backup og meta

အထင်မသေးသင့်တဲ့ ကိုယ်ခံအားအတွက်အကောင်းဆုံး အရိုးစွပ်ပြုတ်ရည်


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အထင်မသေးသင့်တဲ့ ကိုယ်ခံအားအတွက်အကောင်းဆုံး အရိုးစွပ်ပြုတ်ရည်

    စွပ်ပြုတ်ဆိုတာ နေမကောင်းတဲ့အချိန် တိုက်ကျွေးကြတဲ့လူမမာစာပဲလေ။ နေမကောင်းတဲ့အချိန်တော့ ကြက်စွပ်ပြုတ်က အသင့်တော်ဆုံးပေါ့။ ဒါပေမယ့် ဘာအသားဖြစ်ဖြစ် အရိုးပြုတ်ရည်က ခန္ဓာကိုယ်အတွက် အပြည့်အဝအားဖြစ်စေတာ သေချာပါတယ်။ လူကြိုက်များကြတဲ့ ကြေးအိုး၊ ဟော့ပေ့ါ တို့ဆိုတာလည်း ကြာကြာတည်ထားတဲ့ အရိုးစွပ်ပြုတ်ရည် တွေကို အခြေခံတဲ့ အစားအစာတွေပါ။

    အဲဒါကြောင့် အရိုးဆိုလို့ အထင်မသေးနဲ့လို့ပြောတာ။ ငွေကုန်ကြေးကျမများဘဲ ကိုယ်ခံအားကောင်းစေမယ့် ဆေးတစ်ခွက်ကိုရနိုင်တာပဲ နည်းလားလို့။ အရိုးစွပ်ပြုတ်ရည် က ဘာလို့အကျိုးကျေးဇူးများတယ်လို့ ပြောရတာလဲဆိုတာ ဆက်သာဖတ်ကြည့်လိုက်ပါတော့…

    (၁) အရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တယ်။

    ခြုံပြောရရင် အာဟာရပါဝင်မှုသိပ်များပါတယ်။ အရိုးပြုတ်ရည်မှာ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်စ်နဲ့ တခြားသတ္တုဓာတ်တွေကြွယ်ဝတယ်။ ငါးရိုး (ငါးဖယ်ရိုး၊ ငါးခေါင်းဟင်းချို၊ မုန့်ဟင်းခါး) ပြုတ်ရည်တွေဆို သိုင်းရွိုက်လုပ်ဆောင်ချက်ကျန်းမာစေဖို့ မရှိမဖြစ်အရေးပါတဲ့ အိုင်အိုဒင်းဓာတ် ပါဝင်တာလည်း ပိုပါသေးတယ်။

    သူတို့တွေမှာပါဝင်တဲ့ တွယ်ဆက်တစ်ရှူးတွေကနေ ဂလူကိုဆာမိုက် နဲ့ ခွန်ဒရွိုက်တင် တို့လို သဘာဝဒြပ်ပေါင်းတွေရရှိနိုင်လို့ အရိုးကျန်းမာရေးအတွက် ကောင်းပါတယ်။

    ရိုးတွင်းခြင်ဆီကနေ ဗီတာမင် A၊ ဗီတာမင် K2 တို့အပြင် ဇင့်၊ သံဓာတ်၊ မဂ္ဂနိစ်နဲ့ ဆယ်လီနီယမ်၊ အိုမီဂါ-3၊ အိုမီဂါ-6 အကျိုးပြုအဆီဓာတ်တွေ ရရှိနိုင်တယ်။ အရိုးပြုတ်ရည်ကနေ ကော်လာဂျင်ဓာတ်တွေ ရနိုင်သေးတယ်။

    (၂) အစာခြေစနစ်အတွက် ကောင်းတယ်။

    အရိုးပြုတ်ရည်မှာပါတဲ့ gelatin က အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာ အစာတွေရွေ့လျားမှု၊ ချေဖျက်မှု၊ ချက်လုပ်မှု၊ စွန့်ထုတ်မှုတွေ ချောမွေ့လွယ်ကူစေဖို့ အထောက်အကူပေးတယ်။ သူက အစာခြေလမ်းကြောင်းရဲ့အချွဲနံရံကို ကာကွယ်ပေး၊ ကုသပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

    Gelatin မှာပါတဲ့ အမိုင်နိုအက်စစ်တစ်မျိုး(glutamine) က အူနံရံရဲ့လုပ်ဆောင်ချက်ကို ထိန်းကူပေးလို့ အူနံရံသွေးယိုခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါရှိသူတွေအတွက် သင့်တော်တဲ့ဓာတ်စာတစ်မျိုးဖြစ်ပါတယ်။

    (၃) ရောင်ရမ်းမှုတွေ လျော့ကျစေတယ်။

    အရိုးပြုတ်ရည်မှာတွေ့ရတဲ့ glycine နဲ့ arginine ဆိုတဲ့ အမိုင်နိုအက်စစ်နှစ်မျိုးက ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်စွမ်း ပြည့်ဝပါတယ်။ အထူးသဖြင့် arginine က အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးစေပါတယ်။

    (၄) အရိုးအဆစ်ကျန်းမာရေးကို ပိုကောင်းစေတယ်။

    ကော်လာဂျင်ဆိုတာ အရိုး၊ အရွတ်နဲ့ အရွတ်တွဲတွေမှာ တွေ့ရတဲ့ အဓိကပရိုတင်းဖြစ်ပါတယ်။ အရိုးပြုတ်ရည်ကို ကြာကြာတည်တဲ့အခါမှသာ gelatin ပရိုတင်းအဖြစ် ပြိုကွဲဖြစ်ပေါ်လာပါတယ်။ gelatin မှာတော့ အရိုးအဆစ်ကျန်းမာရေးအတွက် အားဖြည့်ပေးတဲ့ အရေးကြီးအမိုင်နိုအက်စစ်တွေ ပါဝင်ပါတယ်။ အရွတ်ထိခိုက်သူတွေအပြင် လေးဖက်နာအဆစ်ရောင်လိုမျိုး ရောဂါရှိသူတွေအတွက် အရိုးပြုတ်ရည်သောက်သုံးဖို့ သင့်ပါတယ်။

    (၅) ဝိတ်ချရာမှာ အသုံးဝင်တယ်။

    အရိုးစွပ်ပြုတ်က အဆီမပါ၊ ကယ်လိုရီနည်းပေမယ့် မကြာခဏမဆာအောင် ဗိုက်ပြည့်တင်းတိမ် စေနိုင်ပါတယ်။ ဒါ့ကြောင့် အဆီချ diet plan ထဲမှာ ဟင်းသီးဟင်းရွက်ခတ်တဲ့ စွပ်ပြုတ်တစ်ခွက် ပါသင့်ပါတယ်။ သူ့ရဲ့ gelatin က နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ပရိုတင်း casein ထက် ပိုပြီး ဆာလောင်မှုကို လျော့စေနိုင်ပါလိမ့်မယ်။

    (၆) အိပ်ပျော်စေတယ်၊ ဦးနှောက်လုပ်ဆောင်ချက်ကို ပိုကောင်းစေတယ်။

    အရိုးပြုတ်ရည်မှာပါတဲ့ glycine အမိုင်နိုအက်စစ်က အိပ်စက်ခြင်းကို အထောက်အကူပေးနိုင်တာမို့ ညဘက်အိပ်မပျော်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာစွမ်းရည်နဲ့ မှတ်ဉာဏ်စွမ်းရည်တွေကို ပိုကောင်းစေပါတယ်။

    ဒီလောက်အာဟာရဓာတ်တွေပြည့်ဝနေတဲ့ အရိုးပြုတ်ရည်မှာ အသား၊ ငါး၊ အသီးအရွက်တွေ စုံအောင်ထည့်သောက်ရုံနဲ့ တစ်နေ့တာခွန်အားကို အပြည့်ရနိုင်တယ်၊ ကိုယ်ခံအားစနစ်ကို အားဖြည့်နိုင်လို့ တော်တန်ရုံရောဂါတွေကို ကာကွယ်ခုခံနိုင်စွမ်းရှိပါလိမ့်မယ်နော်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement