backup og meta

သံလွင်ဆီမှ ရရှိနိုင်သော အကျိုးကျေးဇူးများ


Dr. Thant Zin မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သံလွင်ဆီမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

    အဆီနဲ့ပတ်သက်ရင် လူတွေမှာ အစွဲတစ်ခုရှိပါတယ်။ အဲဒါကတော့ အဆီဓာတ်ဟာ မကောင်းဘူးဆိုတာပါပဲ။ တကယ်တော့ အဆီဓာတ်ဟာလည်း ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီဟာ သင့်ကိုယ်ခန္ဓာအတွက် အကျိုးပြုမှာ ဖြစ်ပါတယ်။ ဆီများထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ကြတာကတော့ သံလွင်ဆီဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သံလွင်ဆီ သုံးစွဲခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    မပြည့်ဝဆီပါဝင်မှု များခြင်း

    ဆီအမျိုးအစားတွေမှာ ပြည့်ဝဆီနဲ့ မပြည့်ဝဆီဆိုပြီး ရှိပါတယ်။ မပြည့်ဝဆီဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆီအမျိုးအစား ဖြစ်ပါတယ်။ သံလွင်ဆီကိုတော့ သံလွင်သီးကနေ ထုတ်လုပ်ထားပြီး အိုလစ်အက်ဆစ်လို့ခေါ်တဲ့ အဆီဓာတ်ဟာ ရာခိုင်နှုန်းအားဖြင့် ၇၀ ကျော်ခန့် ဝင်ပါတယ်။ အဆိုပါ အိုလစ်အက်ဆစ်ဟာ monounsaturated fat လို့ခေါ်တဲ့ မပြည့်ဝဆီဖြစ်ပြီး ရောင်ရမ်းမှုကို ကျစေခြင်း၊ ကင်ဆာရောဂါအချို့ကို ဖြစ်နိုင်ခြေလျော့ကျစေခြင်း စတဲ့အာနိသင်တွေ ပေးပါတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း

    သံလွင်ဆီမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေရှိတဲ့ ဗီတာမင် E နဲ့ ဗီတာမင် K ကြွယ်ဝပါတယ်။ အဆိုပါ ဓာတ်တိုးပစ္စည်းများဟာ နာတာရှည်ရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ကိုလက်စထရောများ ဓာတ်တိုးခြင်းကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့စေပါတယ်။

    ရောင်ရမ်းမှုကျဆင်းစေသော အာနိသင်ရှိခြင်း

    နာတာရှည်ရောင်ရမ်းခြင်းဟာ ကင်ဆာ၊ နှလုံးရောဂါ၊ ဇီဝဖြစ်ပျက်မှုရောဂါစု၊ အမျိုးအစား ၂ ဆီးချို၊ အယ်လ်ဇိုင်းမား၊ အဆစ်အမြစ်ရောင်ခြင်း စတဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ရောင်ရမ်းခြင်းကို ကျဆင်းစေနိုင်ပါတယ်။ အထူးသဖြင့် သံလွင်ဆီမှာ ပါဝင်တဲ့ oleocanthol ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ ရောင်ရမ်းမှုကို သိသာစါာ သက်သာစေပါတယ်။ သုတေသနတခုရဲ့ အဆိုအရ သံလွင်ဆီ ၅၀ မီလီလီတာမှာ ပါဝင်တဲ့ oleocanthol ဟာ အကိုက်အခဲပျောက်ဆေးတစ်မျိုးရဲ့ အာနိသင် ၁၀ ရာခိုင်နှုန်းလောက်နဲ့ သွားညီတယ်လို့ သိရပါတယ်။

    လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

    ဦးနှောက်ကိုထောက်ပံ့ပေးတဲ့ သွေးကြောစီးဆင်းမှုမှာ ပြဿနာတစ်ခုခုဖြစ်ပေါ်ရင် (ဥပမာ သွေးခဲခြင်း၊ သွေးကြောပေါက်ခြင်း) လေဖြတ်တတ်ပါတယ်။ သုတေသီတွေဟာ သံလွင်ဆီကြောင့် လေဖြတ်နိုငခြေ လျော့နည်းတယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ကြပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ မပြည့်ဝဆီ အမျိုးအစားဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီး မကောင်းတဲ့ ကိုလက်စထရောတွေစုလာခြင်းကို ကာကွယ်နိုင်ပါတယ်။ နှလုံးနဲ့သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျော့စေတာကြောင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

    နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးခြင်း

    သင့်ကိုယ်ခန္ဓာထဲမှာ ကိုလက်စထရောနှစ်မျိုး ရှိပါတယ်။ HDL လို့ခေါ်တဲ့ အကျိုးပြုကိုလက်စထရောနဲ့ LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရော ဖြစ်ပါတယ်။ သံလွင်ဆီဟာ မကောင်းတဲ့ LDL ကိုလက်စထရောများပြားလာခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။

    သွေးကြောနံရံတွေမှာ အဆီတွေ ပုံမလာအောင် ကာကွယ်ပြီး သွေးခဲခြင်းမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ သွေးလည်ပတ်မှု ကောင်းစေတာကြောင့် သွေးပေါင်ချိန်မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီအချက်တွေကြောင့် သံလွင်ဆီပုံမှန်စားသုံးရင် နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးပါတယ်။

    အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ နည်းစေခြင်း

    အယ်လ်ဇိုင်းမားရောဂါဟာ ဦးနှောက်နဲ့အာရုံကြောဆဲလ်တွေ ချို့ယွင်းပျက်စီးလာလို့ ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ဦးနှောက်ဆဲလ်တွေထဲမှာ ဘီတာအမိုင်းလွိုက်လို့ခေါ်တဲ့ ပစ္စည်းတွေ စုပုံလာရင် ဦးနှောက်ဆဲလ်တွေ ထိခိုက်လာနိုင်ပါတယ်။ သုတေသနတွေအရ သံလွင်ဆီဟာ အဆိုပါ ဓာတ်ပစ္စည်းများကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။

    ဆီးချိုဖြစ်နိုင်ခြေလျော့နည်းစေခြင်း

    သံလွင်ဆီဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ တိုင်ရိုဆောလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးမှာ အင်ဆူလင်အာနိသင်ကို ပိုမိုထိရောက်အောင် ကူညီပေးပါတယ်။ အင်ဆူလင်ကို ပိုမိုထိရောက်စေပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်တာကြောင့် အမျိုးအစား ၂ ဆီးချိုဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

    လေးဖက်နာအဆစ်ရောင်ခြင်းကို သက်သာစေခြင်း

    လေးဖက်နာအဆစ်ရောင်ခြင်းဟာ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့အတွက် အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်းကို ခံစားရပါတယ်။ သံလွင်ဆီဟာ လေးဖက်နာအဆစ်ရောင်ခြင်း ဖြစ်ပွားသူတွေမှာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ လျော့ကျစေပြီး ဓာတ်တိုးဖိစီးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ လေးဖက်နာအဆစ်ရောင်သူတွေမှာ ကြုံရတတ်တဲ့ မနက်အိပ်ရာထခါစ အဆစ်များ တောင့်တင်းနေခြင်း၊ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement