backup og meta

အခန့်မသင့်လို့ မျက်လုံးထဲ တစ်ခုခုဝင်သွားတဲ့အခါ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အခန့်မသင့်လို့ မျက်လုံးထဲ တစ်ခုခုဝင်သွားတဲ့အခါ။ ။

    မျက်လုံးလောက် အရေးကြီးတဲ့ အရာဆိုတာ မရှိတော့လောက်အောင် မျက်လုံးကအရေးကြီးပါတယ်။ ကိုယ်နေထိုင်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်အလှအပကိုခံစားနိုင်ဖို့၊ အပန်းဖြေစရာ ရုပ်ရှင်တွေကြည့်ဖို့၊ ဂိမ်းတွေဆော့နိုင်ဖို့နဲ့ ကိုယ်ချစ်ခင်ရတဲ့သူတွေကို တစိမ့်စိမ့်ကြည့်နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့ မျက်ဝန်းတစ်စုံ ရှိမှဖြစ်တာပါ။ အိပ်ချိန်ကလွဲလို့ အပြင်လောကကြီးနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အရမ်းနုတဲ့ ကိုယ်ခန္ဓါအစိတ်အပိုင်းဆိုလည်း မျက်လုံးကိုပဲ ပြရပါလိမ့်မယ်။ နေ့ခင်းဆို တစ်ချိန်လုံးဖွင့်ထားရတဲ့ မျက်လုံးထဲကို ပြင်ပက ဘယ်ပစ္စည်းမဆို အခန့်မသင့်ရင် ဝင်သွားနိုင်ပါတယ်။ ။

    မျက်လုံးထဲကို ဘာတွေက အများဆုံးဝင်တတ်လဲ။ ။

    မျက်လုံးထဲကို ဘာပစ္စည်းမှ ဝင်ရမယ်ဆိုတာ မရှိပါဘူး။ အများဆုံးဝင်နိုင်တာကတော့

    • မျက်လုံးရဲ့အနီးဆုံးမှာရှိနေတဲ့ မျက်တောင်၊
    • လေထဲက ဖုန်တွေ၊ သဲတွေ၊
    • ပိုးကောင်များတဲ့ရာသီမှာဆို ပိုးကောင်တွေ
    • အကျီမှာကပ်နေတဲ့ အမျှင်တွေ
    • အလှပြင်တဲ့သူတွေဆို Eye liner ၊ မျက်တောင်ကော့ဆေးတွေ၊ ပေါင်ဒါမှုန့် ၊မျက်နှာသစ်ဆေးတွေ နဲ့ ဝါဂွမ်းစတွေဝင်နိုင်ပါတယ်။

    အခြားအရာတွေ အတွက်နေရာလွတ်မရှိလောက်အောင် မျက်လုံးထဲမှာ သူ့နေရာနဲ့ သူ အားလုံးက အံဝင်ခွင်ကျဖြစ်နေတာပါ။ ဒါကြောင့် အပြင်က တစ်စုံတစ်ခု မျက်လုံးထဲဝင်လာတာနဲ့ တန်းသိကြတာဖြစ်ပါတယ်။ မျက်လုံးထဲမှာ တစ်ခုခုရှိနေတယ်ဆိုတဲ့ အသိက တကယ်ကိုခံစားရခက်တဲ့အရာတစ်ခုပါ။ ရုတ်တရက်ဆို ပြာသွားတတ်ပြီး လုပ်မိလုပ်ရာတွေလုပ်တတ်ကြလို့ ပိုဆိုးသွားတာတွေ အများကြီးပါ။ ဒါကြောင့် မျက်လုံးထဲ တစ်ခုခုဝင်ပြီဆိုတာနဲ့ ပြာမနေဘဲ ဘာတွေလုပ်ရမလဲ၊ ဘာတွေမလုပ်ရဘူးလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    မလုပ်သင့်တာများ။ ။

    • ဘာဝင်သွားမှန်း မသိသေးဘဲနဲ့ မျက်လုံးကို လက်နဲ့ အတင်းဖိပွတ်တာမျိုး မလုပ်ပါနဲ့။ မျက်ကြည်လွှာပွန်းသွားတတ်လို့ပါ။
    • မျက်လုံးထဲက ပစ္စည်းကိုထုတ်ဖို့ ဂွမ်းစသုံးတာတို့၊ အင်္ကျီစတို့ကို သုံးပြီးမျက်လုံးမျက်နှာပြင်ကို ထိတာမျိုး မလုပ်ပါနဲ့။
    • သင်က မျက်ကပ်မှန် တပ်တဲ့သူဆိုရင်တော့ မျက်ကပ်မှန်မချွတ်ဘဲ ဘာမှ မလုပ်ပါနဲ့။

    လုပ်သင့်တဲ့ ပြုစုနည်းများ။

    မှန်ရှေ့ကို ချက်ချင်းသွားပါ။ ကိုယ့်သာသာ ကြည့်လို့မရရင် သူများကို အကူအညီတောင်းပါ။ မျက်လုံး အပေါ်အောက်ဘေး နေရာမကျန် အကုန်လုံးကို သေချာကြည့်ပါ။

    ဝင်သွားတဲ့ ပစ္စည်းကို မြင်နေရရင်

    မျက်လုံးထဲဝင်နေတဲ့ အရာကို သင်မြင်ရပြီဆိုတာနဲ့

    • ဝမ်းသာအားရ မျက်လုံးထဲ လက်မထည့်လိုက်ပါနဲ့။ လက်ကို အရင်သန့်ရှင်းအောင် ရေနဲ့ ဆပ်ပြာနဲ့ဆေးပါ။ လက်သန့်ရင်ပြီးရောဆိုပြီး ရေမလိုလက်သန့်ဆေးရည်ကိုတော့ မသုံးစေချင်ပါဘူး။ လက်သန့်ဆေးရည်တွေဆိုတာ လက်ထဲမှာ တင်ကျန်နေတတ်တာမျိုးပါ။
    • မျက်လုံးထဲဝင်နေတာတွေ လည်ပြီး ပြန်ထွက်လာဖို့ဆို မျက်ရည်ရှိရပါတယ်။ ဒါကြောင့် မျက်တောင် ခဏခဏ ခတ်ေပးပါ။
    • အပေါ် မျက်ခမ်းအောက်မှာ ဝင်နေတယ်လို့ခံစားရရင် မျက်ခမ်းကို လှန်ပြီး ရှာပါ။
    • လုံးဝကို ရှာလို့မတွေ့တော့ဘူးဆိုရင် ရေဖလားထဲ ရေထည့်ပြီး ရေထဲမှာ မျက်လုံးကို မှိတ်လိုက် ဖွင့်လိုက် လုပ်ပေးပါ။ မျက်လုံးထဲဝင်နေတာတွေ ပြန်ထွက်သွားပါလိမ့်မယ်။

    အစိုင်အခဲတွေ မဟုတ်တဲ့ ဆပ်ပြာရည်တို့ ေခါင်းလျှော်ရည်တို့၊ ဓါတုပစ္စည်းအရည်တို့ဝင်သွားပြီဆိုရင်တော့

    • ဖလားထဲမှာ ရေထည့်ပါ။ ပြီးရင်အပေါ်ကနေ မျက်လုံးထဲလောင်းချပါ။ ဒါမှ မျက်လုံးထဲဝင်နေတဲ့ အရည်တွေ ရေနဲ့ အတူ စီးသွားမှာ ဖြစ်ပါတယ်။
    • တစ်ကြိမ်တည်းလုပ်ရုံနဲ့ မပြီးပါဘူး။ ၁၅ မိနစ်ကနေ နာရီဝက်ကြာအောင် ဆေးပေးနေရပါမယ်။
    • ဖလားထဲရေထည့်ပြီး မျက်လုံးမှိတ်လိုက်ဖွင့်လိုက် လုပ်တာမျိုးကို ဒီအချိန်မှာ မလုပ်သင့်ပါဘူး။ မျက်လုံးထဲကို ဝင်သွားတဲ့ ဓါတုပစ္စည်းအရည်တွေ ဖလားထဲကရေထဲမှာ ရောသွားနိုင်ပြီး ပိုဆိုးသွားနိုင်ပါတယ်။

    ဘယ် အချိန်မှာ ဆရာဝန်ဆီသွားသင့်လဲ။ ။

    • မျက်လုံးက မခံမရပ်နိုင်အောင် နာတာမျိုး၊ စူးပြီးအောင့်နေတာမျိုး
    • မျက်လုံးထဲဝင်သွားတာကို ဖယ်ပြီးတာတောင် မျက်လုံးက စပ်နေတာ၊ တစ်ခုခုထပ်ရှိနေသေးတယ်လို့ခံစားနေရာတာမျိုး
    • မျက်လုံးထဲ ဓါတုပစ္စည်းအရည်တွေ၊ ဖန်ကွဲစေတွ ဝင်တဲ့ အခါမျိုးဆို ဆရာဝန်ဆီ ချက်ချင်းသွားသင့်ပါတယ်။ ။

    မျက်လုံးဆိုတာ တကယ်ကို နူးနူးညံ့ညံ့ ကိုင်တွယ်ရမယ့် ကိုယ်ပေါ်က အစိတ်အပိုင်းတစ်ခုပါ။ အခန့်မသင့်လို့ဝင်လာတဲ့ ပစ္စည်းတွေကို မဝင်အောင်တားထားလို့မရပေမယ့် ပိုဆိုးမသွားအောင်တော့ ကာကွယ်လို့ရပါတယ်နော်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement