နေ့စဉ်ပုံမှန် သောက်သုံးပေးခြင်းဖြင့် သွေးတိုးကို ကျစေနိုင်ပါတယ်။ အချိုမပါဝင်တဲ့ သဘာဝနို့ထွက်ပစ္စည်းတွေဟာ သွေးတိုးရောဂါသည်တွေအတွက် စားပေးသင့်တဲ့ အစားအစာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။

    ၄။ ဆော်လ်မွန်ငါး

    ဆော်လ်မွန်ငါးမှာ ပရိုတင်းဓာတ်ပေါကြွယ်ဝပြီး သွေးတိုးကျစေတဲ့ ဗီတာမင် D နဲ့ Omega-3 fatty acid တွေ ပါဝင်ပါတယ်။ ဆော်လ်မွန်ငါးကို သံပုရာရည်ညှစ်ပြီး သံလွင်ဆီနဲ့ ၁၅မိနစ်ခန့် ကင်ပြီး စားပေးနိုင်ပါတယ်။

    ၅။ အစေ့အဆန်

    ဆားတွေနဲ့ မနယ်ထားတဲ့ သဘာ၀ အစေ့အဆန်တွေမှာ သွေးတိုးကျစေတဲ့ ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ တခြားသော သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ နေကြာစေ့၊ သီဟိုရ်စေ့၊ ဖရုံစေ့ အစရှိတဲ့ အစေ့အဆန်တွေကို ထမင်းစားပြီး မုန့်ပဲသရေစာအဖြစ် စားပေးနိုင်ပါတယ်။

    ၆။ ကြက်သွန်ဖြူ

    ကြက်သွန်ဖြူဟာ နိုက်ထရစ်အောက်ဆိုဒ်လို့ ခေါ်တဲ့ သွေးတိုးကျစေတဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပြီး ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ကြက်သွန်ဖြူနဲ့ ရောပြီး ချက်လို့ ရသလို စွပ်ပြုတ်တွေထဲမှာလည်း ရောပြီး ထည့်နိုင်ပါတယ်။

    ၇။ သံလွင်ဆီ

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝဆီသန့်ဖြစ်ပြီး သွေးတိုးကိုလည်း ကျစေတဲ့ polyphenol လို့ ခေါ်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။ ကြော်ချက်တဲ့နေရာမှာ အသုံးပြုလို့ ရသလို အရွက်တွေကိုလည်း သံလွင်ဆီ အနည်းငယ်ရောပြီး သုပ်ပေးလို့ ရပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement