backup og meta

ချင်းများဖြင့် သင့်ရဲ့မနက်ခင်းလေး လှပနေပါစေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချင်းများဖြင့် သင့်ရဲ့မနက်ခင်းလေး လှပနေပါစေ

    “ချင်း” ဆိုတာ ဆေးဖက်ဝင် အိမ်သုံးဆေးဝါးတစ်ခုမှန်း ကျန်းမာရေးလိုက်စားသူ အများစုက သိထားကြမယ်ထင်ပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ မြန်မာနိုင်ငံက အိမ်တိုင်းလိုလိုမှာ ချင်းကို ဟင်းချက်ရာမှာလည်း သုံးသလို အအေးမိတုပ်ကွေး၊ ဖျားနာ၊ နှာစေးနှာပိတ်၊ ခေါင်းကိုက်တာ စတဲ့ ပြဿနာတွေအတွက်လည်း သုံးကြပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်လို့ အသက်ရှည်ကျန်းမာစေပြီး အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်ပါတယ်။ ဗီတာမင်ဓာတ်တွေလည်း အစုံအလင် ပါဝင်လို့ သင့်ရဲ့ မနက်ခင်းလေးမှာ ချင်းကို နည်းနည်းစီ စားပေးခြင်းဖြင့် တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေပြီး အားအင်ပြည့်ဝနေစေမှာပါ။

    ဒါဆို မနက်စာမှာ ချင်းကို ဘယ်လိုစားသုံးပေးမလဲ။

    ပုံမှန် မြန်မာဟင်းလျာတွေ ချက်တဲ့အခါ အမွှေးရနံ့အဖြစ် ချင်းကို ထည့်တတ်ကြပါတယ်။ ခုပြောပြမှာကတော့ မနက်စာပုံစံဖြစ်တဲ့အတွက် အဆီများပြီး လေးပင်တဲ့ အရသာရှိတဲ့ ချက်ပြုတ်နည်းတွေထက် လွယ်ကူရိုးရှင်းပြီး အချိန်မကုန်တဲ့ နည်းလမ်းတွေဖြစ်လို့ နေ့တိုင်း မနက်စာအတွက် အလုပ်ရှုပ်နေရတဲ့ အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အဆင်ပြေစေမှာပါ။

    ၁။ ချင်းပြုတ်ရည်

    ဆူပွက်နေတဲ့ ရေနွေးပူတစ်ခွက်ထဲကို အခွံခြစ်ပြီးသား ချင်း ၂ပြားလောက်ထည့်ပြီး နာရီဝက်လောက် စိမ်ထားပေးလိုက်ပါ။ မြန်မြန်မအေးသွားအောင်လို့ ရေနွေးခွက်ကို အဖုံးတစ်ခုခုနဲ့ လုံအောင် ဖုံးပေးဖို့တော့ လိုပါမယ်။

    ချင်းပြုတ်ရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    • လည်ချောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေ၊ ချွဲသလိပ်တွေကို ဖယ်ရှားပေးတယ်
    • ရေဓာတ်ကို ဖြည့်ပေးလို့ ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်တယ်
    • ချင်းထဲမှာ ပါတဲ့ ဗီတာမင် စီ ဓာတ်က ရေထဲမှာ ပျော်ဝင်သွားတဲ့အတွက် သောက်လိုက်တဲ့အခါ အသားအရေကို ကြည်လင်လှပစေနိုင်တယ်
    • ခေါင်းကိုက်တာကိုလည်း သက်သာစေတယ်
    • နှာပိတ်နေတဲ့သူတွေဆိုရင် ရေနွေးကနေထွက်တဲ့ အငွေ့ကို ရှူရှိုက်ပေးခြင်းဖြင့် ပိတ်နေတဲ့ နှာခေါင်းတွေကို ပွင့်ထွက်စေနိုင်ပါတယ်။

    ၂။ သစ်သီးဖျော်ရည်

    သဘာဝသစ်သီးကို သကြား၊ နို့ဆီမထည့်ဘဲ အိမ်မှာတင် သေချာကြိတ်ပြီး ရတဲ့ သစ်သီးဖျော်ရည်တွေဟာ သင့်ရဲ့ မနက်ခင်းအတွက် အကောင်းဆုံးသော မနက်စာ တစ်ခုပါ။ ဒီသစ်သီးဖျော်ရည်ထဲကိုမှ ချင်းဖတ်လေးတွေ ပါးပါးလှီးပြီး ထည့်ပေးတာ၊ အဲ့လို မကြိုက်ရင်လည်း ချင်းပေါင်ဒါမှုန့် သို့မဟုတ် ချင်းကို သေးသေးလေးဖြစ်အောင် နုတ်နုတ်စဉ်းပြီး ထည့်ပေးလို့လည်း ရပါတယ်။

    သစ်သီးဖျော်ရည်ထဲကို ချင်းထည့်ပြီး ရောကြိတ်ချင်တာဆိုရင် မုန်လာဥနီ သို့မဟုတ် မြင်းခွာရွက်တွေကို ကြိတ်တဲ့အခါ ချင်းအပြား ၅ပြားလောက် ထည့်ပြီး ကြိတ်လို့ရပါတယ်။ ထပ်ဆောင်းအနေနဲ့ ရလာတဲ့ ဖျော်ရည်ပေါ်မှာ ချင်းအဖတ်လေး နည်းနည်းဖြူးပြီး မော့သောက်လိုက်ရင်တော့ ရှယ်ပဲပေါ့။

    ဒီလိုမဟုတ်ဘူးဆိုရင်လည်း သစ်သီးတွေနဲ့အတူ အပေါ်မှာ ပြောထားခဲ့တဲ့ ချင်းပြုတ်ရည်များကို ရောပြီး ကြိတ်ပေးလို့လည်း ရပါတယ်။ အရသာအနည်းငယ် ကွဲလွဲနိုင်ပေမယ့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အတူတူပဲ ဖြစ်မှာပါ။ သစ်သီးကနေ နဂိုရနိုင်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေသာမက ချင်းကနေပါ အပိုအာဟာရဓာတ်တွေ ထပ်ဆောင်းရစေလို့ ကျန်းမာတဲ့ မနက်စာလေး ဖြစ်စေမှာ အသေအချာပါပဲ။

    ၃။ တို့စရာ ချင်း

    မြန်မာလူမျိုးမှန်ရင် မနက်စာမှာ ထမင်းနဲ့ ဟင်းကတော့ မပါမဖြစ် အားဆေးတစ်ခွက်ပါပဲ။ ဒီတော့ ကိုယ်စားမယ့် မနက်စာ အသားဟင်း၊ အရွက်ဟင်း၊ ဟင်းရည်တွေထဲမှာ ချင်းကို ထည့်ချက်ပေးနိုင်ရင်လည်း ပိုကောင်းသလို တို့စရာအနေနဲ့ စားပေးလို့လည်း ရပါတယ်။ တို့စရာဆိုပေမယ့် ငပိရည်တို့နဲ့ တို့ဖို့ မလိုပါဘူးနော်။

    ထမင်းဟင်း စားပြီးလို့ အီလာတယ်လို့ ခံစားရရင် ချင်းအပြားလေး တစ်ကိုက်ကိုက်ပေးခြင်းဖြင့် စားလိုက်တဲ့ အဆီ၊ အီလည်လည်ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါလို့ မနက်စောစော ပြည့်ပြည့်ဝဝ စားလိုက်တဲ့အတွက် ရင်ပြည့်မှာ၊ ဗိုက်အောင့်ဗိုက်နာတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    ကဲ ဒါဆို သင်ကိုယ်တိုင်ရော ချင်းကြိုက်တဲ့သူလား။ မကြိုက်ဘူးဆိုရင်လည်း ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အချိန်မကုန် လူလည်း မပင်ပန်းတဲ့ ချင်းလေးကို မနက်စာထဲ နည်းနည်းစီ စားပေးရုံနဲ့ ရပြီနော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement