အိပ်မပျော်သူတွေအတွက် ဆေးတစ်ခွက်ဖြစ်မယ့် ချယ်ရီသီး

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အရောင်ရင့်စိုစိုနဲ့ ချယ်ရီသီး တွေကို မားကတ်တွေမှာ အမြဲလိုလိုတွေ့ရတာများပါတယ်။ ပြည်တွင်းမှာမရနိုင်ဘဲ သွင်းကုန်အသီးတစ်မျိုးဖြစ်တဲ့ ချယ်ရီသီးကို ဘာလို့ကြိုက်ကြ၊ စျေးကြီးပေးဝယ်ကြတာလဲ။ သူ့အရသာက အချိုလည်းမပြင်း၊ အချဉ်လည်းမပြင်း၊ အရမ်းလည်းမမွှေးဘဲ လူကြိုက်များတဲ့အကြောင်းရင်းက ဆိုးကျိုးသက်ရောက်မှုနည်းပြီး ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိနေလို့ပါပဲ။ ဆီးချိုသွေးတိုးနှလုံးရောဂါတို့လို နာတာရှည်ဝေဒနာရှင်တွေအတွက် အသုံးဝင်ဆုံးဓာတ်စာတစ်မျိုးပဲလေ။

ဒါဆိုရင် ချယ်ရီသီးက ဘယ်လိုအာနိသင်တွေရှိနေတာလဲ မသိချင်ဘူးလား။ လေ့လာမှုတွေအရတော့ ချယ်ရီသီးတစ်ပန်းကန်လုံးစာ(၂၁လုံးခန့်) စားရင် ကယ်လိုရီ ၁၀၀ တောင်မရှိသလို တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် စီရဲ့ ၁၅ ရာခိုင်နှုန်းကို ရရှိနိုင်ပါတယ်တဲ့။

ချယ်ရီသီး က –

အိပ်မပျော်ခြင်းကို ကုစားပေးတယ်

ချယ်ရီသီးတွေဟာ အိပ်စက်မှုစက်ဝန်းကို ထိန်းချုပ်ပေးနိုင်တဲ့ မယ်လာတိုနင်ဟော်မုန်းကို ရရှိနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒီဟော်မုန်းရရှိနိုင်တဲ့ အစားအစာအရင်းအမြစ်က နည်းနည်းတော့ ရှားတယ်လေ။ သုတေသနရလဒ်မှာဆိုရင် ချယ်ရီသီးဖျော်ရည်ကို မနက်တစ်ကြိမ်၊ ညခါနီး တစ်နာရီအလိုလောက်မှာ တစ်ကြိမ် သောက်ရင် တစ်နာရီခွဲလောက် ပိုအိပ်ပျော်စေနိုင်တယ်လို့ တွေ့ရပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အပြည့်ပါတယ်

ချယ်ရီသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ဒြပ်ပေါင်းတွေပါဝင်တယ်။ သူတို့ရဲ့အာနိသင်က အိုမင်းရင့်ရော်မှုကို နှေးစေပြီး နှလုံးရောဂါ၊ ကင်ဆာ၊ အယ်လ်ဇိုင်းမားနဲ့  အဝလွန်ခြင်းတို့လို နာတာရှည်ရောဂါတွေကို ကာကွယ်တားဆီးပေးပါတယ်။

ဆီးချိုသွေးချိုကာကွယ်တယ်

ဓာတ်တိုးဆန့်ကျင်အာနိသင်တွေပါရှိတဲ့အပြင် တခြားအသီးတွေထက် အချိုဓာတ်နည်းပြီး glycemic index နည်းလို့ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ပူစရာမရှိပါဘူး။

အဆစ်နာ သက်သာစေတယ်

လေ့လာတွေ့ရှိချက်တွေအရ အရိုးအဆစ်နာဝေဒနာရှင်တွေအတွက် အချိန်အတိုင်းအတာတစ်ခုအထိ ချယ်ရီသီးဖျော်ရည်ပုံမှန်သောက်ရင် နာကျင်မှုသက်သာတယ်လို့ ဆိုပါတယ်။

ကိုလက်စထရောကို တားဆီးပေးတယ်

ချယ်ရီသီးက မကောင်းတဲ့ကိုလက်စထရောကို လျော့နည်းစေပြီး နှလုံးသွေးကြောကျဉ်းဖြစ်နိုင်ခြေကိုပါ လျော့နည်းစေပါတယ်။

ကြွက်သားနာကျင်ကိုက်ခဲမှုကို သက်သာစေတယ်

အားကစားလုပ်တာဖြစ်ဖြစ် လှုပ်ရှားမှုလုပ်ထားပြီးနောက်ပိုင်း ဖြစ်လာတဲ့ နာကျင်ကိုက်ခဲမှုတွေကို ချယ်ရီသီးက သက်သာစေနိုင်ပါတယ်။

နောက်ထပ်ကောင်းတဲ့အချက်တစ်ခုကတော့ ချယ်ရီသီးကို ဘယ်လိုပုံစံနဲ့သိမ်းဆည်း၊ ပြင်ဆင်၊ စားသောက်ပါစေ အာဟာရတန်ဖိုးလျော့မသွားတာပဲဖြစ်ပါတယ်။ အခြောက်ခံထားတာ၊ အေးခဲထားတာ၊ အမှုန့်၊ အသီးရည်၊ ဖျော်ရည် စတာတွေအကုန် စားလို့သောက်လို့ရပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 9, 2020 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 10, 2020

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။