စိတ်ညစ်စရာရှိ အစားအသောက်နဲ့ဖြေပါ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဘဝရဲ့အတက်အကျ အနိမ့်အမြင့်တွေကြား ရှေ့ဆက်ရတဲ့လမ်းမှာ ကျော်ဖြတ်ရခက်ခဲတဲ့အခြေအနေမျိုး ကျွန်မတို့အားလုံး တစ်ကြိမ်မကကြုံဖူးမှာပါ။ စိတ်ဖိစီးမှုတွေနဲ့ကြာလာရင် အကြောင်းရင်းမည်မည်ရရတောင်မရှိဘဲ ဘာညစ်မှန်းမသိ စိတ်ညစ်နေတာ၊ စိတ်ဓါတ်ကျနေတာ၊ ဘာလုပ်လုပ်မအောင်မြင်နိုင်ပါဘူးထင်နေတာ၊ အဆိုးမြင်လာတာတွေ ဖြစ်တတ်ပါတယ်။

စိတ်ညစ်နေတဲ့ရက်တွေ ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စိတ်ဓါတ်ခွန်အားပေးတဲ့ စာတွေ၊ နည်းလမ်းတွေနဲ့ အကြံပေးကြတာများပါတယ်။ ဒါပေမယ့် အစားအသောက်ကလည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်တယ်ဆိုတာ သိထားပြီးပြီလား။ စိတ်တွေညစ်နေ၊ စိတ်ဓါတ်တွေကျနေတဲ့အခါ ဒါလေးတွေစားပြီးဖြေကြည့်ပါလို့ ။

၁) အဆီများတဲ့ ပင်လယ်ငါး

အိုမီဂါသရီး အဆီအက်စစ်ချို့တဲ့နေတဲ့သူတွေဟာ စိတ်ကျဝေဒနာခံစားရနိင်ခြေပိုများတယ်လို့ လေ့လာမှုအရသိရပါတယ်။ ဆော်လမွန်ငါး၊ မက်ကရယ်ငါးနဲ့ ဆာဒင်းတို့ကို ပုံမှန်စားသုံးရင် ဦးနှောက်ကျန်းမာစေပြီး စိတ်ကြည်လန်းဆန်းစေနိင်ပါလိမ့်မယ်။

၂) အုတ်ဂျုံ

အုတ်ဂျုံဟာ glycaemic index (GI) နည်းပါးတဲ့အတွက် သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပြီး စိတ်ကိုတည်ငြိမ်စေတဲ့ ဆေးပဲဖြစ်ပါတယ်။ ကွေကာကြမ်းကို ပျားရည်၊ အစေ့အဆံတွေထည့်ပြီး မနက်စာအဖြစ်စားပေးလို့လည်းရပါတယ်။

၃) ငှက်ပျောသီး

ငှက်ပျောသီးမှာပါတဲ့ အမိုင်နိုအက်စစ် tryptophan၊ ဗီတာမင် အေ၊ ဘီဆစ်နဲ့ စီ၊ အမျှင်ဓါတ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်စ်၊ သံဓါတ်နဲ့ ကာဗိုဟိုက်ဒရိတ်တို့ကြောင့် အိပ်မပျော်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊စိုးရိမ်ပူပန်နေခြင်းတို့လို ရောဂါဝေဒနာတွေအတွက် ဆေးဖက်ဝင်ပါတယ်။ မနက်စာစားပြီးနောက်ပိုင်း ငှက်ပျောသီးအနေတော်တစ်လုံးစားပေးနိုင်ပါတယ်။

၄) ပဲနီလေး

ပဲနီလေးမှာလည်း ငှက်ပျောသီးလိုပဲ ကာဗိုဟိုက်ဒရိတ်ပေါင်းစု ပါဝင်တာကြောင့် ဦးနှောက်ရဲ့ ပျော်ရွှင်စေတဲ့အာရုံကြောဆဲလ် serotonin ထုတ်လုပ်မှုပိုများစေပါတယ်။ စိတ်ပေါ့ပါးစေပြီး စိုးရိမ်စိတ်တွေ လျော့ပါးစေနိုင်ပါတယ်။ folate ဓါတ်ကြွယ်ဝလို့ စိတ်ကျရောဂါဖြစ်နိုင်ခြေပိုနည်းစေပါတယ်။ သံဓါတ်ကြောင့်လည်းခွန်အားပြည့်ဝစေနိုင်တာဖြစ် ပါတယ်။

၅) ကြက်ရင်ပုံသား

serotonin ထုတ်လုပ်နိုင်ဖို့ ခန္ဓါကိုယ်က အသုံးပြုရတဲ့အမိုင်နိုအက်စစ် tryptophan တွေကို ကြက်ရင်ပုံသားကနေ များများရနိုင်ပါတယ်။ အိပ်စက်မှုမှန်ကန်စေဖို့ ထိန်းညှိပေးတဲ့ melatonin ဟော်မုန်းထုတ်လုပ်မှုကိုလည်း အထောက်အကူပေးပါတယ်။

၆) ဟင်းနုနွယ်

ဗီတာမင် ဘီ ချို့တဲ့သူတွေမှာ စိတ်ကျရောဂါဖြစ်နိုင်ခြေပိုများတယ်လို့ သိရပါတယ်။ ဟင်းနုနွယ် သို့မဟုတ် ပန်းဂေါ်ဖီစိမ်းလို အစိမ်းရောင်အသီးအရွက်တွေစားပေးနိုင်ပါတယ်။

၇) ရေ

ရေရဲ့လုပ်ဆောင်ချက်က အရမ်းကိုအရေးပါပါတယ်။ ရေဓါတ်ဆုံးရှုံးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်ယိုယွင်းလာစေနိုင်ပါတယ်။ ရေဓါတ်မလုံလောက်တဲ့အခါ လူရဲ့အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

၈) ချောကလက်

ချောကလက် ဘာကြောင့်ကြိုက်ကြလဲဆိုတာ သည်အကြောင်းရင်းကြောင့်လဲပါဝင်ပါတယ်။ ချောကလက်လေးတစ်ကိုက်နဲ့တင် စိတ်တည်ငြိမ်စေ၊ စိတ်ပျော်ရွှင်စေတဲ့ endorphins နဲ့ serotonin ဦးနှောက်တွင်း ထုတ်လုပ်မှုကို တိုးစေပါတယ်။ ချောကလက်ကြိုက်သူတွေမှာ စိတ်ဖိစီးမှုဟော်မုန်းတွေပိုနည်းပြီး စိုးရိမ်ပူပန်စိတ်တွေနည်းပါးတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

ရှောင်သင့်တဲ့ အစားအသောက်တွေကတော့ –

ကဖင်းဓါတ်

ကော်ဖီကြောင့် ခေါင်းကြည်တာက အစပိုင်းပါပဲ။ စိတ်ညစ်တယ်ဆိုပြီး အတွေးတွေများပြီး ကော်ဖီတွေထိုင်ထိုင်သောက်တာများလာရင် ကဖင်းဓါတ်လွန်ကဲမှုကြောင့် ရေဓါတ်ဆုံးရှုံးရပြီး စိတ်မကြည်တာ၊ ခေါင်းကိုက်တာတွေဖြစ်စေနိုင်ပါတယ်။

သကြား

စိတ်တွေရှုပ်တယ်၊ ဦးနှောက်က အချိုစားဖို့တောင့်တနေပြီဆိုပြီး အချိုတွေချည်း လှိမ့်မစားပါနဲ့။ အချိုက ခဏတာပဲ ရုတ်တရက် ခွန်အားတိုးသလိုဖြစ်စေနိုင်လို့ နည်းနည်းကြာရင် စိတ်ဓါတ်ပြန်ကျ၊ ပြန်စားသောက် နဲ့ပဲ သံသရာလည်နေမှာပဲ။

အရက်

စိတ်ညစ်လို့အရက်သောက်တယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲကောင်းပါတယ်။ အပြင်မှာတော့ အရက်သောက်တာ စိတ်ညစ်စရာတွေကို ခဏမေ့ပျောက်ပျော်ရွှင်စေပေမယ့် များလာရင် နောက်တစ်နေ့မှာ စိတ်ဆိုးဒေါသဖြစ်လွယ်၊ စိတ်အတက်အကျသိပ်မြန်ပြီး စိတ်ပူပန်မှုတွေ ခံစားနေရနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဧပြီ 22, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။