backup og meta

အပင်လှလှ အာဟာရကြွယ်ကြွယ်နဲ့ နိုကိုဥစားကြမလား


Ye Zon Aung မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပင်လှလှ အာဟာရကြွယ်ကြွယ်နဲ့ နိုကိုဥစားကြမလား

    နိုကိုဥဟာ မြန်မာပြည်မှာ အရမ်းခေတ်မစားတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ဂေါ်ဖီထုပ်နွယ်ဝင် အပင်တစ်မျိုးဖြစ်ပြီးတော့ အအေးပိုတဲ့ဒေသတွေမှာ အဓိကစိုက်ပျိုးကြလေ့ရှိပါတယ်။ မြန်မာပြည်မှာတော့ ရှမ်းပြည်ဘက်မှာ အဓိက စိုက်ပျိုးပြီး မန္တလေးအပါအဝင် အထက်မြန်မာပြည်က ဒေသတစ်ချို့မှာတော့ ဆောင်းရာသီကာလတွေမှာ ပမာဏအနည်းငယ်ခန့် စိုက်ပျိုးတာမျိုးရှိပါတယ်။

    ဥရောပမျိုးရင်းအပင်တစ်မျိုးဖြစ်တဲ့ နိုကိုဥကို အနောက်နိုင်ငံတွေမှာသာမက အာရှနိုင်ငံတစ်ချို့မှာလည်း လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံတစ်ခုအဖြစ် ထင်ရှားပါတယ်။ များသောအားဖြင့် နိုကိုဥကို ချက်ပြုတ်စားကြသလို ကင်တာ၊ သုပ်တာ၊ ပြုတ်တာ၊ ပေါင်းတာနဲ့ အစိမ်းအတိုင်း စီမံစားတာတွေလည်း ပြုလုပ်ကြပါတယ်။

    နိုကိုဥဟာ အမည်မှာသာ ဥပါဝင်နေပေမယ့် တကယ်တမ်းတော့ ဥမျိုးနွယ်ဝင်မဟုတ်ပါဘူး။ ဂေါ်ဖီ၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီတို့နဲ့သာ မျိုးနွယ်ချင်းဆက်စပ်မှုရှိပါတယ်။ နိုကိုဥရဲ့ အင်္ဂလိပ်အခေါ်အဝေါ်က (Kohlrabi) ဖြစ်ပြီးတော့ German Turnip လို့လည်း လူသိများပါတယ်။ မြန်မာပြည်မှာတော့ ဗီတွတ်ဥ (Beetroot) ကို နိုကိုဥလို့ တစ်ခါတစ်ရံ မှားယွင်းခေါ်ဆိုကြလေ့ရှိပါတယ်။ နိုကိုဥရဲ့ အရသာက ဂေါ်ဖီနွယ်ဝင်အပင်တွေလို အရသာမျိုးဖြစ်ပြီး အတန်ငယ် ပိုချိုပါတယ်။

    အာဟာရဓာတ်ပါဝင်မှု

    နိုကိုဥဟာ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ နိုကိုဥမှာ ကယ်လိုရီ၊ ကာဘိုဟိုက်ဒြိတ်၊ ဖိုက်ဘာ၊ ပရိုတိန်း၊ ဗိုက်တာမင် C၊ ဗိုက်တာမင် B6၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မန်ဂနီးစ်နဲ့ ဖိုလိတ်တို့ပါဝင်ပါတယ်။ အထူးသဖြင့် ဗိုက်တာမင် C ကြွယ်ဝစွာပါဝင်ပြီး ၁၃၅ ဂရမ် အလေးချိန်ရှိတဲ့ နိုကိုဥတစ်လုံးဟာ လူတစ်ယောက်နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင် C ပမာဏရဲ့ ၉၃% နဲ့ ဖိုက်ဘာ ပမာဏ ၁၇% ကို ဖြည့်တင်းပေးနိုင်ပါတယ်။

    ဗိုက်တာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ထိခိုက်ဒါဏ်ရာတွေကို အကျက်မြန်စေတဲ့ အာနိသင်ရှိသလို၊ ကော်လာဂျင်တွေကိုလည်း ပေါင်းစပ်စုစည်းပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။ ဗိုက်တာမင် B6 ကြောင့် ပရိုတိန်း အစာခြေဖျက်မှုကို အားပေးသလို၊ သွေးနီဥထုတ်လုပ်မှုနဲ့ ခန္တာကိုယ်ရဲ့ ကိုယ်ခံအားစနစ်တွေကိုလည်း အထောက်အကူပြုမှာဖြစ်ပါတယ်။

    Antioxidants ပမာဏ မြင့်မားတယ်

    နိုကိုဥမှာ ဗိုက်တာမင် C အပြင် Anthocyanins၊ Isothiocyanates နဲ့ Glucosinolates တို့လိုမျိုး Antioxidants တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆိုပါ ကွန်ပေါင်းဟာ ခန္ဓာကိုယ်အတွင်းက ဆဲလ်စ်တွေကို Free Radical တွေကြောင့် ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ Antioxidants ကြွယ်ဝစွာပါဝင်နေတဲ့ အသီးအရွက်တွေရဲ့ ထုံးစံအတိုင်း ဆီးချိုရောဂါနဲ့ အစာခြေအင်္ဂါတွေနဲ့ စပ်ဆိုင်တဲ့ ရောဂါတွေဖြစ်နိုင်ချေကို လျှော့ချပေးနိုင်သလို အရွယ်မတိုင်ခင် သေဆုံးနိုင်ချေကိုလည်း တားဆီးပေးနိုင်ပါတယ်။ Isothiocyanates နဲ့ Glucosinolates တို့ပါဝင်နေတာမို့ ကင်ဆာ၊ နှလုံးရောဂါနဲ့ ရောင်ရမ်းနာတွေကိုလည်း မဖြစ်အောင် တားဆီးနိုင်ပါတယ်။

    အူ၊ အစာအိမ်တွေကို ပိုကျန်းမာမယ်

    နိုကိုဥမှာ ဖိုက်ဘာ (အမျှင်ဓာတ်) ကြွယ်ဝစွာပါဝင်နေပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ၁၃၅ ဂရမ်အရွယ်အစားလောက်ရှိတဲ့ နိုကိုဥတစ်လုံးဟာ လူတစ်ယောက်နေ့စဉ်လိုအပ်တဲ့ ဖိုက်ဘာ ပမာဏရဲ့ ၁၇% လောက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ပျော်ဝင်နိုင်တဲ့ ဖိုက်ဘာဓာတ်ရော၊ မပျော်ဝင်နိုင်တဲ့ ဖိုင်ဘာဓာတ်ပါ နှစ်မျိုးလုံးပါဝင်နေတာဖြစ်ပါတယ်။

    ပျော်ဝင်နိုင်တဲ့ ဖိုက်ဘာဓာတ်ဟာ သွေးတွင်းသကြားပမာဏနဲ့ ကိုလက်စထရောပမာဏကို ထိမ်းညှိပေးနိုင်ပါတယ်။ မပျော်ဝင်နိုင်တဲ့ ဖိုက်ဘာဓာတ်ကတော့ အူတွင်းနဲ့ မစင်စွန့်ထုတ်မှုလုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် ဖိုက်ဘာဓာတ်တွေဟာ အစာအိမ်အတွင်းက အစာချေဖျက်မှုနဲ့ သက်ဆိုင်တဲ့ ဘက်တီးရီးယားတွေအတွက် လောင်စာလည်းဖြစ်ပြီး အစာချေဖျက်တဲ့လုပ်ငန်းစဉ်ကို ပိုမိုချောမွေ့လွယ်ကူစေနိုင်ပါတယ်။

    နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးတယ်

    Glucosinolates နဲ့ Isothiocyanates တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် နိုကိုဥကပေးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေထဲမှာ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးတာလည်းပါဝင်နေပါတယ်။ Glucosinolate ဟာ နှလုံးသွေးကြောကျယ်တာနဲ့ ရောင်ရမ်းတာတွေကို လျှော့ချပေးနိုင်တာမို့ နှလုံးရောဂါကို ကာကွယ်ချင်သူတွေနဲ့ ရောဂါအခံရှိသူတွေအတွက် သင့်တော်ပါတယ်။ Isothiocyanates ကတော့ သွေးလွှတ်ကြောအတွင်းမှာ ပိတ်ဆို့မှုတွေနည်းပါးအောင် အားပေးပါတယ်။ တစ်နေ့ကို နိုကိုဥ ၁၀ ဂရမ်စားပေးရင် နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေကို ၁၃% လျှော့ချပေးနိုင်တယ်လို့ သုတေသနရလဒ်တွေကဆိုထားပါတယ်။

    ကိုယ်ခံအားစနစ်ကို ပံ့ပိုးပေးနိုင်တယ်

    နိုကိုဥမှာပါဝင်တဲ့ အာဟာရဓာတ်အတော်များများဟာ လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်တွေကို ပံ့ပိုးပေးနိုင်တဲ့ အာနိသင်ရှိကြပါတယ်။ အထူးသဖြင့် ဗိုက်တာမင် B6 ကြွယ်ဝစွာပါဝင်နေတာကြောင့် ပရိုတိန်း အစာခြေဖျက်မှုကို အားပေးသလို၊ သွေးနီဥထုတ်လုပ်မှုနဲ့ ခန္တာကိုယ်ရဲ့ ကိုယ်ခံအားစနစ်တွေကိုလည်း အထောက်အကူပြုမှာဖြစ်ပါတယ်။

    ကိုယ်အလေးချိန်လျှော့ချရာမှာလည်း အထောက်အကူပြုတယ်

    နိုကိုဥဟာ ခုလို အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေသလို ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်လည်း အထောက်အကူပြုပါတယ်။ နိုင်ငံတကာမှာတော့ ကိုယ်အလေးချိန်လျှော့ချသူတွေဟာ နိုကိုဥကို ခပ်ပါးပါးလှီးဖြတ်ပြီး သုတ်စားတာမျိုးပြုလုပ်ကြလေ့ရှိပါတယ်။ ဒါ့အပြင် စွပ်ပြုတ်လုပ်ပြီး စားတာမျိုးနဲ့ မီးကင်စားတာမျိုးတွေကလည်း ဝိတ်ချချင်သူတွေအတွက် သင့်တော်တဲ့နည်းလမ်းတွေဖြစ်ပါတယ်တဲ့။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement