backup og meta

မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ

    ဖေ့ဘွတ်ဟာ သတင်းအစုံအလင် သိရဖို့အတွက် အရမ်းကို အဆင်ပြေတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် သတင်းအချက်အလက်အမှားတွေနဲ့ အဆိပ်အတောက်ဖြစ်စရာတွေလည်း အရမ်းကို များပါတယ်။ သေချာ သုံးသပ်ဆင်ခြင်မှုမလုပ်ဘူးဆိုရင် မမှန်ကန်တဲ့အချက်အလက်တွေ လက်ခံပြီးသားဖြစ်သလို ကိုယ်တိုင်ကလည်း သူများတွေဆီဖြန့်ဝေပြီးသားဖြစ်နေတတ်ပါတယ်။ ဒီတစ်ခေါက် ပြောချင်တာက မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ အကြောင်းလေး ပြောပြပေးချင်တာပါ။

    မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ

    အဆိပ်ကို အဆိပ်မှန်းမသိလို့ စေတနာနဲ့တိုက်လည်း တိုက်ခံရတဲ့သူသေပါတယ်။ ဆေးမြီးတိုတွေ၊ လူပြောသူပြော ပါးစပ်ပြောအကြောင်းအရာတွေလည်း ဒီအတိုင်းပါပဲ။ ကိုယ်က စေတနာနဲ့ရေးသားတယ်။ ဖြန့်ဝေပေးတယ်ဆိုပေမယ့် မှန်ကန်တဲ့အချက်အလက်တွေမဟုတ်ရင် လူကိုဘေးဖြစ်စေနိုင်ပါတယ်။

    အခုပြောချင်တဲ့အကြောင်းအရာကတော့ အိမ်တိုင်းလိုလိုမှာ ရှိတတ်ကြတဲ့ မီးဖိုချောင်ထဲမှာ ချိတ်ဆွဲထားတတ်ကြတဲ့ မတည့်သောအစားအစာများ ဆိုတဲ့ ကတ်ပြားကြီးအကြောင်းနဲ့ ဒီထဲက အစားအသောက်တွေဟာ တွဲဖက်စားမယ်ဆိုရင် တကယ်ကို ဘေး ဖြစ်စေနိုင်သလားဆိုတာကိုပါ။

    အစားအစာတွေဟာ ယေဘုယျအားဖြင့် ဘေးကင်းပါတယ်။ အလွန်အကျွံမဟုတ်ရင် အစားအသောက်အချင်းချင်းမတည့်ဘူးဆိုတာ ရှားပါးပါတယ်။ ဒါပေမယ့် အဲဒီ မတည့်သောအစားအစာများ ဆိုတဲ့ကတ်ပြားကို ကြည့်လိုက်မယ်ဆိုရင် လူတွေစားနေကျဖြစ်တဲ့ ဝက်သားနဲ့ ကြာစွယ်လို၊ ဖရဲသီးနဲ့ ဘဲဥလို၊ မင်းဂွတ်သီးနဲ့ သကြားလိုအရာတွေပါ ပါနေတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒီမှားယွင်းတဲ့  အသိဖြန့်ဝေမှုတွေက လူတွေကြားထဲ မလိုလားအပ်ဘဲ ကြောက်ရွံ့မှုတွေကိုဖြစ်ပေါ်စေပါတယ်။

    ဒါဆိုရင် မေးစရာရှိလာတဲ့မေးခွန်းက တချို့အစားအသောက်တွေတွဲစားပြီး လူတွေ ဝမ်းလျှောတာ၊ ဘေးအန္တရာယ်ဖြစ်တာတွေ မြင်တွေ့ရတာကျတော့ရော ဘာကြောင့်လဲဆိုတဲ့မေးခွန်းပါ။

    မပူပါနဲ့ အဲဒီမေးခွန်းအတွက်လည်း အဖြေရှိပါတယ်။

    မတည့်သောအစားအစာများ ရဲ့ အဖြေ

    အစာအဆိပ်သင့်ခြင်းရဲ့တရားခံ

    အစားအသောက်စားပြီးတဲ့နောက် ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ ချမ်းတုန်ဖျားဖြစ်တာတွေကို အစာအဆိပ်သင့်တယ်လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ အစားအသောက်တွေ တစ်ခုနဲ့တစ်ခု မတည့်ဖြစ်တာကြောင့် မဟုတ်ဘဲ စားလိုက်တဲ့အစားအစာတွေရဲ့ သန့်ရှင်းမှုအားနည်းတာကြောင့် ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေနဲ့ အခြားကပ်ပါးကောင်တွေပါဝင်တာကြောင့်ဖြစ်ပါတယ်။

    အစားအသောက်ထုတ်လုပ်တဲ့ ပြင်ဆင်တဲ့နေရာတစ်ခုခုမှာ မသန့်ရှင်းတဲ့လက်နဲ့ ကိုင်တွယ်တယ်။ မသန့်ရှင်းတဲ့အရာတွေနဲ့ ထိတွေ့ထားရှိမယ်ဆိုရင် ဒီအစားအသောက်တွေမှာ ကပ်ပါးပိုးမွှားတွေ ကပ်တွယ်ငြိလာနိုင်ပါတယ်။ အဲဒီလို မသန့်ရှင်းတဲ့အစားအသောက်ကို စားသောက်လိုက်မယ်ဆိုရင် ပိုးမွှားတွေက အူလမ်းကြောင်းတလျှောက်ကို ရောက်ရှိသွားပြီးတော့ အဆိပ်တွေထုတ်လွှတ်ပါတယ်။ အဲဒီနောက်မှာတော့ အစာအဆိပ်သင့်တာရဲ့ လက္ခဏာတွေဖြစ်တဲ့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာနဲ့ ဖျားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါဟာ အစားအစာတွေမသန့်ရှင်းမှုကြောင့်ဖြစ်တာဖြစ်ပြီး အစားအသောက်နှစ်ခု မတည့်တာကြောင့်မဟုတ်ပါဘူး။

    မတည့်သောအစာအစားများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ

    ဥပမာ – လမ်းဘေးက ဝယ်လာတဲ့ ဖရဲသီးနဲ့ ဘဲဥကိုတွဲစားတယ်။ ပြီးတဲ့အခါမှာ အော့အန်၊ ဝမ်းလျှောတယ်ဆိုရင် လူတွေရဲ့အထင်မှာက ဒီနှစ်ခုမတည့်လို့ ဖြစ်သွားပါတယ်လို့ ထင်တတ်ကြပါတယ်။ အမှန်က လမ်းဘေးက ဝယ်လာတဲ့ ဖရဲသီးမှာ ယင်ကောင်တွေနားတာ၊ ကိုင်တဲ့လက်တွေမသန့်တာကြောင့် ဖရဲသီးမှာ အညစ်အကြေးပိုးမွှားတွေ ပေါက်ဖွားနိုင်နေသလို ဘဲဥကိုပြုတ်တဲ့အခါမှာ သေချာမပြုတ်တာ၊ မသန့်ရှင်းတာတွေကြောင့် ဘဲဥမှာလည်း ပိုးမွှားတွေ ပေါက်ဖွားနေနိုင်ပါတယ်။ ဒီနှစ်ခုသွားဆုံတဲ့အခါ မသန့်ရှင်းတဲ့အစားအသောက်ကြောင့် ကပ်ငြိနေတဲ့ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ပြဿနာကို မတည့်တာဆိုပြီး ဖြစ်သွားရပါတယ်။

    အစားအသောက် ဓာတ်မတည့်ခြင်း

    နောက်ထပ် ဖြစ်နိုင်ခြေ ပြဿနာတစ်ခုကတော့ အစားအသောက်တွေနဲ့ စားလိုက်တဲ့သူ ဓာတ်မတည့်တာကြောင့်ပါ။ အဖြစ်များတာကတော့ ပင်လယ်စာတွေမှာပါ။ လူတချို့မှာ သာမန်ထက်တုံ့ပြန်မှုလွန်ကဲတဲ့ ပြဿနာတွေရှိနေတတ်ကြပြီး အစားအစာတွေနဲ့ မတည့်တာရှိပါတယ်။ ဥပမာအားဖြင့် မြေပဲ၊ ငါး၊ ကမာ၊ ဂုံး၊ ရေခူတို့က မတည့်တတ်တဲ့သူများပါတယ်။

    မတည့်သောအစားအစာများ ဆိုတဲ့ ဖေ့ဘွတ်ပေါ်က ချင်း(ဂျင်း) ပညာပေးများ

    တချို့တွေ အယ်လ်ကိုဟောနဲ့ မတည့်တာ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေနဲ့ မတည့်တာတွေရှိပါတယ်။ အဲဒါကလည်း အစားအသောက်တွေတစ်ခုနဲ့တစ်ခု မတည့်တာကြောင့်မဟုတ်ဘဲ နဂိုကတည်းက ခန္ဓာကိုယ်က တုံ့ပြန်မှုလွန်ကဲတာကြောင့်ဖြစ်ပါတယ်။ အစားအသောက်နဲ့ ဓာတ်မတည့်မှုဖြစ်တဲ့အခါ ယားယံလာတာ၊ နီရဲပြီး ခန္ဓာကိုယ်မှာ အဖုအပိန့်တွေထွက်လာတာတွေဖြစ်တတ်ပြီး ပြင်းထန်တဲ့အခြေအနေတွေမှာတော့ အသက်ရှူရခက်ခဲလာတာ၊ သွေးပေါင်ချိန်အလွန်အမင်းကျဆင်းသွားတာ၊ လျင်လျင်မြန်မြန်မတုံ့ပြန်နိုင်ရင် အသက်ဆုံးရှုံးရတာတွေထိ ဖြစ်နိုင်ပါတယ်။ အစားအသောက်နဲ့ ဓာတ်မတည့်ဖြစ်တတ်တဲ့သူက သူဘယ်အစားအသောက်နဲ့ ဓာတ်မတည့်တတ်လဲဆိုတာကို သိထားပြီးရှောင်ကြဉ်သွားရပါတယ်။

    ဒီလောက်ဆိုရင်တော့ မတည့်တဲ့အစားအသောက်များဆိုတဲ့ ဘယ်သူရေးမှန်းမသိ၊ ဘယ်က ထုတ်နှုတ်ထားတာလဲဆိုတာမသိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းလိမ့်မယ်လို့ထင်ပါတယ်။ အင်တာနက်ပေါ်က သတင်းတွေ အချက်အလက်တွေကို တွေ့တဲ့အခါမှာ ဒီအတိုင်းလက်ခံယုံကြည်လိုက်မယ့်အစား ကိုယ်တိုင်စဉ်းစားဆင်ခြင်သုံးသပ်ပြီးမှ လက်ခံသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement