backup og meta

ခံတွင်းရှင်းပြီး ကျန်းမာစေမယ့် သက်သတ်လွတ် စားဖွယ် ပြင်ဆင်နည်း (၃) သွယ်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းရှင်းပြီး ကျန်းမာစေမယ့် သက်သတ်လွတ် စားဖွယ် ပြင်ဆင်နည်း (၃) သွယ်

    စာဖတ်သူဟာ သက်သတ်လွတ်ဆို ဟင်ခနဲ နှာခေါင်းရှုံ့တတ်တဲ့သူလား။ ဒါလေးတွေ မစားကြည့်ရသေးလို့ နေမှာပါ။

    စားတော်ပဲ အစိမ်းလုံးလေးတွေ နဲ့ ပဲထမင်း စိမ်းစိမ်းလေးဟာ တခြားဘာဟင်းလျာမှ မလိုဘဲ စားရတာ အရသာ သိပ်ရှိတာပါ။ ချက်ရတာကလည်း ထမင်းချက်သလို သိပ်လွယ်တာပါပဲ။

    လိုအပ်သော ပစ္စည်းများ

    • ဆန် – ဆန်ခြင်ခွက် (၁) ခွက်
    • ပဲစိမ်းလုံး – ဆန်ခြင်ခွက် (၁/၄) ခွက်
    • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီး)
    • သံလွင်ဆီ (ရိုးရိုးဆီ/ ထောပတ်/ မာဂျရင်း) – အနည်းငယ်
    • ညက်နေအောင် ထောင်းထားသော ချင်း(ဂျင်း) – လက်ဖက်ရည်ဇွန်း (၁) ဇွန်း
    • ဆား အနည်းငယ်
    • သကြား အနည်းငယ်

    ဒီ ပစ္စည်းတွေ အားလုံးကို ထမင်းချက်မယ့်အိုးထဲမှာ သမအောင် နယ်လိုက်ပါ။ ပြီးတော့ ခါတိုင်း ထမင်းချက်သလိုပဲ ပေါင်းအိုးနဲ့ တည်လိုက်ရင် ရပါပြီ။ ဘယ်လောက်တောင် လွယ်လိုက်သလဲ။ စားခါနီးမှာ ငရုတ်ကောင်းလေး နည်းနည်း ဖြူးပေးလိုက်ရင်လည်း အရသာ တစ်မျိုးကောင်းတာပါပဲ။

    ၂။ ထမင်းလိပ်

    ကိုရီးယား ထမင်းလိပ်၊ ဗီယက်နမ် ထမင်းလိပ် (Spring rolls) လုပ်တဲ့ဟန်က အတူတူပါပဲ။

    • ဟင်းနုနွယ် နဲ့ အဲနိုကီ မှို တို့ကို အိုးပူမှာ နွမ်းအောင် လှိမ့်ပြီး နှမ်းဆီ၊ အရသာမှုန့်တို့ ထည့်နယ်ထားပါ။
    • မုန်လာဥနီ နဲ့ သခွားသီးကို အချောင်းလိုက်လေးတွေ လှီးထားပါ။

    တကယ်လို့များ ကိုရီးယား ထမင်းလိပ် လုပ်မယ်ဆိုရင်တော့ ထမင်းကို ဆီ၊ဆား၊ အရသာ မှုန့်တို့ထည့်ပြီး အရသာ ဝင်အောင် လုပ်ပါ။ ပြီးတော့ ရေညှိပြားပေါ် ထမင်းဖြန့်ခင်းပြီး စောစောက လုပ်ထားတဲ့ အဆာပလာတွေကို ဘေးကနေ အရှည်လိုက်လေးတွေထည့်ပြီး အဲဒီထည့်ထားတဲ့ နေရာကနေ စ လိပ်လိုက်ရင် ရပါပြီ။ ကြက်ဥ ထည့်ချင်တယ်ဆိုရင်တော့ ကြက်ဥ ခေါက်ကြော်ပြီး ဒေါင်လိုက်လေးတွေ လွှာထည့်လို့ ရပါတယ်။

    တကယ်လို့များ ဗီယက်နမ် ကော်ပြန့်စိမ်းလိပ် (Spring Roll) လုပ်မယ်ဆိုရင်တော့ စောစောက အသီးအရွက်တွေအပြင်

    • ပန်းငရုတ်ပွ အနီ/ အစိမ်း
    • ဆန်ကြာဆံ နဲ့
    • နံနံပင်တို့ကို ပါ ထပ်ထည့်လို့ ရသလို ထောပတ်သီးလို အသီးလေးတွေလည်း ထည့်စားလို့ ရပါသေးတယ်။
    • တိုဟူး(ပဲပြား) ထည့်ချင်တယ်ဆိုရင်လည်း ပဲပြားကို ရွှေညိုရောင်သမ်းနေအောင် ဆီပူနဲ့ကြော်၊ ဒေါင်လိုက်လေးတွေ လွှာထည့်လို့ ရပါတယ်။

    ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပြီးတာနဲ့ ရေဆွတ်ထားတဲ့ Rice Paper ထဲ ထည့်ပြီး လေးဖက်လေးတန် အစတွေ သိမ်းလို့ အထုပ်လေး ထုပ်လိုက်ရင် ရပါပြီ။ Rice Paper တွေကို ရေဆွတ်တဲ့အခါ အရမ်းကြီး မဆွတ်မိအောင်လည်း သတိထားဖို့ လိုဦးမယ်နော်။ ရေကို လိုတာထက်ပိုပြီး စိမ်မိသွားရင် အရွက်တွေက ပေါက်ပြဲကုန်တတ်လို့ပါ။

    ၃။ ကန်စွန်းဥ ဖက်ထုပ်

    နည်းနည်းတော့ မြင်ရခဲတဲ့ စားစရာပေါ့လေ။ လိုအပ်တာတွေကတော့

    • အခွံခွာပြီး ကြိတ်ထားတဲ့ ကန်စွန်းဥပြုတ် ၁ခွက်ခွဲ
    • ကြက်သွန်နီ ဥ တစ်လုံး (နုတ်နုတ်စင်းထားပါ)
    • မုန်လာထုပ် (ဂေါ်ဖီထုပ်) ပါးပါးလွှာ ၁ခွက်
    • နှမ်းဆီ စားပွဲဇွန်း ၁ဇွန်း
    • ပဲငံပြာရည် စားပွဲဇွန်း ၁ဇွန်း
    • ချင်းအရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း

    ဒါတွေကို ဇလုံတစ်လုံးထဲ အကုန်ထည့်ပြီး သမအောင် မွှေလိုက်ပါ။ ပြီးတော့ ဖက်ထုပ်ရွက်ရဲ့ အလယ်မှာထားပြီး နှစ်သက်တဲ့ ပုံစံထွက်အောင် ပိတ်လိုက်ပါ။ ပြီးရင်တော့ ပုံမှန် ဖက်ထုပ် ပေါင်းသလို ပေါင်းလို့ ရပါပြီ။ အိုးကပ် ချက်မယ်ဆိုရင်လည်း ဆီ ထမင်းစားဇွန်း (၁) ဇွန်းလောက်ကို မီးအေးအေးနဲ့ အပူပေးပြီး ဖက်ထုပ်လေးတွေ ရွှေညိုရောင် သမ်းလာတဲ့ထိ ၁-၂ မိနစ်လောက် ကြော်ပေးပါ။

    ပြီးရင်တော့ ရေ ခွက်တစ်ဝက်လောက်ထည့်ပြီး ၆-၁၀ မိနစ်လောက်ထိ အဖုံးအုပ်ထားပေးပါ။ ပြီးရင်တော့ တစ်မိနစ်လောက် အဖုံးဖွင့်ထားပြီး ရေခန်းအောင် တည်လိုက်မယ်ဆိုရင် အောက်ခြေတင်းတင်းလေးနဲ့ ကန်စွန်းဥ ဖက်ထုပ်အိအိလေး ရပါပြီ။ ပြင်နေတုန်း ဖက်ထုပ်တွေ ခြောက်မသွားအောင် ရေစိုဝတ်သန့်သန့်လေးနဲ့ အုပ်ထားပေးဖို့လည်း မမေ့နဲ့နော်။

    Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement