backup og meta

ရေနွေးသောက်ပါလို့ ပြောနေရတဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 04/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေနွေးသောက်ပါလို့ ပြောနေရတဲ့ အကြောင်းအရင်း

    ရေသောက်တဲ့ အလေ့အထဟာ ကျန်းမာရေးအတွက် အထူး အထောက်အကူဖြစ်စေတဲ့ အလေ့အထတစ်ခုပါ။ နေ့စဉ် ရေလုံလုံလောက်လောက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကြီး ကျန်းမာနေဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာပါ။

    ဒီနေရာမှာ ပြောစရာရှိတာက တချို့အေးမြမြ ရေခဲရေလေးကိုမှ နှစ်သက်တက်ပြီး တချို့တွေကတော့ လက်ဖက်ခြောက်လေးဖြစ်ဖြစ် ခတ်ထားတဲ့ ရေနွေးကြမ်းမျိုးကိုမှ နှစ်သက်တတ်ကြပါတယ်။

    ဘယ်ရေကို သောက်သည်ဖြစ်စေ သူ့လုပ်ဆောင်ချက်နဲ့သူ ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒါပေမယ် ရေနွေးကို ပိုပြီးသောက်ပေးသင့်တဲ့ အကြောင်းအရင်းတွေ ရှိနေတယ်ဆိုတာကိုတော့ သိထားစေချင်ပါတယ်နော်။

    ရေနွေးသောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကိုဖြည့်တင်းပေးရုံသာမကပဲ အစာခြေစနစ်၊ အသက်ရှူလမ်းကြောင်းတို့ကို အထောက်အကူပြုတာနဲ့ လူကို လန်းဆန်းစေတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါသေးတယ်။

    နေ့စဉ် မနက်စောစောနဲ့ အိပ်ရာဝင်ခါနီးတွေမှာ ရေနွေးတစ်ခွက်စီလောက် သောက်ပေးမယ်ဆိုရင် ကျန်းမာရေးကို အထူးပဲ အထောက်အကူဖြစ်စေနိုင်ပါသေးတယ်။ သံပုရာသီးနည်းနည်းရောနှော မှီဝဲမယ်ဆိုရင် ဗီတာမင် C ပါ ရရှိဦးမှာပါ။

    ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရေနွေးပူပူသောက်ပေးခြင်းအားဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ကျန်ရှိနေပါသေးတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။

    ရေနွေးပူပူလေးသောက်ပေးလို့ ရလာမယ့် အကျိုးကျေးဇူးတွေ

    • နှာခေါင်းပိတ်ခြင်းကို သက်သာစေတယ် – ရေနွေးကနေရရှိတဲ့ ရေနွေးငွေ့ဟာ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းကို အထောက်အကူပေးနိုင်ပြီး ရေနွေးမသောက်ခင် ရေနွေးငွေ့ကို ရှူရှိုက်တဲ့ အလေ့အထလေး လုပ်ထားမယ်ဆိုရင် နှာခေါင်းပိတ်တာနဲ့ အဲ့ဒီဝေဒနာကြောင့် ဆက်စပ်ဖြစ်ပေါ်လာတဲ့ ခေါင်းကိုက်ဝေဒနာတာတွေ သက်သာစေနိုင်ပါတယ်။
    • အစာခြေဖျက်နိုင်စွမ်း တိုးမယ် – ရေနွေးပူပူသောက်ပေးတာက အစာခြေလမ်းကြောင်းကို သက်သောင့်သက်သာဖြစ်စေပါတယ်။ ချောဆီ ထိုးပေးလိုက်သလိုပါပဲ။ ဒါကြောင့် အစာခြေဖျက်ရာမှာ အလုပ်တွင်သလို အစာခြေအင်္ဂါတွေ ရေဓာတ်မဆုံးရှုံးဖို့လည်း အထောက်အကူဖြစ်ပါတယ်။
    • ဗဟို အာရုံကြောစနစ်ကို တည်ငြိမ်စေတယ် – ရေနွေးဟာ အာရုံကြောစနစ်ကို တည်ငြိမ်စေဖိုလည်း အထောက်အကူပေးပါတယ်။ အာရုံကြောစနစ်ကြီး ကောင်းမွန်နေရင် နာတာကျင်တာ၊ ကိုက်တာခဲတာမျိုးတွေ တော်ရုံမဖြစ်တော့ပါဘူး။ ဒါကြောင့် အဆစ်ရောင်ဝေဒနာသည်ကို ရေနွေးအသုံးပြုဖို့ ညွှန်ကြားကြတာဖြစ်ပါတယ်။
    • ဝမ်းချုပ်ခြင်းကို သက်သာစေတယ် – ရေနွေးဟာ အစာအိမ်ကိုတင် အထောက်အကူပေးတာမဟုတ်ပါဘူး။ အူလမ်းကြောင်းတစ်လျှောက်လုံးကို ကူညီပါတယ်။ အူလမ်းကြောင်းအတွင်းမှာရှိနေတဲ့ အစာဟောင်းတွေ အလွယ်တကူ စွန့်ထုတ်နိုင်ဖို့ ရေနွေး ပူပူလေးက ကူညီပေးမှာပါ။
    • ရေဓာတ်မဆုံးရှုံးတော့ဘူး – ရေကို ပူအောင်ကြိုထားတဲ့ ရေနွေးသောက်ပါပြီဆိုမှတော့ ရေဓာတ် ဘယ်ဆုံးရှုံးတော့မလဲလေနော်။ ဒါပေမယ့် ကျန်းမာသန်စွမ်းတဲ့ လူတစ်ယောက်ဟာ တစ်နေ့ကို ရေ ၂ လီတာ ဒါမှမဟုတ် ဂါလံဝက်လောက် သောက်ပေးဖို့ လိုအပ်တယ်ဆိုတာကိုတော့ မမေ့ပါနဲ့။
    • ကိုယ်အလေးချိန်လျှော့ချဖို့ ကူညီနိုင်တယ် – ရေနွေးသောက်ပေးတဲ့အခါ ခန္ဓာကိုယ်ထဲက စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်တာမို့ ကိုယ်အလေးချိန်လည်း လျှော့ကျစေနိုင်ပါတယ်။
    • သွေးလည်ပတ်မှုကောင်းစေတယ် – ရေနွေးသောက်တဲ့အခါ လူက လန်းဆန်းနေမှာဖြစ်ပြီး သွေးလည်ပတ်မှုကောင်းကာ ကိုယ်တွင်းအင်္ဂါတွေ ကောင်းကောင်းအလုပ်လုပ်နိုင်စေမှာဖြစ်ပါတယ်။ ကိုယ်တွင်းအပူချိန် လျော့ကျနေရင် ဇီဝကမ္မလုပ်ဆောင်ချက်တွေလည်း နှေးကွေးလာတတ်တာကြောင့် လူလည်း တက်တက်ကြွကြွမရှိတော့ပါဘူး။ သွေးလည်ပတ်မှုလည်း နှေးကွေးသွားတတ်ပါတယ်။
    • စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ် – အာရုံကြောတွေကို လန်းဆန်းစေတဲ့ ရေနွေးဟာ ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ရစေနိုင်တာမို့ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါသေးတယ်။
    • အဆိပ်အတောက်လည်း ဖယ်ရှားပေးနိုင်တယ် – ရေနွေးသောက်တဲ့အခါ ခန္ဓာကိုယ်က endocrine system ကို နှိုးဆွပေးနိုင်တာမို့ ချွေးထွက်စေမှာဖြစ်ပါတယ်။ ကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေဟာ ချွေးနဲ့ ပါသွားနိုင်ပါတယ်။
    • Achalasia ရောဂါ လက္ခဏာတွေကို သက်သာစေတယ် – Achalasia ဆိုတာ အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရေနွေးသောက်သုံးပေးရင် အဆိုပါ ဝေဒနာရဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

    တန်ဆေး၊ လွန်ဘေး

    ရေနွေးသောက်သုံးတဲ့ အလေ့အထဟာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဒါပေမယ့် အရာရာတိုင်းမှာ အတိုင်းအဆ၊ အကန့်အသတ် ဘောင်ဆိုတာတော့ ရှိနေတတ်တာကို သိနားလည်ထားဖို့လိုအပ်ပါတယ်။

    ဒီနေရာမှာ ရေနွေးလို့ဆိုရာမှာလည်း 120°F and 140°F ကြား အပူချိန်ရှိတဲ့ ရေနွေးမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ဒီထက်ပိုပူနေမယ်ဆိုရင်တော့ အပူလောင်စေနိုင်တာမို့ သတိထားသင့်ပါတယ်။ အထူးသဖြင့် ခံတွင်းနဲ့ အစာရေမျိုပြွန်တွေ လောင်နိုင်ပါတယ်။အလွန်ပူတဲ့ ရေနွေးကို ထိကိုင်မိတာ၊ သောက်သုံးမိတာမျိုးတွေပြုလုပ်မိရင် အရေပြား တစ်ရှူးတွေကို ပျက်ဆီးစေနိုင်ပါတယ်။

    ဒါ့အပြင် အလွန်ပူပြင်းတဲ့ အခြေအနေမျိုးမှာ အလုပ်လုပ်နေရချိန်မျိုး ဒါမှမဟုတ် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်နေရင်းတန်းလန်း အချိန်မျိုးတွေမှာ ရေနွေးမသောက်သုံးသင့်ပါဘူး။ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုအပြုအမူမျိုးတွေက ရေဓာတ်ဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

    ဒါပေမယ့် လေ့ကျင့်ခန်း ပြုလုပ်မှု ပြီးဆုံးသွားချိန်မှာတော့ ရေနွေးသောက်သုံးပေးလို့ရပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 04/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement