backup og meta

Diet မပါပဲ ဝိတ်ချကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 19/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Diet မပါပဲ ဝိတ်ချကြမယ်

    Diet လုပ်တာကို “ရှုံးဖို့များတဲ့ဂိမ်း” လို့ တင်စားကြတယ်။ ဆာလောင်မှုဝေဒနာကို တွန်းလှန်ပြီး Diet လုပ်ဖို့ ကြိုးပမ်းကြတဲ့ လူ ၁၀ ယောက်မှာ ၉ ယောက်က မအောင်မြင်တတ်ကြတာမို့ပါ။

    ကိုယ်အလေးချိန်ချဖို့ စပြီးစဉ်းစားသူတိုင်းက အစားအသောက်ကို ခြိုးခြံစိစစ်ပြီး Diet ဖို့ အရင်ဆုံး စဉ်းစားတတ်ကြတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ထက် အစာလျော့ဖို့က ပိုလွယ်မယ်လို့ ထင်ကြတာကြောင့်ပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ တက်တက်စင်အောင် လွဲတာပါပဲ။

    ဒီတော့ တချို့တွေက Diet မလုပ်ရင် ဝိတ်ချလို့ မရတော့ဘူးလားလို့ တွေးရင်း စိတ်ဓာတ်ကျလာကြတယ်။ ဒါမှမဟုတ်လဲ Diet မလုပ်ပဲ ဝိတ်ချနိုင်တဲ့ နည်းလမ်းများရှိနေမလားလို့ မျှော်လင့်မိလာကြမယ်ထင်ပါတယ်။

    Diet မပါပဲ ဝိတ်ချလို့ရလား

    Diet လုပ်တာဟာ ကိုယ်အလေးချိန်လျှော့ချမှုလုပ်ငန်းစဉ်မှာ အဓိက ကျတဲ့ လုပ်ဆောင်ချက်တစ်ခုလို့ လူအတော်များများက မှတ်ယူထားကြပါတယ်။ ဒါက လုံးဝဥဿုံမှန်ကန်တဲ့ အယူအဆတစ်ခုတော့မဟုတ်ပါဘူး။ တချို့တွေက Diet ကို အောင်အောင်မြင်မြင်လုပ်နိုင်ကြပေမယ့် ကိုယ်အလေးချိန်မကျကြပါဘူး။

    သိပ္ပံနည်းကျ လေ့လာချက်တွေအရလည်း အလွန်အမင်း Diet လုပ်တာမျိုးက ကိုယ်အလေးချိန် လျော့ကျရင်တောင်မှ ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်စေတယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့်တော့ Ketogenic Diet လိုနည်းလမ်းတွေဟာ ကျန်းမာရေးပြဿနာတွေ ခံစားလာရစေနိုင်တယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။

    တစ်ဖက်မှာလည်း Diet မပါဝင်တဲ့ ကိုယ်အလေးချိန် လျှော့ချမှုနည်းလမ်းတွေ ဖော်ထုတ်လာကြပါတယ်။ ပိုပြီး ကျန်းမာရေးနဲ့ ကိုက်ညီပြီး အာဟာရဓာတ်လည်း ပြည့်ဝစွာရရှိနိုင်မယ့် နည်းလမ်းမျိုးတွေပေါ့။

    ဒီဆောင်းပါးမှာတော့ Diet မလုပ်ပဲ ကိုယ်အလေးချိန်ကို ဘေးကင်းရန်ကွာ လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

    • နေ့စဉ် အချိန်မှန် မနက်စာ ဝဝလင်လင်စားပါ 

    ဝိတ်ချပါမယ်ဆိုမှ အစားတွေစားခိုင်းနေပြန်ပြီလို့ တွေးချင်တွေးကြပါလိမ့်မယ်။ ဝိတ်ချတဲ့လူအတော်များများဟာ တစ်နေကုန် အစာကို ပြည့်ဝစွာမစားတာကြောင့် ညအချိန်မှာ ဗိုက်အလွန်အမင်းဆာပြီး မခံနိုင်တဲ့အဆုံး အစားစားမိသွားပြီး ကိုယ်အလေးချိန်လည်းမကျ တစ်နေကုန် ပင်ပန်းထားတာတွေလည်း အလဟသဖြစ်တာမျိုး မကြာခနကြုံရတတ်ပါတယ်။ ဒီလိုပြဿနာမဖြစ်ဖို့ဆိုရင် မနက်ဘက်မှာ မနက်စာကို မှန်ကန်သင့်လျော်စွာ စားထားဖို့ လိုအပ်ပါတယ်။ တကယ်တော့ မနက်စာကို ပြည့်ပြည့်ဝဝစားသောက်ထားမယ်ဆိုရင် တစ်နေကုန် စားသောက်ချိန် မှန်နေမှာဖြစ်ပြီး တစ်နေ့တာလိုအပ်တဲ့ ခွန်အားကိုလည်း ပြည့်ပြည့်ဝဝရနေမှာဖြစ်သလို ကိုယ်အလေးချိန် လျှော့ချမှုလုပ်ငန်းစဉ်ကို ထိရောက်စေမှာဖြစ်ပါတယ်။

    • ညဘက်ရောက်ရင် ယောင်လို့တောင် ထမင်းစားခန်းဆီ မဝင်မိပါစေနဲ့ 

    ညစာမစားတာဟာ ကိုယ်အလေးချိန် လျှော့ချမှုအတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ညအချိန်မှာ Heavy Food တွေမစားပဲ အသီးအနှံစားတာမျိုး၊ သဘာဝဖျော်ရည်တွေ သောက်တာမျိုးလောက်ပဲ လုပ်သင့်ပါတယ်။ မနက်ပိုင်းမှာ အချိန်မှန် အစားစားပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်ထားမယ်ဆိုရင် ညအချိန်မှာ ဗိုက်ဆာရင်တောင်မှ ဆိုးဆိုးရွားရွားကြုံရဖို့ မရှိနိုင်ပါဘူး။ အကျင့်ရသွားရင် နေနိုင်သွားပါလိမ့်မယ်။

    အချိုရည်တွေ၊ သစ်သီးဖျော်ရည်တွေနဲ့ အဖျော်ယမကာတွေ မှီဝဲရာမှာ ကယ်လိုရီပမာဏကို ကြိုတင်လေ့လာပြီးမှ မှီဝဲဖို့လိုအပ်ပါတယ်။ တစ်နေ့တာလုံးမှာ ရေ၊ အချဉ်ဓာတ်ပါတဲ့ sparkling water ၊ အဆီဓာတ်လျှော့ချထားတဲ့ နွားနို့၊ သဘာဝသစ်သီးဖျော်ရည်စတာမျိုးတွေကို အဓိက သောက်သုံးသင့်ပါတယ်။ အဓိက သောက်သုံးသင့်တာကတော့ ရေဖြစ်ပါတယ်။ ယမကာမှီဝဲတတ်သူဆိုရင်တော့ ကော့တေးလ် ဒါမှမဟုတ် ဝိုင်ကို တစ်နေ့ကို ၁ ခွက် ဒါမှမဟုတ် ၂ ခွက် လောက် မှီဝဲလို့ရပါတယ်။ အပြင်းစားအရက်တွေကိုတော့ တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

    • အစားအသောက် စားသောက်မှုပုံစံကို ပြင်ဆင်ပါ 

    ကိုယ်နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကို ပြန်ပြီး သုံးသပ်ရပါမယ်။ အသားတွေ အရမ်းများနေပြီလား၊ ဒါမှမဟုတ် ကယ်လိုရီ အရမ်းများတဲ့ အစားအစာတွေကို ပိုစားမိနေပြီလားဆိုတာမျိုးပေါ့။ ကိုယ့်ရဲ့ နေ့စဉ်စားသောက်မှုမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသောက်ပေးဖို့ လိုအပ်သလို ဗီတာမင်၊ သက်စောင့်ဓာတ်တွေ၊ သတ္တုဓာတ်တွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း မျှတအောင် မှီဝဲရမှာဖြစ်ပါတယ်။

    • အစေ့အဆန်တွေလဲ စားပါ 

    အစေ့အဆန်တွေများများစားပြီး ကိတ်မုန့်၊ ပေါင်မုန့်၊ ထမင်း၊ ကွတ်ကီး၊ ခေါက်ဆွဲစတာတွေ စားသောက်မှုကို လျှော့ချကြည့်ပါ။ ဝိတ်ကျဖို့အတွက် အထောက်အကူ ဖြစ်စေတယ်ဆိုတာကို သိလာရပါလိမ့်မယ်။

    • ပတ်ဝန်းကျင်ကို ထိန်းညှိပြင်ဆင်ပါ 

    ဥပမာ စားသောက်ဆိုင်သွားတဲ့အခါမှာ Fast Food ဆိုင်တွေပဲ ခဏခဏသွားနေတာမျိုးထက် ကျန်းမာရေးနဲ့ ပိုကိုက်ညီတဲ့ သစ်သီးဆိုင်ကို ပိုသွားတာမျိုး၊ နေအိမ် ရေခဲသေတ္တာထဲမှာ အသားတွေ အများအပြားသိုမှီးထားတာမျိုးထက် သစ်သီးတွေ ပိုဖြည့်တင်းတာမျိုးပေါ့။ ပွဲလမ်းသဘင်တွေမှာ လမ်းဘေးစာစားတာတွေ၊ ပါတီတွေမှာ ကဲတာတွေလျှော့ပြီး နေအိမ်မှ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ ပိုစားကြည့်ပါ။ အစားမစားခင် ၁၅ မိနစ်လောက်ကြိုတင်ပြီး ရေဖန်ခွက်ကြီးကြီးနဲ့ တစ်ခွက်သောက်ပါ။

    • ပမာဏ နည်းနည်းနဲ့ ခဏခဏ စားပါ

    လူအများစုက အစားအသောက်စားရင် ဗိုက်အပြည့် အဝအပြဲစားရတာကို နှစ်သက်သဘောကျတတ်ကြပါတယ်။ ကိုယ်အလေးချိန် လျှော့ချချင်တယ်ဆိုရင် ပမာဏ နည်းနည်းနဲ့ အကြိမ်ကြိမ် ခွဲပြီး စားပေးတာက ဗိုက်လည်း ဝစေသလို ကိုယ့်ရဲ့ရည်မှန်းချက်ကိုလည်း ပိုပြီး ထိရောက်စေမှာပါ။ တခါတည်း အများကြီးစားတာနဲ့ နည်းနည်းချင်း ခဏခဏ ခွဲစားတာတို့အကြားက ရလဒ်က ဆန့်ကျင်ဘက်ဆိုတာကို သိနားလည်စေချင်ပါတယ်။

    • လမ်းများများလျှောက်ပါ 

    လူတိုင်း လေ့ကျင့်ခန်းလုပ်နိုင်ဖို့ မလွယ်ကူပါဘူး။ လမ်းလျှောက်ဖြစ်ဖို့ကတော့ ပိုလွယ်ကူပါတယ်။ တစ်နေ့ကို ခြေလှမ်း ၁၀၀၀၀ မဖြစ်မနေလျှောက်ပေးပါ။ ခြေလှမ်း ၁၀၀၀၀ ဟာ သာမန်လူတစ်ယောက်အတွက် ၅ မိုင်ပမာဏဖြစ်ပြီး ကယ်လိုရီ ၅၀၀ လောက် လောင်ကျွမ်းစေမှာဖြစ်ပါတယ်။ ၅ မိုင်ခရီးကို မဖြစ်မနေ လျှောက်ခိုင်းနေတာမဟုတ်ပါဘူး။ နေအိမ်ကနေ ကားဂိတ်၊ အိမ်ရှေ့ကနေ အိမ်နောက်၊ လမ်းထိပ်လက်ဖက်ရည်ဆိုင်ထွက်ထိုင်တာ အားလုံးပါဝင်ပါတယ်။ စိတ်ဆန္ဒရှိလို့ မနက်ခင်းစောစောဖြစ်ဖြစ်၊ ညနေခင်းဖြစ်ဖြစ် အချိန်သီးသန့်ပေးပြီး လျှောက်နိုင်ရင်တော့ ပိုကောင်းပါတယ်။

  • ပရိုတိန်းပါတဲ့ အစားအစာတွေ ရွေးချယ်စားပါ 

  • အစားအစာပဲဖြစ်ဖြစ် သွားရည်စာပဲဖြစ်ဖြစ် ဘယ်လိုအစာမျိုးကို စားစား ပရိုတိန်းဓာတ်ပါတာကို စနစ်တကျရွေးချယ်စားပေးပါ။ low-fat protein အစားအစာတွေကို ဆောင်ထားပြီး စားပေးရင် ပိုကောင်းပါတယ်။ ပရိုတိန်းဓာတ်ဟာ ဗိုက်ဝစေတယ်ဆိုတဲ့ ခံစားချက်ကို ရစေနိုင်တာကြောင့်ဖြစ်ပြီး ခနခန ဗိုက်ဆာတာမျိုးကို ရှောင်လွှဲနိုင်စေပါလိမ့်မယ်။

    • ပေါ့ပေါ့ပါးပါးကနေ စပြောင်းပါ 

    ကိုယ်အလေးချိန် လျှော့ချသူတိုင်းဟာ အစမှာ ပြင်းပြင်းထန်ထန်လုပ်ကြပြီး ကြာတော့ ပျင်းလာတာ၊ မမှန်တာတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဖြေးဖြေးနဲ့ မှန်မှန်ပြောင်းလဲယူပါ။ ဥပမာ အာလူးချောင်းကြော်ကြိုက်သူတစ်ယောက်က လုံးဝ အာလူးကို ရှောင်လိုက်တာမျိုးထက် အာလူးကင်ပြောင်းစားတာမျိုး၊ ကော်ဖီကြိုက်သူတစ်ယောက်က ကော်ဖီမသောက်တော့တာထက် ခရင်မ်မထည့်တော့တာ သကြားလျှော့တာမျိုး၊ ဆန်းဒွစ်ချ်ကြိုက်တဲ့လူတစ်ယောက်ဆိုရင်လည်း အထဲမှာ Cheese မထည့်ပဲ စားတာလိုမျိုး ခပ်သေးသေးတွေကနေစတင်နိုင်ပါတယ်။

    အပေါ်ကနည်းလမ်းတွေမှာ အစားတွေမစားဖို့ ရှောင်ဖို့၊ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ဖို့ မတိုက်တွန်းထားပါဘူး။ ကိုယ်အလေးချိန်လျှော့ချမှုမှာ အဓိက အကျဆုံးက ကိုယ်တိုင်ဖြစ်ပြီးတော့ မှန်ကန်သင့်လျော်တဲ့ နည်းလမ်းတွေကို ရေရှည်ရည်မှန်းချက်ထားပြီး လုပ်ဆောင်သွားရင် ကိုယ်အလေးချိန်လျော့ကျနိုင်တယ်ဆိုတာကို အသိပေးထားတာဖြစ်ပါတယ်။

    ခုဖော်ပြပေးခဲ့တဲ့ နည်းလမ်းကောင်းတွေကို အသုံးချပြီး မိမိမျှော်မှန်းထားတဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်တဲ့အထိ ကြိုးစားကြည့်ကြပါဦးနော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 19/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement