backup og meta

အသားအရေနဲ့ကျန်းမာရေး ကောင်းမွန်စေဖို့ မုန်လာဥနီစားကြစို့


Eaindray Kha မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေနဲ့ကျန်းမာရေး ကောင်းမွန်စေဖို့ မုန်လာဥနီစားကြစို့

    မုန်လာဥနီကို အသီးအနှံတွေထဲ ရောပြီး အစိမ်းကြော်ပုံစံ၊ အသုပ်ပုံစံလည်း စားကြသလို အစိမ်းစားတဲ့သူတွေလည်း ရှိပါတယ်။ အရသာ ချိုဆိမ့်ဆိမ့်လေးနဲ့ ကြွပ်ကြွပ်လေးဖြစ်လှတဲ့ မုန်လာဥနီကို ကြိုက်တဲ့သူလည်း များပါတယ်။ ဒီလို လူကြိုက်များတဲ့ မုန်လာဥနီက မျက်စိကျန်းမာရေးတင် မဟုတ်ဘဲ အသားအရေနဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ပါ စွမ်းဆောင်နိုင်ပါတယ်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်ပါဦးနော်။

    မုန်လာဥနီမှာ ပါဝင်တဲ့ အာဟာရဓါတ်များ

    မုန်လာဥနီမှာ အမျှင်ဓါတ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်၊ သံဓါတ်၊ ကော့ပါးနဲ့ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။

    ခန္ဓါကိုယ်ထဲမှာ မကောင်းတဲ့ ကိုလက်စထရော များနေခြင်းဟာ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။ မုန်လာဥနီ ပုံမှန်စားသုံးခြင်းဟာ ကိုလက်စထရောကို ကျဆင်းစေတာကြောင့် နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ဆွီဒင်နိုင်ငံက သုတေသီတွေကလည်း နှလုံးကျန်းမာရေးကို သက်သာစေတဲ့ အသီးအရွက်တွေထဲမှာ မုန်လာဥနီက ထိပ်ဆုံးက ပါဝင်ကြောင်း ဆိုထားပါတယ်။

    မုန်လာဥနီမှာ ပိုတက်စီယမ် များများစားစား ပါဝင်ခြင်းဟာ သွေးပြန်ကြောနဲ့ သွေးလွှတ်ကြော တင်းမာမှုတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို အားကောင်းစေတဲ့အပြင် ခန္ဓါကိုယ်တလျောက် သွေးစီးဆင်းမှုကိုလည်း တိုးတက်စေပါတယ်။ ဒီလိုမျိုး သွေးလည်ပတ်မှု ကောင်းမွန်တာကြောင့် ရုတ်တရက် လေဖြန်းတာနဲ့ လေဖြတ်တာတွေ မဖြစ်စေနိုင်ပါဘူး။

    ခန္ဓါကိုယ် ကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်စေချင်တယ်ဆိုရင်တော့ မုန်လာဥနီ များများ စားဖို့ အကြံပြုပါရစေ။ မုန်လာဥနီမှာ ဘက်တီးရီးယားတွေကို ခုခံတွန်းလှန်ဓါတ်တွေ ပါဝင်တာကြောင့် ကိုယ်ခံအား မြင့်စေတာပါ။ ဒါဟာ ဗီတာမင် စီလိုပဲ ဖျားနာတာတွေ မဖြစ်ဖို့ အထောက်အကူပြုပါတယ်။ သွေးဖြူဥဆဲလ်တွေကို လှုံ့ဆော်ပေးတာကြောင့် ခန္ဓါကိုယ် ကိုယ်ခံအား တက်စေတာပါ။

    မုန်လာဥနီ စားသုံးခြင်းဟာ အစာခြေစနစ်ကိုလည်း ကောင်းစေပါတယ်။ ဘာလို့လဲဆိုတော့ အစာခြေလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာအတွက် အထူးလိုအပ်တဲ့ အမျှင်ဓါတ်တွေ ရှိနေတာကြောင့်ပါ။ ဝမ်းချုပ်ခြင်းလို ပြဿနာတွေကိုလည်း နည်းစေတာမို့ ပုံမှန်စားသုံးပေးမယ်ဆိုရင် အူမကြီးကို ထိခိုက်စေတဲ့ ရောဂါတွေပါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    မုန်လာဥနီလေး စားသုံးပေးတာဟာ ကင်ဆာရောဂါတွေ လျော့ကျစေဖို့လည်း ကူညီပေးပါတယ်။ အထူးသဖြင့်တော့ အဆုတ်ကင်ဆာကို လျော့ကျစေတာပါ။ နေ့တိုင်း ပုံမှန် မုန်လာဥနီ စားပေးမယ်ဆိုရင် ကင်ဆာရောဂါ (၄၀%) လောက် လျှော့ကျစေနိုင်ပါတယ်။

    မုန်လာဥနီမှာ ဗီတာမင် စီ ပါဝင်တာကြောင့် အသားအရေ ကြည်လင်တောက်ပစေပါတယ်။ Mask အဖြစ်လည်း မျက်နှာမှာ ကပ်တာမျိုး လုပ်နိုင်ပါတယ်။ မုန်လာဥနီမှာ ဗီတာမင် အေလည်း ပါဝင်ပြီးတော့ အရေပြားပေါ်မှာ ပျက်စီးသွားတဲ့ တစ်ရှူးတွေ ပြန်လည် ဖြစ်တည်လာဖို့ အထောက်အကူ ပြုပါတယ်။ နောက်တစ်ခုကတော့ နေရောင်ခြည် အထိလွန်တာကြောင့် ဖြစ်တတ်တဲ့ အသားအရေ ပြဿနာတွေကိုလည်း လျော့ချပေးတာပါ။ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာကြောင့် အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်တာတွေ မဖြစ်စေဖို့လည်း အထောက်အကူ ပြုပါတယ်။

    အသားအရေခြောက်သွေ့တာကြောင့် မုန်လာဥနီနဲ့ ပေါင်းတင်ချင်တယ်ဆိုရင်တော့-

    မုန်လာဥနီကို လက်ဖက်စားဇွန်း နှစ်ဇွန်းစာလောက်ရလောက် ကြိတ်ချေလိုက်ပါ။ ပြီးရင် ပျားရည်၊ နွားနို့ ဒါမှမဟုတ် သံလွင်ဆီ တစ်စက် နှစ်စက်လောက်နဲ့ ရောပါ။ နောက်တော့မျက်နှာမှာ လိမ်းထားလိုက်ပါ။ ခြောက်သွားမှ ရေအေးနဲ့ မျက်နှာသစ်ပါ။ ပုံမှန်လေး ပြုလုပ်ပေးရင် စိုပြေတဲ့ အသားအရေလေး ရရှိမှာပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Eaindray Kha မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement