backup og meta

ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်ဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 28/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်ဖို့

    နေမကောင်း ခဏခဏ ဖြစ်နေရတာကို စိတ်ညစ်နေပြီလား။ ကျန်းမာရေးဆိုတာ အဖိုးမဖြတ်နိုင်တဲ့ အရာပါ။ လူတစ်ယောက်မှာ ကျန်းမာမှ အရာရာကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အမြဲ ကျန်းမာအောင် နေနိုင်မယ့် အကောင်းဆုံးသော နည်းလမ်းကတော့ မဖျားအောင် ကြိုတင်ကာကွယ်တာပါ။ ကိုယ်ခံအား ကောင်းနေစေဖို့က ကိုယ်တိုင် လုပ်ဆောင်လို့ ရတဲ့ အရာ တစ်ခုပါ။ ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်ဖို့ ဒါလေးတွေကို လိုက်နာပေးပါ။

    ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်ဖို့

    ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်ဖို့ နေ့စဉ် လုပ်နေကျ အလေ့အထတွေ ထဲက အချို့ကို ဂရုစိုက် ပြင်ဆင်ဖို့ လိုအပ်မှာပါ။ ဂရုစိုက်ပြင်ဆင်ရမယ့် အလေ့အထတွေက –

    (၁) အာဟာရ ပြည့်ဝအောင် စားသုံးပါ

    နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ဖို့ လိုပါတယ်။ ဘလူးဘယ်ရီလိုမျိုး အသီးအနှံတွေက ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။ သုတေသန ပြုမှုတွေအရ ဒိန်ချဉ်၊ ကန်စွန်းဥ၊ ကီဝီ၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ လိမ္မော်သီး၊ ကြက်သွန်ဖြူ၊ ဟင်းနုနွယ် တို့လိုမျိုး အစားအစာတွေက ကိုယ်ခံအား စနစ်ကိုကောင်းမွန်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

    အဆီများတဲ့ အစားအစာတွေနဲ့ အချိုဓါတ် ပါဝင်မှု များတဲ့ အစားအစာတွေကတော့ ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။

    (၂) ရေဓာတ် ပြည့်ဝအောင် နေပါ

    ဆရာဝန်တွေ ကတော့ လူတစ်ယောက် အနေနဲ့ ချွေးထွက်တဲ့ပေါ် မူတည်ပြီး တစ်နေ့ကိုရေ ၁၀ ခွက်ကနေ ၁၂ ခွက်အထိ သောက်ဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။ ဒီအချက်က အံ့သြစရာတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းက ရေဓာတ်ပါ။

    ရေဓာတ် ပြည့်ဝနေတဲ့အခါ ခံတွင်းနဲ့ နှာခေါင်းတွင်းက ချွဲအမြှေးပါးတွေမှာ အစိုဓာတ်ပြည့်ဝနေတာကြောင့် ဗိုင်းရပ်စ်တွေကို အပြည့်အဝတိုက်ဖျက်နိုင်သလို ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အခြားအရာတွေကိုလည်းတိုက်ထုတ်ပေးနိုင်ပါတယ်။ ရေက ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားနိုင်တာကြောင့် သွေးထဲမှာ အောက်ဆီဂျင်ဓာတ်ပိုရရှိစေပြီး ရေရှည်မှာ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။

    (၃) အိပ်ချိန်ပြည့်ဝဖို့လိုပါတယ်

    အိပ်ရေးပျက်တာက ခန္ဓာကိုယ်ကို ဖျားနာစေတဲ့အဓိကအကြောင်းအရင်းပါ။ ညဘက်အိပ်ချိန်အပြည့်အဝရရှိမှုက ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွနေစေပြီးရောဂါတွေကို ခုခံနိုင်စွမ်းရှိစေပါတယ်။

    ဒါတင်မကပါဘူး။ ဖျားနာနေတဲ့အခါမှာလည်း အိပ်ရေးဝဝအိမ်မယ်ဆိုရင်မြန်မြန်သက်သာလာမှာဖြစ်ပါတယ်။

    (၄)လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

    နေကောင်းဖို့အတွက် လေ့ကျင့်ခန်းလုပ်ပါဆိုတဲ့နေရာမှာနေ့တိုင်း GYM သွားခိုင်းတာမဟုတ်သလို သင့်ကို မာရသွန်အပြေးသမားလုပ်ခိုင်းနေတာလည်း မဟုတ်ပါဘူး။ ကိုယ်ခံအားကောင်းစေဖို့အတွက် လေ့ကျင့်ခန်းအသင့်အတင့်လုပ်ခိုင်းတာပါ။

    တစ်နေ့ကို မိနစ် ၂၀လောက် ပုံမှန်လမ်းလျှောက်ပေးပါ။ နေ့စဉ်ပုံမှန် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေ လုပ်ပေးတာက သွေးလည်ပတ်မှုကို တိုးတက်စေပြီး ကိုယ်ခံအားကို ကောင်းမွန်စေနိုင်သလို ကြွက်သားတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

    (၅) ဆေးလိပ်ဖြတ်ပါ

    ကျန်းမာတဲ့ ကိုယ်ခံအားကို ပိုင်ဆိုင်နိုင်စေဖို့အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဆေးလိပ်သောက်တဲ့အကျင့်ကို ဖျောက်ပစ်ဖို့ လိုပါတယ်။ ကိုယ်တိုင်ဆေးလိပ်သောက်တာတင် မဟုတ်ပါဘူး။ တဆင့်ခံဆေးလိပ်ငွေ့တွေကို ရှူရှိုက်တာကပါ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဆေးလိပ်ဖြတ်လိုက်တာ  အကောင်းဆုံးပါ။ ဆေးလိပ်သောက်တာက ကိုယ်ခံအားကို ထိခိုက်စေပါတယ်။

    (၆) ကဖင်းတွေ အရက်တွေလျှော့သောက်ပါ

    ကဖင်းနဲ့ အယ်လ်ကိုဟောပမာဏတွေက နည်းတဲ့အခါ ပြဿနာ သိပ်မရှိပေမယ့် အများကြီးဖြစ်လာမယ်ဆိုရင်တော့ ကိုယ်ခံအားကို ထိခိုက်လာနိုင်ပါတယ်။ အရက်တွေ ကဖင်းတွေ မပါဝင်စေဘဲ ကျန်းမာတဲ့ ကိုယ်ခံအားကို ပိုင်ဆိုင်နိုင်ဖို့အတွက် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ။ စိတ်ညစ်တဲ့အခါ အရက်သောက်တာမျိုးမလုပ်ဘဲ အိပ်ပစ်လိုက်ပါ။

    (၇) လိုအပ်ရင် ဗီတာမင် အားဖြည့်ဆေးတွေ သောက်သုံးပေးပါ

    သဘာဝ အစားအစာတွေကနေရတဲ့ အာဟာရက အကောင်းဆုံးပါ။ တကယ်လို့ အစားအသောက်တွေကနေ ဗီတာမင်တွေ သတ္တုဓာတ်တွေကို ပြည့်ပြည့်ဝဝ မရနိုင်ဘူး ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဗီတာမင် အားဖြည့်ဆေးတွေ သောက်သုံးပေးလို့ရပါတယ်။

    ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်တွေပြည့်ဝနေတဲ့အခါ ကိုယ်ခံအားစနစ်ကကောင်းမွန်ပြီး အမြဲကျန်းမာလန်းဆန်းနေမှာပါ။

    # ကိုယ်ခံအားကောင်းအောင် ဒါလေးတွေ ဂရုစိုက်ပေးပါ

    https://www.youtube.com/watch?v=ZqGEE4Osz6Q

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 28/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement