backup og meta

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော်

    လူအတော်များများက အသားစိမ်း ငါးစိမ်းတွေကိုင်တွယ်ရင် ရောဂါပိုးတွေကူးစက်မှာကြောက်တဲ့အတွက် သေချာကိုင်တွယ်ကြပေမဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ကျတော့ သန့်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အသီးအရွက်တွေမှာလည်း မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေ ပါဝင်နိုင်ပါတယ်။ ဒါ့ကြောင့် သစ်သီးနဲ့ ဟင်းရွက်တွေကို ရေသေချာဆေးကြောဖို့ ဘာကြောင့်အရေးကြီးလဲဆိုတာ ပြောပြချင်ပါတယ်။

    သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ မစားခင်သေချာဆေးကြောဖို့မမေ့နဲ့နော်

    ဈေးကဝယ်လာတဲ့ သစ်သီးနဲ့ ဟင်းရွက်အမျိုးမျိုးကို သေချာမဆေးဘဲ စားသောက်မိရင် ခံစားရနိုင်တဲ့ အဓိက ပြဿနာ ၂ ခုကတော့ ပိုးသတ်ဆေးအန္တရာယ်နဲ့ ရောဂါပိုးတွေ ကိုယ်ထဲဝင်ရောက်သွားနိုင်တဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။

    • ပိုးသတ်ဆေး အန္တရာယ်

    ပိုးကောင်၊ ကျိုင်းကောင်တွေ ရန်က ကာကွယ်ဖို့နဲ့ ပိုထွားကြိုင်းတဲ့ အသီးအနှံတွေရဖို့ ခုခေတ်မှာ ပိုးသတ်ဆေးနဲ့ တခြားဓာတု ပစ္စည်းတွေ ပိုသုံးစွဲလာရပါတယ်။ ဒါ့ကြောင့် အပြင်ဈေးကပဲ ဝယ်ဝယ်၊ ရှော့ပင်းစင်တာကပဲ ဝယ်ဝယ် သစ်သီးဝလံနဲ့ အရွက်တွေကို မစားခင်ရေနဲ့ သေချာအချိန်ပေးပြီး ဆေးကြောရပါမယ်။

    အထူးသဖြင့် ကြက်သွန်၊ ဂရိတ်ဖရုသီး၊ ကိုက်လန်၊ ကညွှတ်၊ သခွားသီး၊ ပဲနဲ့ ကန်စွန်းဥ တွေမှာ ပိုးသတ်ဆေးတွေ ပါဝင်လေ့ရှိတာကို တွေ့ရပါတယ်။ တကယ်လို့ ပိုးသတ်ဆေးသုံးစွဲထားတဲ့ အသီးအနှံတွေကို မစားသုံးချင်ရင် သြဂဲနစ် (organic) ထုတ်ကုန်တွေကို ရွေးချယ် သုံးစွဲပါ။

  • ရောဂါပိုး အန္တရာယ်
  • သစ်သီးဝလံတွေကို စိုက်ပျိုးတဲ့အဆင့်တိုင်းမှာ ပြင်ပရောဂါပိုးတွေ ပါဝင်သွားတတ်တာကိုလည်း သိထားသင့်ပါ တယ်။ စိုက်ပျိုးထွန်ရက်တဲ့နေရာမှာ သုံးတဲ့ နောက်ချေးတွေကနေဖြစ်ဖြစ်၊ အပင်ထဲထည့်သွင်းပေးတဲ့ ဓာတ်မြေသြဇာက မသန့်ရှင်းရင်ပဲဖြစ်ဖြစ်၊ နောက်ဆုံး သစ်သီးဝလံကို ရိတ်သိမ်းတဲ့အခါ ကိုင်တွယ်တဲ့ အလုပ်သမားရဲ့ လက်ကနေပဲဖြစ်ဖြစ် ရောဂါပိုးမွှားတွေ ကပ်တွယ်ပါလာနိုင်ပါတယ်။

    ဒီလိုအသီးအနှံတွေကို သေချာ မဆေးကြောဘဲ စားသုံးလိုက်မိရင် ကိုယ့်ခန္ဓာကိုယ်ထဲကိုပါ ပိုးမွှားတွေဝင်ရောက်သွားနိုင်တယ် မဟုတ်လား။ ဒါ့ကြောင့် ဘယ်အသီးအနှံပဲဖြစ်ဖြစ် မစားခင် ရေနဲ့သေချာဆေးကြောရမယ်နော်။

    သစ်သီးဝလံထဲမှာ အတွေ့ရဆုံး ပိုးမွှားတွေကတော့ E.coli၊ Salmonella နဲ့ Listeria ဆိုတဲ့ ၃ ကောင်ပါ။ ဒီ ၃ ကောင် ကိုယ်ထဲဝင်သွားရင် နေထိုင်မကောင်းဖြစ်စေနိုင်ပါတယ်။ ၅ နှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ၆၅ နှစ်အထက်လူကြီးတွေနဲ့ နာတာရှည်ရောဂါတစ်ခုခုရှိသူတွေမှာ ပိုစိုးရိမ်ရပါတယ်။ ရောဂါလက္ခဏာတွေကတော့

    • ဗိုက်အောင့်ခြင်း
    • ဝမ်းလျှောခြင်း
    • အော့အန်ခြင်း
    • ဖျားနာခြင်း
    • ခေါင်းကိုက်ခြင်း
    • ကိုက်လက်နာကျင်ကိုက်ခဲခြင်း စတာတွေခံစားရမှာပါ။ ရောဂါပိုးကူးစက်တာပိုပြင်းထန်ရင်တော့ လည်ပင်း/ဇက် တောင့်သွားခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်မေ့မျောခြင်းတွေ ခံစားရတတ်ပါတယ်။

    ဖြစ်လာနိုင်တွေသိပြီဆိုတော့ ဖြစ်မလာအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ ပြောပြပါ့မယ်။ ရောဂါပိုးတွေ ပါတယ်ဆိုပြီး အသီးအနှံတွေမစားဘဲလည်း နေလို့မရဘူးလေ။ အသီးအရွက်နဲ့ သစ်သီးတွေက အာဟာရဓာတ်မျိုးစုံနဲ့အမျှင်ဓာတ်တွေအများကြီး ပါပြီး ကယ်လိုရီလည်းနည်းနည်းပဲ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သစ်သီးဝလံတွေကို စိတ်ချလက်ချ စားသုံးနိုင်အောင် မစားခင်ပြုလုပ်ရမယ့် အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

    • သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်မှာ လက်ကိုသေချာဆေးကြောပါ။
    • ပုပ်နေ၊ ရိနေတဲ့ အစိတ်အပိုင်းတွေကို လှီးထုတ်ပစ်ပါ။ လုံးဝမစားပါနဲ့၊ မချက်ပြုတ်ပါနဲ့။
    • အခွံခွာပြီးစားရမဲ့အသီးတွေ ဥပမာ ပန်းသီး လို အသီးမျိုးကို အခွံမခွာခင် သေသေချာချာ ဆေးကြောပေးပါ။
    • အပြင်ခွံလွှာ မာတဲ့အသီးတွေဆိုရင် (ဥပမာ ဖရဲသီး၊ သခွားသီး) အသီးအရွက်ဆေးကြောတဲ့ brush သပ်သပ်သုံးပြီးဆေးကြောပါ။
    • ဆေးကြောပြီးရင် အဝတ်သန့်သန့် ဒါမှမဟုတ် paper towel လေးသုံးပြီး ခြောက်အောင်သုတ်လိုက်ပါ။
    • ဆလတ်ရွက်နဲ့ ဂေါ်ဖီလို ဟင်းရွက်တွေမှာ ဖြစ်နိုင်ရင် အပြင်လွှာကိုမစားပါနဲ့၊ ဖယ်ထုတ်လိုက်ပါ။
    • ရေကိုသုံးပြီးပဲ ဆေးကြောပါ။ ဆပ်ပြာတွေ၊ တခြားဆေးရည်တွေသုံးစွဲဖို့ လုံးဝမသင့်တော်ပါဘူး။
    • ဆေးကြောပြီးတဲ့သစ်သီးဝလံတွေ၊ ဟင်းရွက်တွေကို လတ်လတ်ဆတ်ဆတ်စားပါ။ မစားနိုင်သေးရင် အပူချိန် 4’C ရှိတဲ့ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။ နောက်ဆုံးမှာချင်တာက ဝယ်ယူလိုက်တဲ့သစ်သီးဝလံတွေမှာ prewashed (ဆေးကြောပြီး) လို့ ခေါင်းစဉ်တပ်ထားရင် ထပ်ပြီး ဆေးကြောဖို့မလိုတော့ဘဲ စားသုံးနိုင်ပါကြောင်း ပြောကြားလိုက်ရပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement