backup og meta

ပင်လယ်စာနှင့် ဓာတ်မတည့်ခြင်း လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပင်လယ်စာနှင့် ဓာတ်မတည့်ခြင်း လက္ခဏာများ

    တူနာ၊ ပုဇွန်၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ဆောလ်မွန်၊ ဂဏန်းစတဲ့ ပင်လယ်စာ အစားအသောက်တွေဟာ လူကြိုက်များတဲ့ အစားအစာတွေပါ။ အထူးသဖြင့် ပင်လယ်ကမ်းခြေလို နေရာမျိုးတွေမှာ သွားရောက်အပန်းဖြေချိန်တွေမှာဆိုရင် ပင်လယ်စာထွက် အစားအစားတွေကို အဓိကထား စားသောက်ကြလေ့ရှိပါတယ်။

    ဒီကနေ့ခေတ်မှာတော့ ပင်လယ်စာအစားအစာတွေဟာ အစားအသောက်ပုံစံမျိုးစုံတွေမှာ ပါဝင်နေပြီဖြစ်သလို သူ့ချည်းသီးသန့် ရောင်းချတဲ့ စားသောက်ဆိုင်တွေလည်း ပေါများလာနေပါပြီ။ လူကြိုက်များအစားအစာဖြစ်ပေမယ့်လည်း ပင်လယ်စာတွေဟာ လူတိုင်းနဲ့ အဆင်ပြေနေတဲ့ အစားအစာမျိုးတော့မဟုတ်ပါဘူး။ မှတ်တမ်းတွေအရ အမေရိကန်တစ်နိုင်ငံတည်းမှာတင် ပင်လယ်စာနဲ့ ဓာတ်မတည့်တဲ့လူ ၂.၃% လောက်ရှိပါတယ်။

    တစ်ချို့လူတွေအနေနဲ့ ပင်လယ်စာတွေ စားသောက်မိပြီးတဲ့အခါတွေမှာ ယားယံတာ၊ အော့အန်တာမျိုးတွေ ကြုံရတတ်ပါတယ်။ တစ်ချို့က မကြာခဏဖြစ်တတ်သလို တစ်ချို့က တစ်ခါတစ်ရံမှဖြစ်တတ်ပါတယ်။ တစ်ချို့ကတော့ အမြဲတမ်း ကြုံရတတ်တာမို့ လုံးဝစားလို့မရတာမျိုးလည်းရှိပါတယ်။ ဒါကို Seafood Allergies ဒါမှမဟုတ် Shellfish Allergies လို့ ခေါ်ဆိုကြပါတယ်။

    ဘာတွေကို ရှောင်ရမလဲ?

    ပင်လယ်စာ ဓာတ်မတည့်တဲ့ ရောဂါလက္ခဏာ ရှိတဲ့လူတွေဟာ အောက်ဖော်ပြပါ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

    အဓိကအားဖြင့်တော့ အခွံပါရေနေသတ္တဝါတွေ (Crustaceans) နဲ့ ခရုနွယ်ဝင်သတ္တဝါတွေ (Mollusks) တွေဖြစ်ပါတယ်။ Crustacean တွေထဲမှာ ပုဇွန်၊ ဂဏန်း၊ ပုဇွန်ဆိတ်၊ ကျောက်ပုဇွန်နဲ့ ပုဇွန်ထုပ်တို့ပါဝင်ပါတယ်။ Mollusk တွေကတော့ ခုံးကောင်၊ ယောက်သွား၊ ကမာ၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ရေဘဝဲ၊ ပင်လယ်မျှော့နဲ့ ဂုံးယောင်းမတို့ပါဝင်ပါတယ်။ ဒါ့အပြင် ငါးအမျိုးနွယ်တွေဖြစ်ကြတဲ့ တူနာ၊ ဆောလ်မွန်နဲ့ Cod တို့ကလည်း ဓာတ်မတည့်မှုဖြစ်နိုင်ပါတယ်။

    များသောအားဖြင့် ပင်လယ်စာနဲ့ ဓာတ်မတည့်သူတွေဟာ တစ်မျိုးနဲ့ ဓာတ်မတည့်ရင် တခြားပင်လယ်စာတွေကိုပါ စားသောက်ဖို့မသင့်ပဲ ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်တွေအရ တစ်မျိုးနဲ့ ဓာတ်မတည့်ရုံနဲ့ တစ်ခြားပင်လယ်စာတွေကလည်း အနည်းနဲ့ အများဆိုသလို အန္တရာယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

    ဘာကြောင့်ဖြစ်သလဲ?

    လေ့လာချက်တွေအရ ပင်လယ်စာ ဓာတ်မတည့်မှုဟာ မွေးရာပါ ရောဂါလက္ခဏာတစ်မျိုးလို့ ဆိုပါတယ်။ ပင်လယ်ရေနေသတ္တဝါတွေရဲ့ ကြွက်သားကနေ ထွက်ရှိလာတဲ့ ပရိုတိန်းဓာတ်တစ်မျိုးက လူ့ရဲ့ ကိုယ်ခံအားစနစ်ကို နှောင့်ယှက်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီ ပရိုတိန်းဓာတ်ကို Tropomyosin လို့ ခေါ်ပါတယ်။

    ရောဂါလက္ခဏာများ

    ပင်လယ်စာ ဓာတ်မတည့်မှုဖြစ်ပြီဆိုရင် ဖြစ်ပေါ်နိုင်တဲ့ ရောဂါလက္ခဏာ အများအပြားရှိပါတယ်။ ဒါပေမယ့် များသောအားဖြင့် လက္ခဏာအများအပြားပြသလေ့မရှိပဲ တစ်ခုခန့်သာဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာလည်း ရောဂါလက္ခဏာ ၂ မျိုး၊ ၃ မျိုးပြသတာမျိုးလည်း ဖြစ်နိုင်ပေမယ့် ဖြစ်နိုင်ချေနည်းပါးပါတယ်။

    ပင်လယ်စာ ဓာတ်မတည့်မှုကြောင့်ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာတွေကတော့

    • နှုတ်ခမ်းပေါ်တွင် အဖုငယ်လေးများထွက်ခြင်း
    • ဝမ်းဗိုက်မခံမရမ်နိုင်အောင် နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ခြင်း
    • အသက်ရှူရခက်ခဲခြင်း၊ ချွဲသလိပ်ကပ်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း
    • အရေပြား ယားယံခြင်း၊ နှင်းခူ၊ မိတ်စသည်တို့ဖြစ်ပေါ်ခြင်း
    • မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်း၊ နား၊ လက်ချောင်းနှင့် လက်များ ယောင်ယမ်းခြင်း
    • မူးဝေခြင်း၊ ထိုင်းမှိုင်းခြင်း၊ အားအင်ချို့တဲ့ခြင်း
    • သွေးခုန်နှုန်း အလွန်အမြင်းမြန်ခြင်း
    • သတိလစ်ခြင်း
    • ရှော့ခ်ရကာ သွေးပေါင်ချိန်ကျဆင်းခြင်းတို့ဖြစ်ပါတယ်။

    ဘယ်လိုကုစားမလဲ?

    ပင်လယ်စာ ဓာတ်မတည့်မှုကို တိတိပပ ပျောက်ကင်းအောင် ကုစားနိုင်တဲ့ တိုက်ရိုက် နည်းလမ်းမျိုးမရှိသေးပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ မိမိနဲ့ မတည့်ဘူးဆိုတာ သေချာရင် အဆိုပါအစားအစာတွေကို မစားဖြစ်အောင် ရှောင်ကျဉ်တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့ပင်လယ်စာတွေဟာ တစ်ခါတစ်ရံမှာ တခြားဟင်းလျာတွေထဲမှာ ရောနှောပါဝင်နိုင်တာမို့ မိမိမှာ ပင်လယ်စာနဲ့ ဓာတ်မတည့်တဲ့ ရောဂါလက္ခဏာတွေရှိနေရင် ကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး နည်းလမ်းရှာဖွေသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement